ထောင်တွင်းအတွေ့အကြုံကို အနုပညာနဲ့ပုံဖော်ပေးသူ
2024.06.23
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်အတွက် မြန်မာတွေရဲ့ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်းမြင်ခဲ့ရတဲ့ ထောင်တွင်းအတွေ့အကြုံနှစ်ခုကို အနုပညာနဲ့ ပုံဖော်ပေးခဲ့တဲ့သူဟာ ပြင်သစ်နိုင်ငံရောက် ပန်းချီအနုပညာရှင် ကို Wooh ပါ။ သူဟာ ၂ဝ၂ဝ တုန်းက ပါဂျောင် ဆိုတဲ့ ဖြစ်ရပ်မှန် Graphic Novel ကို ဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားပါတယ်။
_________
RFA : မစ္စတာရှောင်တာနဲလ်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ပန်းချီပြန်ဆွဲပေးဖို့ ဘယ်လိုစ ဖြစ်လာတာလဲ။
ကို Wooh : မြန်မာတွေအကြောင်းကို သူသိတယ်ပေါ့နော်။ မြန်မာပြည်ကို တကယ်ချစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကျမှ သူ မြန်မာဆိုတာကို လှိုက်လှိုက်လှဲလှဲ နက်နက်နဲနဲ နားလည်သွားရတဲ့ အဖြစ်အပျက် နှစ်ခုရှိတယ်တဲ့။ အဲဒီအဖြစ်အပျက်နှစ်ခုကို သူက illustrate လုပ်ချင်တယ်။ သူက လူရှာတာ ရှာရင်းရှာရင်းနဲ့ တခြားအဆက်အသွယ်တွေကနေတစ်ဆင့် ကျွန်တော့်ဆီကို ရောက်လာခဲ့တာပေါ့နော်။
RFA : ဆိုတော့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဇွန်လ ၉ ရက်နေ့က လုပ်ခဲ့တဲ့ မစ္စတာရှောင်ရဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုWooh ရဲ့ ပန်းချီကား နှစ်ကားထဲက တစ်ကားကို လေလံဆွဲခဲ့တယ်နော်။ အဲဒီပန်းချီကားရဲ့ နောက်ကွယ်က story ပြောပြပေးပါဦး။
ကို Wooh : မေရီလန်းမှာ လုပ်ခဲ့တဲ့ကားကတော့ ထောင်တွင်းက ဝန်ထမ်းတစ်ယောက်ကပေါ့နော်။ သူ့ဆီကို မုန့်တွေ လာပေးတယ်။ ဒါကို ဘယ်သူကပေးတာလဲပေါ့။ ဘယ်သူက ပေးတာလဲဆိုတော့ သေဒဏ်အကျခံထားရတဲ့ အကျဉ်းသားတွေ။ ထောင်ဝတ်စုံဆိုတာ သာမန်တော့ အပြာရောင်ပဲပေါ့နော်။ သူတို့တွေအကုန်လုံးက သေဒဏ်ကျ အကျဉ်းသားတွေဆိုတော့ လိမ္မော်ရောင် ဝတ်ထားကြတယ်။မကြာခင်မှာ သေဒဏ်ကျခံရတော့မယ့် သေမိန့်ပေးခံရတော့မယ့်သူတွေက သူ့ကိုလာပြီးတော့ အစားအစာပို့ခိုင်းတာ။ သူအရမ်းကို ခံစားသွားရတယ်တဲ့။ စာနာစိတ်တွေနဲ့ သူတို့လာပေးတယ်ဆိုတော့၊ ဒါကို သူက သရုပ်ဖော်ချင်တာပေါ့။ သရုပ်ဖော်ချင်တယ်ဆိုတော့ နည်းနည်းလေး ဇာတ်လမ်းနဲ့ ကွဲလွဲသွားတာတစ်ခုကတော့။ တကယ့်အပြင်မှာ အဖြစ်အပျက်ကတော့ သူဒီလူတွေကို မြင်ခွင့်မရဘူး။ ထောင်ဝန်ထမ်းက မုန့်ထုပ်လေး လာပေးတာပဲသိတယ်။ ဒါတွေကို သေဒဏ်ကျ အကျဉ်းသားတွေက ပေးလိုက်တယ်ဆိုတာပဲ သူသိတယ်ပေါ့။ သေဒဏ်ကျအကျဉ်းသားတွေကို သူမြင်တွေ့ ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်က illustrate လုပ်တဲ့အခါမှာ ကျွန်တော်တို့က စကားလုံးနဲ့ပြောလို့မရဘူးလေ။ illustrate ဆိုတာ ပုံတွေချည်းပဲ။ ဆိုတော့ ဒီအကျဉ်းသားတွေကိုလည်း ဖော်ပြဖို့လိုတယ်။ အဲဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ဒီရှေ့ မလှမ်းမကမ်းမှာပဲ အခန်းတစ်ခန်းမှာ လိမ္မော်ရောင်ဝတ်ဆင်ထားတဲ့ သေဒဏ်ကျ အကျဉ်းသားတွေရဲ့ ပုံစံမျိုးလေး ကျွန်တော်ထည့်ပြီးရေးလိုက်တယ်ပေါ့။
RFA : နောက်တစ်ကားက ဆန်ဖရန်စစ္စကိုပွဲမှာ ဇွန်လ ၁၆ ရက်နေ့က လေလံဆွဲခဲ့တာနော်။ အဲဒီကား အကြောင်းလေးလည်း ပြောပြပါဦးရှင့်။ အဲနှစ်ခုရဲ့ story က အတူတူပဲလားရှင့်။
ကို Wooh : ဒါကတော့ သူ ရုံးထုတ်တာပေါ့နော်။ တရားရုံးမှာ ရုံးထုတ်စဉ်ကာလမှာ ဒီအကျဉ်းကားနဲ့ အမြဲတမ်းပဲ ဒီအကျဉ်းထောင် အဝင်အထွက်လုပ်ရတယ်လေ။ သူအကျဉ်းကားပေါ်မှာ နိုင်ငံရေးနဲ့အစွဲခံထားရတဲ့ အကျဉ်းသားတွေအကုန်လုံးနဲ့ ပြည့်ကျပ်နေတာပေါ့နော်။ အဲဒီမှာ သူ့ဘေးနားမှာရှိတဲ့ ကလေးမလေးတစ်ယောက် ငယ်ငယ်လေးပဲ။ အဲဒီကလေးမလေးကနေ သူ့အမေပေးလိုက်တဲ့မုန့်လေး သူ့လာပေးတာ။ သူ့ကြည့်ရတာလည်း လူကောင်က သေးသေးလေ၊ ရှောင်က သေးသေးလေး။ ပြီးတော့နောက် အစားအသောက်ကလည်း မမှန်၊ ပြီးတော့ ဒီစိတ်ဖိစီးမှုဒဏ်နဲ့ အရမ်းဝိတ်က ကျနေတယ်။ အရမ်းကိုပိန်ပြီးတော့ပေါ့နော်။ ဆိုတော့ သနား ကရုဏာ စိတ် ပေါ်သွားတယ်ထင်တယ်။ နိုင်ငံခြားသားလည်းဖြစ်တယ်။ သူ့အမေပေးလိုက်တဲ့ မုန့်လေးကို သူကပေးတာ။ ဒါ စားပါဆိုပြီးတော့။ အဲဒါတွေကို ကျွန်တော်က သရုပ်ဖော်ထားတာ။ တစ်ကားက ကျွန်တော် လေးညတိတိ ရေးခဲ့တယ်။ လုံးဝ မအိပ်ဘဲ။ နောက်တစ်ကားကတော့ ငါးည ကြာတယ်ပေါ့နော်။
RFA : ဒီပန်းချီကားတွေ ဆွဲတဲ့အချိန်မှာ အရင်တုန်းကဆွဲတဲ့ ပန်းချီကားတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ခံစားမှုတစ်ခုခု ရှိခဲ့လား။ ဘယ်လိုအနေအထားမျိုးရှိခဲ့လဲရှင့်။
ကို Wooh : ပြောရရင်တော့ ကျွန်တော့်အတွက်က မထူးခြားဘူး။ ဘာလို့လဲဆိုတော့ ပြင်သစ်အသိုင်းအဝိုင်းမှာလည်း ကျွန်တော့်ကို နာမည်ပြောင်ပေးကြတာပေါ့။ Hell illustrator ဆိုပြီးတော့ ငရဲခန်းသရုပ်ဖော်သူ ဆိုပြီးတော့။ ဘာလို့ဆိုတော့ ကျွန်တော့် ဘဝ တလျှောက်လုံးမှာ ကျွန်တော်အများစုရေးခဲ့တဲ့ ကားတွေက လူသားတွေရဲ့ နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ ကျွန်တော်နာမည်ကြီးခဲ့တဲ့ စာအုပ်ပေါ့နော် ပါဂျောင်ပေါ့။ ပါဂျောင်ဆိုတာ၁၉၈၈ ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုပေါ့၊ မြောက်ပိုင်း ABSDF အဖွဲ့မှာရှိတဲ့ကျောင်းသားတွေ ထောင်သွင်းအကျဉ်းချပြီး ညှဉ်းပန်းနှိပ်စက်တဲ့ဟာတွေပေါ့နော်။ ဒါတွေ ကျွန်တော်ရေးခဲ့ရတာ။
RFA : မေရီလန်းပွဲမှာ ဒေါ်လာ ခြောက်ထောင်နဲ့ လေလံအောင်ခဲ့တယ်။ ဆန်ဖရန်စစ္စကိုမှာတော့ နှစ်ဆပေါ့။ ဒေါ်လာ ၁၂၀၀၀ လေလံတင်ပြီးတော့ရခဲ့တယ်ပေါ့။ စုစုပေါင်း ဒေါ်လာ ၁၈၀၀၀ ရခဲ့တယ်။ ဒီပမာဏက ဒီပန်းချီကားကို ရေးတဲ့သူတစ်ယောက်အနေနဲ့ပေါ့နော်။ မျှော်မှန်းထားတဲ့ ပမာဏလားရှင့်။
ကို Wooh : ဒါကျွန်တော်လုံးဝ မှန်းမထားဘူးပေါ့နော်။ ဒီပမာဏထိဖြစ်သွားလိမ့်မယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ အားလုံးက ပန်းနေကြပြီလေ။ ကိုယ်ကိုယ်တိုင်ကလည်း အနုပညာကလွဲပြီးတော့ပေါ့နော်။ တစ်ခြား နိုင်ငံတစ်ခုမှာ အခြေကျအောင် ရုန်းကန်နေရတဲ့အချိန်လေ။ ငွေကြေးအနေနဲ့ အများကြီး မပါဝင်နိုင်ဘူး။ တစ်လျှောက်လုံး ကျွန်တော့်ရဲ့အနုပညာနဲ့ ဆင့်ပွားပြီးတော့ ထွက်လာတဲ့ အင်အားတွေနဲ့ပဲ တောက်လျှောက်လုပ် ပေးနေရတာပေါ့။ ဆိုတော့ ကိုယ့်မှာ ဒါပဲတတ်နိုင်တယ်။ မမျှော်လင့်တဲ့ ပမာဏကြီးကြီးရတယ်။ ဆိုတော့ ငါအများကြီးလုပ်ပေးနိုင်တယ်ဆိုတဲ့ စိတ်ပေါ့နော်။ တကယ်ပီတိဖြစ်ရပါတယ်။
RFA : ဟုတ်ကဲ့ပါ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။
ကို Wooh : ဟုတ်ကဲ့ပါ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။