ထိုင်းမှာ ယာဉ်တိုက်မှုကြုံရတဲ့ မြန်မာတွေ နစ်နာကြေးရဖို့ အခက်အခဲရှိ

RFA Burmese
2024.10.06
ထိုင်းမှာ ယာဉ်တိုက်မှုကြုံရတဲ့ မြန်မာတွေ နစ်နာကြေးရဖို့ အခက်အခဲရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တွင် ယာဉ်ကြောပိတ်ဆို့နေသည့် မြင်ကွင်းအား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေ ပိုပြားလာတာနဲ့အမျှ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်သေကျေမှုတွေလည်း ပိုများလာပြီး၊ အခုနောက်ပိုင်း နေ့စဉ်လိုလို ဖြစ်လာနေတယ်လို့ ယာဉ်တိုက်ခံရသူတွေကို အကူအညီပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့က ဦးမိုးကျော်က RFA ကို ပြောပါတယ်။

မကြာသေးခင်က လမ်းဖြတ်ကူးနေတဲ့ မြန်မာကျောင်းသားတစ်ဦး ယာဉ်တိုက်ခံရတဲ့ ဖြစ်ရပ်မှာ အဲဒီကျောင်းသားရဲ့ မိဘတွေက တရားမဝင်နေထိုင်သူတွေ ဖြစ်တဲ့အတွက် သက်ဆိုင်ရာကို မတိုင်ကြားရဲဘဲ ဆေးကုသစရိတ်လောက်ပဲ ပေးဖို့ တောင်းဆိုကျေအေးလိုက်ကြတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

အခုလိုပဲ မြန်မာနိုင်ငံသားတွေ ယာဉ်တိုက်ခံရရင် ရုံးရောက် ဂတ်ရောက်မှာ စိုးရိမ်တဲ့အတွက် ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ တရားဝင် အမှုဖွင့်မတိုင်ကြားဘဲ ရသလောက်နဲ့ ကျေအေးလေ့ရှိတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား နှစ်သန်းလောက်နဲ့ တရားမဝင်နေထိုင်တဲ့သူ သန်းပေါင်းများစွာ ရှိမယ်လို့ ခန့်မှန်းရတဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်စည်းကမ်းလိုက်နာမှု အားအနည်းဆုံးနိုင်ငံ စာရင်းထဲမှာ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် သိန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို နည်းအမျိုးမျိုးနဲ့ ရောက်လာနေကြပြီး လူဦးရေတိုးပွားလာတဲ့အတွက် မော်တော်ယာဉ် မတော်တဆမှုတွေမှာလည်း မြန်မာနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာနေပါတယ်။



ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် နစ်နာဆုံးရှုံးသူတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးရအောင် ကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ Road Accident Victims Protection Company ရဲ့ စာရင်းတွေအရ၊ ၂၀၂၃ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မြန်မာနိုင်ငံသား ၈ဝဝဝ ကျော်နဲ့ သေဆုံးသူ ၃၈ဝ အထိ ရှိခဲ့ပြီး၊ ဒါဟာ ၂၀၂၁ ခုနှစ်က ဒဏ်ရာရသူ ၁၄ဝဝ လောက်နဲ့ သေဆုံးသူ ၂ဝ၆ ဦး ကနေ တစ်ဟုန်ထိုး တက်လာတာ ဖြစ်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲ လူကုန်ကူးပြီး သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တွေက အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးတာ မခံရအောင် အန္တရာယ်များတဲ့ တောလမ်းတွေကနေ သွားတာ၊ အမြန်မောင်းနှင်တာတွေကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း အများအပြားပါဝင်နေတယ်လို့ အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။

ဒီလို လူကုန်ကူးတဲ့ မော်တော်ယာဉ်တွေ မဆင်မခြင်မောင်းနှင်မှုကြောင့် ထိခိုက်သေဆုံးမှုဖြစ်ရကြောင်း ထိုင်းရဲတွေဘက်က ထောက်ပြပြောဆိုတာ မရှိတဲ့အတွက် ယာဉ်မောင်းသူတွေ ဘက်ကလည်း ပြောင်းလဲလာတာ မရှိတဲ့အကြောင်း ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ Migrant working group က ကိုရီရော် မာနူချေ က RFA ကို ပြောပါတယ်။

မကြာခင်က ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ရွှေ့ပြောင်းလုပ်သားတွေ ထိခိုက်သေကျေမှုများတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပေမယ့်၊ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ထိုင်းရဲအရာရှိတစ်ဦးကတော့ ဘာပြဿနာမှ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဆက်စပ်တဲ့ ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့ ထိုင်းကုန်းလမ်းပို့ဆောင်ရေးဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံဘက်မှာ ထိုင်းရောက်မြန်မာတွေဆီက ပြန်ပို့ငွေကို မှီခိုနေရတဲ့ မိသားစုဝင်တွေ ရှိတာကြောင့်၊ ယာဉ်တိုက်မှုကြောင့် သူတို့ အလုပ်မလုပ်နိုင်တာဟာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် သေရေးရှင်ရေးဖြစ်ပါတယ်။ ထိုင်းဥပဒေအရဆိုရင် မတော်တဆမှုကြောင့် သေဆုံးခဲ့ရင် ဒါမှမဟုတ် ပြန်မကောင်းနိုင်တဲ့ ကိုယ်အင်္ဂါပျက်စီးမှု ဖြစ်သွားရင် ကာယကံရှင်နဲ့ ကျန်ရစ်သူ မိသာစုတွေဟာ ထိုင်းဘတ်ငွေ ငါးသိန်းအထိ နစ်နာကြေး ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလောက် ငွေပမာဏရဖို့ တင်ရတဲ့ စာရွက်စာတမ်းနဲ့လုပ်ရတဲ့ အဆင့်တွေကလည်း များပြားပါတယ်လို့ ကိုရီရော်က ပြောပါတယ်။

ဆက်နွှယ်သောသတင်းများ

ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ

ထိုင်းရောက် မြန်မာလူငယ်တွေကို စစ်ကောင်စီ ထပ်တိုးကန့်သတ်

ထိုင်းရောက် MOU အလုပ်သမား သုံးရာခန့် အလုပ်လက်မဲ့ ဖြစ်နေ


ထိခိုက်ဒဏ်ရာရတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကျန်ရစ်သူ ဆွေမျိုးမိသားစုဝင်တွေဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မရှိတာ၊ ဘာသာစကား အခက်အခဲနဲ့ ရုံးဌာနတွေမှာ ကြိုးနီစနစ်နဲ့ ဆောင်ရွက်ချက်အဆင့်ဆင့်ကို ဖြတ်သန်းရတာတွေ ကြုံရပါတယ်။

နောက်ဆုံး နစ်နာကြေးငွေ ချက်လက်မှတ် ရလာရင်တောင် ဘဏ်မှာ ဘဏ်အကောင့်တစ်ခုဖွင့်ပြီးမှ ငွေသားထုတ်လို့ရပါမယ်။ မြန်မာနိုင်ငံကနေ ပတ်စ်ပို့တွေ၊ အလုပ်လုပ်ခွင့်စာရွက်စာတမ်းတွေ ဘာမှမရှိဘဲ ရောက်လာတဲ့သူဆိုရင် ဘဏ်တွေက အကောင့်ဖွင့်မပေးတဲ့ ပြဿနာလည်း ကြုံရပါတယ်လို့ ကိုရီရော်က RFA ကို ပြောပါတယ်။ ဒီလို အခက်အခဲအမျိုးမျိုးကို မဖြတ်သန်းချင်ကြတာကြောင့် ယာဉ်တိုက်ခံရသူတွေဟာ သူတို့တကယ် ရသင့်ရထိုက်တဲ့ နစ်နာကြေးထက် အလွန်တရာနည်းတဲ့ ငွေနဲ့ပဲ ကျေအေးလိုက်ကြတာများပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ နစ်နာကြေးရဖို့ တရားရုံးမှာ တရားရင်ဆိုင်မယ်ဆိုရင်လည်း ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြသည့် အလုပ်သမားများအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြသည့် အလုပ်သမားများအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဒါ့အပြင် အခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ပရောက် မြန်မာတွေဆီက နည်းအမျိုးမျိုးနဲ့ ငွေညှစ်ယူဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်တွေကလည်း ထိုင်းရောက် မြန်မာတွေအတွက် ပိုပြီး ခက်ခဲစေပါတယ်။

အရင်ကဆိုရင် ဘန်ကောက်မြို့က မြန်မာသံရုံးဟာ ထိုင်းနိုင်ငံမှာ မတော်တဆမှု ကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေကို အကူအညီပေးပါတယ်။ လျော်ကြေးထုတ်ယူတဲ့နေရာမှာ လိုအပ်တဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မှတ်ပုံတင် စာရွက်စာတမ်းတွေကို မြန်မာသံရုံးက ထုတ်ပေးနေတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ ထိုင်းရောက် မြန်မာတွေကို အခွန်အခ နဲ့ ကြေးအမျိုးမျိုး တိုးမြှင့်ကောက်ခံလာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်ကစပြီး၊ ထိုင်းရောက် မြန်မာတွေဟာ ဝင်ငွေထဲကနေ အနည်းဆုံး ဘတ် ၆ဝဝ လောက်ကို စစ်တပ်ပိုင်ဘဏ်တွေကနေတဆင့် မဖြစ်မနေ မြန်မာနိုင်ငံကို ပြန်ပို့ရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုပြန်ပို့တဲ့နေရာမှာလည်း စစ်တပ်ပိုင်ဘဏ်တွေဟာ ပြန်ပို့ငွေတွေကို ပေါက်ဈေးထက် အများကြီးနိမ့်တဲ့ ငွေလဲနှုန်းနဲ့ မြန်မာငွေ ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

မတော်တဆမှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ သေဆုံးသူပေးဖို့ ကျန်နေတဲ့ အခွန်နဲ့ အခြားပေးဆောင်ငွေအမျိုးမျိုးကို ပေးပြီးမှပဲ သံရုံးကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးပါတယ်။ အရင်ကထက် ပိုပြီး ကုန်ကျစရိတ် များလာတဲ့အတွက် ထိခိုက်သေဆုံးသူတွေအတွက် နစ်နာကြေးရဖို့ ပိုခက်ခဲစေပါတယ် လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED က ဦးမင်းဦးက ပြောပါတယ်။

ဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံရုံးရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်လာတာ မရှိပါဘူး။

(RFA အင်္ဂလိပ်ဌာနမှ သတင်းဆောင်းပါးအား ကိုရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။