သန်းခေါင်စာရင်းကောက်တဲ့ကာလ ရန်ကုန်မှာ လူငယ်နှစ်ဆယ်ကျော် ဖမ်းဆီးခံရ
2024.10.28
၂၀၂၄ သန်းခေါင်စာရင်းကောက်ခဲ့တဲ့ အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှာ ဆန္ဒပြလူငယ်တွေနဲ့ ထောက်ပို့လူငယ်တွေ အယောက် နှစ်ဆယ်ကျော် အဖမ်းခံထားရတယ်လို့ သပိတ်အင်အားစုဝင်တွေ က RFA ကိုပြောပါတယ်။
အဖမ်းခံထားရတဲ့သူတွေအထဲမှာ ကိုရှိန်းဝေအောင်နဲ့ ကိုပိုင်ဖြိုးမင်းတို့ရဲ့ နာမည်ကိုပဲသိရပြီး၊ ကျန်တဲ့လူငယ်တွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
"ပြည်သူလူထုရဲ့လွတ်လပ်ခွင့်တွေကို ချုပ်နှောင်နိုင်အောင် ဒီအတွက်ပဲ အကြမ်းဖက်စစ်အုပ်စုက အသုံးချမှာဖြစ်ပါတယ်”
သူတို့နှစ်ယောက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ သပိတ်အင်အားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့နှစ်ယောက်ကတော့ စစ်ကြောရေးမှာ ရောက်နေတယ်။ ကြားရတဲ့သတင်းက တော်တော်စိုးရိမ်စရာရှိပါတယ်။ စကစ ရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ပြောလို့တောင် မရအောင် ယုတ်မာတာပေါ့နော်"
မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရန်ကင်းနဲ့ ဒလမြို့နယ်တို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ အဖမ်းခံထားရတဲ့သူတွေထဲမှာ ဆယ်ဦးကျော်ကတော့ သပိတ်အဖွဲ့က မဟုတ်တဲ့သာမန်အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့ မနေယဉ်ယဉ်မြင့် ကို PDF တွေကို ထောက်ပို့လုပ်ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။
ဆက်နွှယ်သောသတင်းများ
အောက်တိုဘာလကုန်အထိ သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီကြေညာ
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း အချက်အလက်မမှန်နိုင်ကြောင်း လေ့လာသူတွေပြော
စစ်ကောင်စီသန်းခေါင်စာရင်း မြို့နယ်အချို့မှာ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရ
ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ စစ်တပ်က တာဝန်ယူရမယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International - AI) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ သူတို့မသင်္ကာတဲ့အိမ်တွေကို ရှောင်တခင် ဧည့်စာရင်းဝင်စစ်ပြီး သပိတ်အင်အားစုတွေကို ဖမ်းခဲ့တာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် အင်အားစုက တာဝန်ရှိသူ ကိုလီမွန်က ပြောပါတယ်။
“ရန်ကုန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်း စကောက်ပြီးနောက်မှာ သူတို့မသင်္ကာတဲ့အိမ်တွေကို ဧည့်စာရင်း အကြောင်းပြပြီး ဝင်ရောက်ရှာဖွေတာတွေ ဝင်ရောက်စစ်ဆေးတာကနေ တစ်ဆင့်ပဲ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ တက်ကြွလှုပ်ရှားသူတွေ အများကြီး ဖမ်းဆီးခံရတဲ့ အနေအထားရှိနေပါတယ်”
ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးတွေမှာပဲ စစ်ဆေးခံနေရတယ်ဆိုတာကိုပဲ သိရသေးတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံ ဖြေကြားတာ မရှိပါဘူး။
၂၀၂၄ သန်းခေါင်စာရင်း စကောက်ကတည်းက ရန်ကုန်မြို့မှာ ပုံမှန်ထက် လုံခြုံရေးတွေ တင်းကျပ်ထားသလို အရပ်ဝတ်ထောက်လှမ်းရေးတွေကလည်း သပိတ်ဖော်ဆောင်လေ့ရှိတဲ့ စျေးတွေ၊ လူစည်ကားတဲ့ လမ်းမတွေမှာ စောင့်ကြည့်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဆက်တိုက်ဖမ်းတာတွေ ရှိပေမဲ့ ဆန္ဒပြပွဲတွေရပ်သွားမှာ မဟုတ်ဘူးလို့ တကသ ကျောင်းသားဟောင်းများအင်အားစုကတာဝန်ရှိသူ ကိုနန်းလင်းက RFA ကို ပြောပါတယ်။
"ဘယ်လောက်ပဲ အဖမ်းခံရပါစေ အသက်နဲ့ ခန္ဓာတွေ ထိခိုက်ကျဆုံးမှုတွေရှိလည်း ကျွန်တော်တို့က အဲဒီအပေါ်မှာ အင်အားအဖြစ် ပြောင်းလဲပြီးတော့မှ နည်းလမ်းပေါင်းစုံ၊ ပုံစံပေါင်းစုံနဲ့ လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ၊ လူထုသပိတ်တွေကို ဒီကနေ့ဒီအချိန်အထိ ခိုင်ခိုင်မာမာကြိုးစားနေဆဲ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်"
၂၀၁၃ ခုနှစ် သန်းခေါင်စာရင်း ဥပဒေမှာတော့ သန်းခေါင်စာရင်း ကောက်ရာမှာ ရရှိတဲ့အချက်အလက်တွေကို၊ ဖမ်းဆီးအရေးယူတဲ့ ကိစ္စတွေအပါအဝင် အခြားနေရာတွေမှာ အသုံးပြုခွင့်မရှိဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပေမဲ့ လက်တွေ့မှာတော့ သန်းခေါင်စာရင်းကို အကြောင်းပြပြီး ဖမ်းတာတွေ ရှိနေတာပါ။
သန်းခေါင်စာရင်းဟာ နိုင်ငံရေးအရ လှုပ်ရှားလို့မရအောင် စစ်ကောင်စီက ရည်ရွယ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။
“အကြမ်းဖက်စစ်အုပ်စုရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ အကြောင်းအရင်းတွေထဲမှာ ဒီကိစ္စကလည်းတစ်ခုအနေနဲ့ ပါဝင်တယ်လို့ ဒီလိုပဲပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုရဲ့ ဒေတာတွေ၊ ပြည်သူလူထုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူပြီးတော့ နိုင်ငံရေးအရ လှုပ်ရှားမှုမရအောင် နောက်ပြီးတော့ ပြည်သူလူထုရဲ့လွတ်လပ်ခွင့်တွေကို ချုပ်နှောင်နိုင်အောင် ဒီအတွက်ပဲ အကြမ်းဖက်စစ်အုပ်စုက အသုံးချမှာဖြစ်ပါတယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၅ ရက်နေ့အထိ စာရင်းအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းတစ်ထောင်ကျော် (၂၁၀၃၇) ဖမ်းဆီးထိန်းသိမ်းခံ ထားရဆဲ ဖြစ်ပါတယ်။