ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု မတွေ့ရသေးကြောင်း မြောက်ပိုင်းအဖွဲ့ တုံ့ပြန်
2024.11.07
တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသရင် ဆွေးနွေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (Mr. Li Qiang) နဲ့ နိုဝင်ဘာလ ၆ ရက် မနေ့က ကူမင်းမြို့မှာ တွေ့ဆုံချိန် ပြောကြားခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
"တရုတ်ဘက်က စကားပြောဖို့ ပြောတဲ့အခါမှာ သူ့ဘက်က အပြစ်လွတ်အောင် သူပြောတာပဲ”
မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့ အသင့်ရှိကြောင်းနဲ့ ဖြစ်ချင်တာကို ရှေ့တန်းတင်မဲ့အစား ဖြစ်သင့်တာကို လုပ်ဆောင်ကြဖို့လည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ဆိုတာ ဘယ်အချက်တွေလဲ ဆိုတာကိုတော့ စစ်ခေါင်းဆောင်က ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိပါဘူး။
ဆက်နွှယ်သော သတင်းများ
၁၀၂၇ စစ်ရေးရည်မှန်းချက်တွေ ဆက်အကောင်အထည်ဖော်မယ်လို့ လက်နက်ကိုင်တပ်တွေပြော
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး စစ်ဘေးဒုက္ခသည်တွေ မယုံကြည်
ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့
မြောက်ပိုင်းညီနောင်သုံးဖွဲ့မှာ ပါဝင်တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ငြိမ်းချမ်းရေး ဖိတ်ခေါ်နေတဲ့ စစ်ကောင်စီ ကိုယ်တိုင်က အမှန်တကယ် ငြိမ်းချမ်းရေး လိုလားသူဖြစ်ဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
"ကျွန်မတို့ သဘောထားပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖိတ်ခေါ်သူအားလုံး ပါဝင်ရမှာဖြစ်ပြီးတော့မှ နောက်တစ်ခုက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့သူသည်၊ ဖန်တီးတဲ့သူသည် ဒီငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာရှိဖို့လိုတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်နေတဲ့ ပုံစံမျိုးဖြစ်ဖို့လိုတယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးတဲ့အပေါ်မှာ ကျွန်မတို့ဘက်ကလည်း ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ကြေညာထားတာကိုလည်း ပယ်ဖျက်ရမယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ သူကျုးလွန်တဲ့ ရာဇဝတ်မှုကို ဝန်ခံပြီးမှ ကျွန်မတို့ ဆောင်ရွက်ဖို့ရှိပါတယ်"
စစ်ကောင်စီဘက်မှာ ယုံကြည်ရနိုင်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုမျိုး မတွေ့ရသေးဘဲ သူတို့ရဲ့ ပြောဆိုမှုတွေက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ထွက်ပေါက်ရှာတဲ့ သဘောသာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေသရွေ့ မြောက်ပိုင်းအဖွဲ့တွေဆီက ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ဘူးလို့လည်း လွေးယေဦးက ပြောပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" တစ်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့ကို သိမ်းယူထားပါတယ်။ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ AA နဲ့ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
လက်ရှိမှာတော့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ သီပေါမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း အရပ်သား ၃၄ ဦး သေဆုံးပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က နိုဝင်ဘာ ၃ ရက်နေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကိစ္စ ပြောကြားမှုအပေါ် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) သဘောထားအမြင်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်အပြင် တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
အလားတူ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေအတွင်းမှာလည်း ဇူလိုင်လကနေ အောက်တိုဘာလကုန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးနဲ့ စစ်သုံ့ပန်း ငါးဦး၊ စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့တယ်လို့ MNDAA က နိုဝင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုး အပါအဝင် မြို့ပေါင်း ရှစ်မြို့ကို MNDAA သိမ်းပိုက်ထားပြီး မြို့အုပ်ချုပ်ရေးစနစ်တွေကို အကောင်အထည်ဖော်နေတာပါ။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်မလိုလားဘဲ အပြစ်လွတ်အောင် ငြိမ်းချမ်းရေးစကား ပြောနေတာလို့ ဝေဖန်ပါတယ်။
“ပြသရမယ်ဆိုတော့ ဘာတွေလဲ။ သူဖြစ်စေချင်တာက သိမ်းထားတဲ့ နယ်မြေတွေပြန်ပေးရမယ်။ နောက် သူ ဟိုတလောက ကြေညာသလိုပေါ့ ဆွေးနွေးပွဲလာမယ်ဆိုရင် လက်နက်စွန့်ကြောင်း ကြေညာရမယ်။ ဒါမျိုးတွေ အများကြီးလေ သူက အဲဒီတောင်းဆိုချက်ပြည့်စုံမှ သူက စကားပြောမှာ။ အဲတော့ တရုတ်ဘက်က စကားပြောဖို့ ပြောတဲ့အခါမှာ သူ့ဘက်က အပြစ်လွတ်အောင် သူပြောတာပဲ”
မနေ့က ကူမင်းမြို့က တွေ့ဆုံပွဲမှာ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (Mr. Li Qiang) က သူတို့အနေနဲ့ မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပြည့်အဝ ထောက်ခံအားပေးကူညီသွားမှာဖြစ်သလို တရုတ်နိုင်ငံမှာ အခြေပြုပြီး မြန်မာနိုင်ငံရဲ့ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုတွေကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကူညီသွားမှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်းနယ်စပ် ဂိတ်တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီးတဲ့နောက်ပိုင်း စစ်ပွဲတွေရပ်ဖို့ တရုတ်အစိုးရက ဖိအားပေးနေတာတွေလည်းရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ကုန်တင်သွင်းတာတွေကို အောက်တိုဘာလကုန်ပိုင်းက စတင်ပြီး ပိတ်ပင်ကန့်သတ်လာပါတယ်။
အခုလို တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်းရပ်လာနိုင်တဲ့ အလားအလာရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“အဲတော့ ကျွန်တော် မြင်တာကတော့ ရေရှည်မှာ တရုတ်က ဖိအားရှိတယ်။ နောက် သူ့ဘက်က သူတို့ပြောတဲ့ ဖြတ်ငါးဖြတ်ပေါ့ဗျာ။ ဆိုတော့ ဒီလိုမျိုး နယ်စပ်က ကုန်စည်တွေ၊ တချို့အရေးကြီးတဲ့ ပစ္စည်းတွေစီးဝင်တာကို ဟန့်တားလိုက်လို့ရှိရင် ကျွန်တော် မြင်တာကတော့ ဒီမြောက်ပိုင်းမှာရှိတဲ့အဖွဲ့တွေက တဖြည်းဖြည်းနဲ့တော့ ကျွန်တော်တို့ တိုက်ပွဲတွေ ရပ်သွားနိုင်တဲ့ အလားအလာရှိတယ် ထင်ပါတယ်”
စစ်ခါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပထဦးဆုံးအကြိမ် ခရီးစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာလ ၆ ရက်ကနေ ၇ ရက်အထိ ကျင်းပပြုလုပ်မဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၅ ရက်နေ့ မနက်က ကူမင်းမြို့ကို ရောက်ရှိချိန်မှာ တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မနေ့က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံက တရားဝင်အစိုးရ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတဲ့ သဘောဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်။