ထိုင်းမှာ လူငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးမည်
2024.10.31
ထိုင်းနိုင်ငံမှာ နှစ်ရှည် ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ထိုင်းမှာမွေးတဲ့ ကလေးတွေအပါအဝင် လူပေါင်း ငါးသိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး လူပေါင်း ၄၈၃,၀၀၀ ခန့် လာမဲ့ရက် ၆၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးဖို့ အဆိုပြုထားတဲ့ လူတွေကို အုပ်စု လေးခု ခွဲထားပြီး အဲဒီထဲမှာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူတွေ၊ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြား ရွှေ့ပြောင်းနေထိုင်သူတွေ၊ ထိုင်းနိုင်ငံမှာမွေးတဲ့ တိုင်းရင်းသားလူမျိုးရဲ့ ကလေးငယ်တွေနဲ့ အထောက်အထားမဲ့ မိဘတွေကမွေးတဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ Khaosod English သတင်းဌာနမှာ ဖော်ပြထားပါတယ်။
နှစ် ၂၀ ကျော် ထိုင်းနိုင်ငံမှာ နေထိုင်ပြီးဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကတော့ ထိုင်းနိုင်ငံသားသာ ဖြစ်သွားမယ်ဆိုရင် သူ့ရဲ့ကလေးငယ်ရှေ့ရေးအတွက် ပိုကောင်းမွန်သွားမဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါ တယ်။
“ဘယ်လိုအချက်အလက်တွေနဲ့ဆိုရင် ပေးမယ်ဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါကို စိတ်ဝင်စားတယ်ဆိုတာထက်လေ နိုင်ငံသားဖြစ်သွားတော့လည်း ကလေးအတွက် ပိုကောင်းသွားမှာပေါ့”
ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က အဲဒီလူ ငါးသိန်းနီးပါးဟာ ထိုင်းနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ခိုင်လုံတဲ့ စာရွက်စာတမ်းတွေရှိတာကြောင့် နိုင်ငံသားဖြစ်ခွင့် ပေးသင့်တယ်လို့ ပြောပါတယ်။
သူတို့ကို လွတ်လပ်စွာသွားလာခွင့်ပြုလိုက်ပြီး သူတို့ရဲ့ နေရပ်လိပ်စာ အချက်အလက်တွေကို မှန်မှန်ကန်ကန် မှတ်တမ်းတင်ထားနိုင်မှာဖြစ်သလို ထိုင်းနိုင်ငံအတွက်လည်း အကျိုးရှိစေမယ်လို့ ယူဆတယ်လို့ သူက ပြောပါ တယ်။
အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာ လွယ်လွယ်ကူကူဖြစ်စေဖို့ အစိုးရအဖွဲ့အနေနဲ့ စဉ်းစားနေပေမဲ့ လူ ငါးသိန်းနီးပါး နိုင်ငံသားဖြစ်ရေး ပြီးမြောက်ဖို့ ၄၄ နှစ်လောက် ကြာနိုင်တယ်လို့ ပြောထားပါတယ်။