ရခိုင်တိုက်ပွဲကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို UNHCR ကတ်ထုတ်ပေး
2025.01.08

ရခိုင်ပြည်နယ်ကနေထွက်ပြေးလာပြီး ကော့ဘဇားဒုက္ခသည်စခန်းတွေကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းကစလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က စာရင်းကောက်ယူပြီး ဒုက္ခသည်အဖြစ်အသိမှတ်ပြုကတ်တွေ ထုတ်ပေးနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
“UNHCR ရုံးမှာသွားပြီးတော့ ဓာတ်ပုံရိုက်မယ်။ UNHCR ရုံးကနေ စမတ်ကတ်ထုတ်ပေးတယ်။ အဲဒီကတ်နဲ့ WFP ရုံးမှာ စားဝတ်နေရေးထုတ်ယူလို့ရတယ်။ ဇန်နဝါရီအစ ဒီတစ်ပတ်မှာ စပြီးလုပ်ပေးနေတာပါ”
ဘာလုခါလီဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦး ပြောသွားတာပါ။
ဘယ်ရက်အထိ ထုတ်ပေးသွားမယ်ဆိုတဲ့ အချိန်အကန့်အသတ်တော့ မသိရသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့ ကနဦးခန့်မှန်းချက်တွေအရ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ခြောက်သောင်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်တွေ UNHCR စာရင်းဝင်သွားတဲ့အခါ ပိုကောင်းတဲ့အခြေအနေနဲ့ ထောက်ပံ့မှုတွေ ရလာနိုင်တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
“Biometric Identification ဆိုတာသည် သူတို့လက်ဗွေတွေဘာတွေ မှတ်ပုံတင်ပြီး သူတို့ကို လိုအပ်တဲ့ ကတ်ပြားထုတ်ပေးမယ်ပေါ့။ ဒီမှာဘယ်နှစ်ယောက်ရောက်လာလဲ။ ရောက်လာတဲ့သူတွေက သူတို့ထဲမှာ မှတ်ပုံတင်ထားပြီးသားရှိအောင် အဲလိုလုပ်နေတယ်လို့ သိရတယ်။ မှတ်ပုံတင်လိုက်ရင်တော့ တရားဝင် ဒုက္ခသည်ဖြစ်လာပြီလေ။ WFP မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေ ရိက္ခာပေးရမဲ့ တာဝန်ရှိလာပြီဆိုတော့ ရောက်နေတဲ့ ဒုက္ခသည်တွေ၊ ဒုက္ခရောက်နေတဲ့သူတွေအတွက်ပိုကောင်းလာမဲ့ အခြေအနေတစ်ခုတော့ ရှိပါတယ်”
ဆက်နွှယ်သောသတင်းများ
ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မျှော်လင့်ချက်
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်အသစ်တွေ အကူအညီ ကင်းမဲ့နေကြောင်း HRW ထုတ်ပြန်
သုံးလအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံ
လက်ရှိမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က တစ်လကို လူတစ်ဦးကို ၁၂ ဒေါ်လာထောက်ပံ့ပေးထားပါတယ်။ ရိုဟင်ဂျာတွေကတော့ ဒီပမာဏက လုံလောက်မှုမရှိလို့ တစ်လကို ဒေါ်လာ ၂၀ ကနေ ၃၀ ကြားတိုးပေးဖို့ တောင်းဆိုတာတွေရှိနေပါတယ်။
၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုခင်မောင်ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နောက်တိုးရောက်ရှိလာသူတွေရဲ့ စာရင်းဇယားရရှိအောင် ကောက်ယူခွင့်ပြုတာသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“သူတို့မှာ စာရင်းဇယားရှိဖို့လိုတယ်။ စာရင်းဇယားမရှိဘဲနဲ့ ဒီလူတွေဒီတိုင်းထားမယ်ဆိုရင် ဒီနိုင်ငံအတွက် မကောင်းဘူးဆိုပြီး စဉ်းစားပြီးတော့ အစိုးရက UNHCR ကိုခွင့်ပြုလိုက်တာ။ လူဦးရေ စာရင်းကောက်လိုက်ပါ။ သူတို့ကို ကတ်တစ်ခုထုတ်ပေးမယ်။ အဲလိုပုံစံမျိုးနဲ့ပြောလိုက်တာ”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်မှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စတင်ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ထပ်မံ ထွက်ပြေးကြသူတွေရှိသလို ၂၀၂၄ ခုနှစ်မှာတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအပါအဝင် စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် အလုံးအရင်းနဲ့ ထွက်ပြေးသူတွေ များလာခဲ့ပါတယ်။
လက်ရှိမှာ ကော့ဘဇားကစခန်းပေါင်း ၃၀ ကျော်မှာ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော် နေထိုင်နေကြပါတယ်။