ရှေ့တန်းက လူငယ်တွေအကြောင်း ပန်းချီရေး မှတ်တမ်းတင်နေသူ

RFA Burmese
2024.08.05
ရှေ့တန်းက လူငယ်တွေအကြောင်း ပန်းချီရေး မှတ်တမ်းတင်နေသူ စစ်အာဏာရှင် တော်လှန်သူ ရှေ့တန်းရောက် လူငယ်များ၏ ဘဝများအား မှတ်တမ်းတင်ရေးဆွဲသူ ပန်းချီဆရာ နေနီလှိုင်းခ။
Photo: RFA

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ ရှေ့တန်းက လူငယ်တွေရဲ့ ဘဝတွေကို မှတ်တမ်းတင်ရေးဆွဲပြီး "ဝါးရွက်စိမ်းများ’’ လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ဩဂုတ်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

"စစ်နဲ့ငြိမ်းချမ်းရေးပုံစံမျိုးပေါ့၊ ဒီဟာက ချိုးငှက်ရှိမယ်၊ နောက် လက်နက်ရှိမယ်၊ သံလွင်ခက်ရှိမယ်၊ ပဟေဠိနဲနဲဆန်လိမ့်မယ် ဘာဖြစ်လို့လည်းဆိုတော့ ချိုးငှက်ကပဲ ဒီသံလွင်ခက်ကို ချီလာတာလား၊ ဒီ PDF ကလေးဆီကပဲ သံလွင်ခက်ကို ပြန်ချီသွားမှာလားပေါ့နော် ဒါကတော့ ပဟေဠိဆန်မယ်"

ပန်းချီဆရာ နေနီလှိုင်းခဟာ တောတောင်ထဲ လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF လူငယ်တွေနဲ့အတူ ခြောက်လကြာနေခဲ့ပြီးတော့ ဒီလူငယ်တွေ ကြုံတွေ့ခံစားနေရတာတွေကို ပန်းချီအနုပညာနဲ့ ပုံဖော်ခဲ့တာပါ။

အဲဒီနောက် ထိုင်းနယ်စပ် မဲဆောက်မြို့ကို တက်လာပြီး ရန်ပုံငွေရဖို့အတွက် သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား ၁၈ ကား ရုံတင်ပြသခဲ့ပါတယ်။

"ဒီကားဆိုရင် အညာဒေသမှာ သံပိုက်လုံးလောက်ရှိတဲ့လက်နက်ပေါ့နော်၊ သေနတ်လို့တောင်ခေါ်လို့ မလွယ်တဲ့ လက်နက်နဲ့ပြန်တော်လှန်တဲ့ပုံစံမျိုးကို ပြချင်တာ၊ ကျွန်တော်နဲ့အတူ နေခဲ့တဲ့ ကျသွားတဲ့ ရဲဘော်လေးတစ်ယောက် သူ အမြဲတမ်း ညနေဆိုရင် ညည်းတယ်။ ဘာဖြစ်လို့ သူ့အသက်အရွယ်က ဆယ်ကျော်သက်ဖြစ်တယ်။ တကယ့်လူငယ်အချိန်လေး မြို့ပေါ်မှာဆိုရင် အေးအေးဆေးဆေးနေနေရမဲ့အချိန် တော်လှန်ရေးအတွက် လာပေးဆပ်နေတာကို ကျွန်တော်ဖော်ပြချင်တာ"


ဆက်နွှယ်သောသတင်းများ

တက်တူးပုံရိပ်တွေကို ပန်းပုပညာနဲ့ ပြန်လည်အသက်သွင်းသူ

ထောင်တွင်းအတွေ့အကြုံကို အနုပညာနဲ့ပုံဖော်ပေးသူ

ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပန်းချီနဲ့ပြသ


ပန်းချီဆရာ နေနီလှိုင်းခဟာလည်း စစ်တပ်အာဏာမသိမ်းခင်တုန်းက ရန်ကုန်မြို့ပေါ်မှာ အခြေတကျဖြစ်နေတဲ့ လူငယ်တစ်ယောက်ပါ။

ယဉ်ကျေးမှုတက္ကသိုလ်ကနေ ပန်းချီပညာအထူးပြုနဲ့ဘွဲ့ရခဲ့သူဖြစ်ပြီး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ၊ ပန်း ချီရေးတာ စတဲ့ အနုပညာလုပ်ငန်းတွေနဲ့ အသက်မွေးနေသူဖြစ်ပါတယ်။

"သာမန်အလုပ်လုပ်နေရတာ ဒီသာမန်ပုံစံမျိုးနဲ့နေရတဲ့ဟာက အဆင်မပြေဘူးပေါ့၊ စိတ်ပိုင်းဆိုင်ရာအဆင်မပြေဘူးဖြစ်လာတဲ့အခါ အော် ငါလည်း ဒီတော်လှန်ရေးထဲမှာ တစ်ခုခု တစ်တပ်တစ်အားတော့ ပါဝင်မှဖြစ်မယ်ဆိုပြီးတော့ စိတ်ပိုင်းဖြတ်ပြီးတော့ တပ်မဟာ ၆ ကို ရောက်သွားပါတယ်’’

အဲဒီလိုနဲ့ KNU တပ်မဟာ ၆ နယ်မြေထဲ ရောက်လာပြီး တခြားလူငယ်တွေလို လက်နက်မကိုင်နိုင်ပေမဲ့ သူတတ်တဲ့ ပန်းချီပညာနဲ့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ဖို့ ကြိုးစားနေတာပါ။

၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ပြပွဲအတွင်း တွေ့ရသည့် ပန်းချီဆရာ နေနီလှိုင်းခ ရေးဆွဲထားသည့် ပန်းချီကားတချို့။ (Photo: RFA)
၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ပြပွဲအတွင်း တွေ့ရသည့် ပန်းချီဆရာ နေနီလှိုင်းခ ရေးဆွဲထားသည့် ပန်းချီကားတချို့။ (Photo: RFA)

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သုံးရက်ကြာလုပ်ခဲ့တဲ့ မဲဆောက်က ပန်းချီပွဲမှာ ထိုင်းဘတ်ငွေ ငါးထောင်ကနေ ခုနစ်ထောင်ကြား သတ်မှတ်ပြီး သူ့ရဲ့ ပန်းချီကားတွေကို ရောင်းချခဲ့ပါတယ်။

"ကိုယ့်ဖာသာပဲရောင်းလိုက်မယ် ရောင်းပြီးတော့ အကျိုးအမြတ်ကို ဒီရဲဘော်တွေ ကိုယ့်အသိ ရဲဘော်တွေကိုပဲ Certificate မပေးနိုင်တဲ့ ရဲဘော်တွေတို့ ဘာတို့ ကိုယ့်အချင်းချင်းပဲ မျှသုံးမယ်ဆိုပြီးတော့ ဒီအတိုင်းပဲ ကိုယ့်ဘာသာစီစဉ်ပြီးတော့ စျေးကိုလည်း သင့်တင့်တဲ့စျေးလောက်ပဲ ထားပြီးတော့ အမြန် ရောင်းလိုက်တာပေါ့၊ ရာခိုင်နှုန်းတချို့တစ်ဝက်ကတော့ ရဲဘော်တွေဆီပဲ သွားလိမ့်မှာပေါ့"

ဝါးရွက်စိမ်းများလို့ နာမည်ပေးထားတဲ့ ပန်းချီဆရာ နေနီလှိုင်းခရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲမှာ ပန်းချီကား ၁၅ ကားထိ ရောင်းချခဲ့ရပါတယ်။

"တော်လှန်ရေးလုပ်တဲ့ ကလေးတွေကဆိုရင် မာလာပန်းတွေ အမြဲတမ်း ကျောမှာထိုးထားတာတွေ့ရတတ်တယ်၊ ဒီပန်းတွေကို သူတို့အရေးကြုံတဲ့အချိန်မှာ ငါးပိနဲ့တို့ပြီးစားကြတယ် အဲဒီဟာကို ဖွဲ့ထားတာ"

လက်နက်ကိုင်ရင်း အသက်ပေးသွားကြတဲ့ လူငယ်လေးတွေအတွက် သူရေးထားတဲ့ ပန်းချီကားတွေက မှတ်တမ်းတင်ကျန်ရစ်နေစေမယ်လို့ နေနီလှိုင်းခက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။