လူကုန်ကူးမှုတွေမှာ BGF ခေါင်းဆောင်တွေ ပါဝင်ပတ်သက်မှုမရှိကြောင်း BGF ငြင်းဆို
2025.02.11
ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်သုံးယောက်ကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စီစဉ်နေတာနဲ့ ပတ်သက်ပြီး သူတို့ဆီ ဆက်သွယ်အကြောင်းကြားလာတာ မရှိသေးသလို လူကုန်ကူးမှုတွေမှာ BGF ခေါင်းဆောင်တွေ လုံးဝပါဝင်ပတ်သက်မှုမရှိဘူးလို့ BGF ဘက်က ငြင်းဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားပါတယ်။
------------
RFA - အခုဒီထိုင်းဘက်ကနေပြီးတော့ ဖမ်းဝရမ်း ထုတ်ဖို့စီစဥ်နေတယ်ဆိုလို့လေ၊ BGF ခေါင်းဆောင် သုံးယောက်ပေါ့နော်၊ အဲဒီထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ ပါတယ်၊ ဒု ဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းပေါ့နော်၊ သူတို့ပါတယ်ဆိုပြီးတော့ သတင်းတွေတက်လာတာတွေ့ရလို့ပါ၊ အဲဒါနဲ့ ပတ်သက်ပြီး တော့ BGF အနေနဲ့ရော ဘာတွေသိရှိထားပြီလဲ။ ဘယ်လိုဆောင်ရွက်နေတာမျိုးရှိလဲ။
ဖြေ - လက်ရှိအနေအထားအရက သတင်းတွေမှာပဲ ဝေဝေဆာဆာဖော်ပြနေတာ တွေ့ရတယ်လေ၊ ဒီထိုင်းအစိုးရ ဘက်က ကျွန်တော်တို့ကို ဆက်သွယ်ပြီးတော့မှ ပြောလာတာလည်း မရှိသေးဘူးပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအစိုးရအနေနဲ့လည်း ကျွန်တော်တို့ကို ပြောလာတာလည်း မရှိဘူး။ သတင်းအပေါ်မှာကိုပဲ ကျွန်တော်တို့က ပြန်ပြောရမယ်ဆိုရင်တော့ ဒီဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ စွပ်စွဲချက်က ကျွန်တော်တို့ဘက်က ဘာအမှားတွေလုပ်မိလို့ ဒီလိုမျိုးစွပ်စွဲချက်တွေပေါ်ပေါက်လာတာလဲ၊ ထိုင်းနိုင်ငံအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုအမှားမျိုး ကျူးလွန်မိလို့လဲ၊ ဝေခွဲလို့မရဘူးပေါ့နော်။ ကျွန်တော်တို့ဘက်က အကြီးအကဲတွေက လက်ရှိမှာ လူမှောင်ခိုတိုက်ဖျက်ရေးမှာလည်း ထိထိရောက်ရောက် ဟန့်တားအရေးယူနိုင်ဖို့ ညွှန်ကြားချက်တွေ မပြတ်ပေးပြီးတော့မှ တောက်လျှောက်အလုပ်လုပ်နေတာတွေရှိတယ်လေ။ ဒီပေါ်မှာမှ ခုနလူမှောင်ခိုနဲ့ပတ်သက် တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာတော့ ကျွန်တော်တို့က အံ့သြမိတာပေါ့နော်။
RFA - ကျွန်မတို့တွေ့ရတာဆိုရင် ထိုင်းသတင်း မာတီချွန်းဆိုတဲ့သတင်းက ဒီနေ့တင်လိုက်တာမှာဆို လူကုန်ကူးမှုနဲ့ဆိုင်တဲ့အထောက်အထားတွေကို သူတို့ အစိုးရရှေ့နေထံ ဒီနေ့တင်ပြမယ်ဆိုပြီးတော့လည်း ရေးထားတာတွေ့ရတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရေးထားတဲ့တစ်ခုက Call Center Gang မှာ အိန္ဒိယနိုင်ငံသားကို ကယ်တင်ခဲ့ပြီးတဲ့နောက် တွေ့ခဲ့တဲ့သက်သေအထောက်အထားတွေကို တင်ပြမှာဆိုပြီးတော့ လည်း ရေးထားတယ်၊ ဆိုတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရော သိထားတာရှိလားရှင့်။
ဖြေ - မရှိဘူး။ ကျွန်တော်တို့ကတော့ ခုနပြောသလိုပေါ့၊ လူမှောင်ခိုခံရပြီးတော့မှ ကျွန်တော်တို့ ကယ်တင် ပြီးတော့ ပြန်ပို့ပေးခဲ့တာ လူနှစ်ထောင်ကျော်ရှိတယ်။ ကျွန်တော်တို့ တရားဝင်လည်းတစ်ခါ တံတား ( ၂ ) ပေါ် ကနေ တရားဝင် တရုတ်နိုင်ငံကနေ လေယာဥ်နဲ့ လာကြိုသွားတာတွေလည်း ရှိတယ်လေ။ နောက်ကြားထဲမှာ လည်း လက်ရှိလမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒီအိမ်နီးချင်းထိုင်းနိုင်ငံကို ကျွန်တော်တို့ အကြိမ်ကြိမ် လွှဲပေးခဲ့တာလည်း ရှိတယ်ပေါ့နော်။ ဒီတံတား ( ၂ ) ပေါ် ကနေ တရားဝင်ပြန်ပို့တာ မဟုတ်တော့ သတင်းထုတ်ပြန်မှုအပိုင်းမှာ အားနည်းချက်ရှိသွားတယ်ပေါ့၊ ဒါကတစ်ပိုင်းပေါ့နော်။ ပြီးတော့ အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေတဲ့အချိန်မှာတုန်းကလည်း ကျွန်တော်တို့ သက်ဆိုင်ရာသံရုံးကနေ ပြီးတော့မှ ပြည်ထဲရေးဝန်ကြီးဌာနကနေတစ်ဆင့် တိုင်းစစ်ဌာနချုပ် အဲကနေ ကျွန်တော်တို့ကို ဆက်သွယ် အကြောင်းကြားလာတဲ့ အပေါ်မှာလည်း ကျွန်တော်တို့ အကြိမ်ကြိမ်ပြန်အပ်ပေးခဲ့တာလည်း ရှိတယ်။ တောက်လျှောက်ပဲ ခုနှစ်တွေတော့ ကျွန်တော်တို့ပြန်ရေရတာ နည်းနည်းခက်တယ်။ မနက်ဖြန်ဆိုလို့ရှိရင်လည်း ဒုတိယအသုတ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၆၉ ဦးကို ဒီနေ့ဆို ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့စည်းကမ်း ထိန်းသိမ်းရေးကိုရောက်ပြီးတော့မှ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်နေကြပြီ။ ပြီးတာနဲ့ ပြန်ပို့ဖို့လုပ်နေတယ်။ ကြားထဲမှာက အစည်းအဝေးလုပ်တိုင်း,လုပ်တိုင်းမှာ ကျွန်တော်တို့အကြီးအကဲ တွေက သက်ဆိုင်ရာဆိုက်အသီးသီးမှာ ခုန မတရားညှဉ်းပန်းနှိပ်စက်ခံရတာတို့၊ လူမှောင်ခိုကိစ္စတို့ဖြစ်လာလို့ ရှိရင် ထိထိရောက်ရောက် အရေးယူဖို့ အမြဲတစေညွှန်ကြားနေတာရှိတယ်။ အဲအပေါ်မှာမှ ခုနက စွပ်စွဲခံရ တာတော့ တစ်မျိုးခံစားရတယ်ပေါ့နော်။
RFA - မနက်ဖြန်ဆိုတော့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြန်ပို့ဖို့စီစဥ်နေတယ်လို့ပြောလို့ရတာပေါ့နော်။
ဖြေ - မနက်ဖြန်ကတော့ ကျွန်တော်ထင်တယ် စစ်ဆေးမှုကတော့ မပြည့်စုံသေးလောက်ဘူးထင်တယ်။ တစ်ဦးတစ်ယောက်ချင်းစီကို မေးမြန်းနေရတဲ့အတိုင်အတာတွေရှိတာကိုးနော်။ ဘယ်ကနေလာတာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ဒီကိုရောက်လာတာလဲ၊ စစ်ဆေးမေးမြန်းနေရတဲ့အခါကျတော့၊ ဒါကတော့ ကျွန်တော်တို့အပိုင်း မဟုတ်တော့ဘူးပေါ့နော်၊ သက်ဆိုင်ရာ လဝက တို့၊ သက်ဆိုင်ရာရဲတပ်ဖွဲ့တို့၊ သတင်းတပ်ဖွဲ့တို့ စစ်ဆေးမေးမြန်း နေတာ၊ သူက နယ်စပ်ကနေတရားမဝင် ဝင်ရောက်လာတာဖြစ်တဲ့အတွက် နိုင်ငံတော်ကတော့ လက်ရှိအရေးယူမှု မလုပ်ဘဲနဲ့ ဖြေလျှော့တဲ့အနေနဲ့ သူတို့ကိုပြည်နှင်ဒဏ်ပေးတဲ့အမိန့်ကိုတော့ စောင့်ဆိုင်းရမှာပေါ့နော်။ အဲဟာကျလာပြီဆိုရင်တော့ ခါတိုင်း ပထမအသုတ်ပို့သလိုပဲ တံတား ( ၂ ) ကနေပြန်ပို့ဖို့စီစဥ်ထားပါတယ်ခင်ဗျ။
RFA - ဆိုတော့လေ ဒီဖမ်းဝရမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ ထိုင်းဘက်ကနေ တရားဝင်ပေါ့နော် စာနဲ့အကြောင်းကြားလာတာပဲဖြစ်ဖြစ် တေ့တေ့ဆိုင်ဆိုင် အကြောင်းကြားလာတဲ့အခါကျရင်ရော ဘာတွေဆက်လုပ်ဖို့စီစဥ်ထားတာမျိုး ရှိလဲ။ အခုဒီဟာနဲ့ပတ်သက်ပြီးရော စီစဥ်ဆောင်ရွက်နေတာမျိုး ရှိနေပြီလားရှင့်။
ဖြေ - လက်ရှိက ကျွန်တော်တို့က မြန်မာနိုင်ငံသားဖြစ်တယ်။ လက်ရှိအနေအထားရ ဒီဘက်က သက်ဆိုင်ရာ အစိုးရက ကျွန်တော်တို့ကို ဘာမှပြောဆိုလာတာမရှိသေးဘူး။ အဓိက ပြောချင်တာကတော့ဗျာ စွပ်စွဲတာကတော့ စွပ်စွဲလို့လွယ်ပါတယ်။ တကယ်မြေပြင်မှာ ပါဝင်ပတ်သက်နေသလား၊ မပတ်သက်နေသလားဆိုတာကတော့ ကျွန်တော်တို့ ကာယကံရှင်ကိုယ်တိုင်ပဲသိတယ်။ ဒီလူမှောင်ခိုကိစ္စတွေမှာ ကျွန်တော်တို့အကြီးအကဲတွေက ပါဝင်ပတ်သက်မှုလုံးဝမရှိဘူးဆိုတာတော့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ပြောရဲပါတယ်။
RFA - ကျေးဇူးပါရှင့်။
ဖြေ - ကျေးဇူးပါခင်ဗျ။