သုံးလအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံ
2024.09.14
ပြီးခဲ့တဲ့ သုံးလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတာနဲ့အမျှ မြန်မာနိုင်ငံက ရိုဟင်ဂျာ နှစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးလာကြပြီး သူတို့ဟာ ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ ဒုက္ခသည် စခန်းတွေမှာ မနေကြဘဲ မြန်မာနယ်စပ်အနီး တက္ကနပ်ဖ်ခရိုင်မှာ အိမ်ငှားနေထိုင်ကြတယ်လို့ RFA ရဲ့ ညီနောင် သတင်းဌာန Benar News က သတင်းဖော်ပြပါတယ်။
တက္ကနပ်ဖ်ပြည်နယ် အုပ်ချုပ်ရေးအရာရှိ အက်ဒ်နန် ချောင်ဒရီက "ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် နဲ့ ကမ်းခြေစောင့်တပ်တွေက ရိုဟင်ဂျာတွေ ထပ်မလာနိုင်အောင် တားဆီးနေကြပါတယ်။ ဒါပေမဲ့ တချို့က ညသန်းခေါင်အချိန်လောက်မှာ နယ်စပ်ကို ဖြတ်ပြီး ဝင်လာပါတယ်" လို့ Benar News ကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် အသစ် ၁၆၀၀၀ လောက်ရှိမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ခန့်မှန်းပြီး၊ ရိုဟင်ဂျာ အရပ်ဘက် ခေါင်းဆောင် မိုဟာမက် ဂျူဘီရာကတော့ ပြီးခဲ့တဲ့ သုံးလအတွင်း ထွက်ပြေးလာတဲ့သူ အနည်းဆုံး နှစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။
အခုအပတ်အတွင်းမှာ Benar News သတင်းထောက်က တက္ကနပ်ဖ်ခရိုင်ထဲက မြို့ရွာတွေကို သွားရောက်လေ့လာခဲ့ရာမှာ ဒေသအာဏာပိုင်တွေ ပြောပြချက်အရ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာတွေ နေ့တိုင်းလိုလို ထပ်ရောက်လာနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က မောင်တောမြို့ကနေ ထွက်ပြေးလာတဲ့ မိုဟာမက် ဖာရွတ် ကာမယ် ဆိုသူက "ရခိုင်ပြည်နယ်မှာ တော်တော် အခြေအနေဆိုးနေပါတယ်။ ဆက်နေလို့ မဖြစ်တော့ပါဘူး။ စားစရာလည်း မရှိ၊ နေစရာလည်း မရှိ၊ နေထိုင်မကောင်းသူတွေကို ဆေးကုသစရာလည်း မရှိတော့ပါဘူး" လို့ Benar News ကို ပြောပါတယ်။
တဆက်တည်းမှာပဲ နယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားနေသူတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့တာကို သူကိုယ်တိုင် မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ စခဲ့ပြီး၊ ရှိတ်ဟာဆီနာ အစိုးရ ပြုတ်ကျခဲ့တဲ့နောက်၊ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတာကို အခွင့်ကောင်းယူပြီး ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြတာလို့ ဒုက္ခသည်အရေးကော်မရှင်နာမင်းကြီး မိုဟာမက် မဇူနာ ရာမန်က ပြောပါတယ်။
အခုအပတ် အစောပိုင်းကတော့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံမှာ နေရာချထားပေးရေး အမြန်ဆုံး ဆောင်ရွက်ကြဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။