ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မယ်လို့ BGF တာဝန်ခံပြော
2025.01.22
ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးနယ်မြေတွေမှာ လူကုန်ကူးမှု၊ ဒုစရိုက်မှုတွေကို လုံးဝလက်မခံဘဲ အတိအလင်းတားမြစ်ထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာ ဖြစ်တယ်လို့ BGF က ဇန်နဝါရီ ၂၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်သရုပ်ဆောင် လူကုန်ကူးခံခဲ့ရပြီးနောက် ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေး မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံပူးပေါင်းလှုပ်ရှားမှုပြန်လုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ထုတ်ပြန်လာပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ၊ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။
_____
RFA - ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးတဲ့ နယ်မြေတွေမှာ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်ဆိုပြီးတော့ ဒီနေ့ BGF က သတင်းထုတ်ပြန်ထားတာတွေ့လို့ပါ။ ဒါနဲ့ပတ်သက်ပြီးတော့ အခုလက်ရှိရော ဘာတွေဆောင်ရွက်ထားပြီလဲရှင့်။
■ လူကုန်ကူးကိစ္စတွေကတော့ စလာတည်းကိုက ကျွန်တော်တို့ တားမြစ်ထားတဲ့အရာတွေဖြစ်တယ်။ သက်ဆိုင်ရာဆိုက်အသီးသီးကိုလည်း ကျွန်တော်တို့ အမိန့်ကြေညာစာထုတ်ပြန်ထားတာရှိပါတယ်။ ဒါတွေလုပ်လို့ရှိရင် လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်မယ်ဆိုတာလည်း ကျွန်တော်တို့ ကြိုပြောထားတာလည်း ရှိတယ်။ ဒီနောက်ပိုင်းမှာ ပိုပြီးတော့မှ ကျယ်ကျယ်လောင်လောင်ဖြစ်ပေါ်လာတဲ့အပေါ်မှာ ဒေသအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့ လက်ရှိအနေအထားအရပေါ့နော်၊ လူမှောင်ခိုတားဆီးရေးကိစ္စကို နံပါတ်တစ်ခြေလှမ်းအနေနဲ့ ကျွန်တော်တို့ ပထမစပြီး တိုက်ဖျက်ရေးအတွက်ကို အဖွဲ့တွေဖွဲ့ပြီးတော့ စတင်ဆောင်ရွက်နေပါပြီ။
RFA - ဒီထိုင်း-မြန်မာနယ်စပ်မှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံခဲ့ရတဲ့ကိစ္စနောက်ပိုင်းမှာမှ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးခံရတဲ့ကိစ္စတွေက ပိုပြီး ဟိုးလေးတကျော် ဖြစ်ခဲ့တာမျိုးလားရှင့်။
■ အမှန်ကတော့ ကျွန်တော်တို့က ဒီတရုတ်မင်းသားကိစ္စဖြစ်မှမဟုတ်ဘူး၊ တရုတ်မင်းသားမတိုင်ခင်မှာလည်း ကျွန်တော်တို့ဒီကိစ္စကို ဖိဖိစီးစီးလုပ်နေတာဖြစ်တယ်၊ ကြားမှာက ဒီလူမှောင်ခိုကိစ္စတွေက ကျွန်တော်တို့တပ်ဖွဲ့နဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘဲနဲ့ တစ်ဦးတစ်ယောက်ရဲ့ လူပွဲစားတွေ၊ လူမှောင်ခိုသမားတွေ အဲလိုနဲ့ ကြိုကြားကြိုကြား မကြာခဏ ဖော်ထုတ်ဖမ်းဆီးနေတဲ့ ရှေ့မှာဖြစ်စဥ်တွေလည်း အများကြီးရှိခဲ့ပါတယ်။ တရုတ်မင်းသားကိစ္စကျတော့ သူကဆယ်လီဖြစ်တော့ ပိုပြီးတော့ ဟော့ဖြစ်သွားတာပေါ့နော်။ ဒီကိစ္စဖြစ်ပြီးတော့ ကျွန်တော်တို့က ပိုပြီးတော့ သေသေချာချာတင်းကျပ်ပြီးတော့ ကိုင်တွယ်ရမယ့်အပိုင်းတွေဖြစ်လာတယ်။ လူမှောင်ခိုကိစ္စကနေ စပြီးတော့မှ ကျားဖြန့်ကိစ္စတွေ လျော့နည်းပပျောက်သွားအောင် အဲဒီစီမံချက်တွေလည်း ကျွန်တော်တို့အခုရေးဆွဲနေတာပေါ့နော်၊ ဒါကတော့ အချိန်နည်းနည်းယူရမှာပေါ့။
RFA - တရုတ်သရုပ်ဆောင်ဝမ်ရှင်းပျောက်တဲ့အချိန်မှာ ဘယ်လိုသိရှိခဲ့တာလဲ၊ ဘယ်လိုပြန်ပြီး ရှာတွေ့ခဲ့တာလဲ။ ဒါလည်း ပြန်ပြောပြပေးပါဦး။
■ ဒီတရုတ်မင်းသားကိစ္စကတော့ ၆ ရက်နေ့မှာ ထိုင်းဘက်က တာဝန်ရှိသူတွေရဲ့ အကြောင်းကြားချက်အရ ကျွန်တော်တို့သိရတယ်၊ တပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ ဒီမြဝတီမြို့က လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးရုံးက အဓိက ကိုင်တွယ်တာပေါ့နော်၊ ရုံးတွေကို ညွှန်ကြားချက်တွေပေးတယ်။ ပြီးတော့မှ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ဓာတ်ပုံတွေဖြန့်ပြီးတော့မှ ရှာဖွေရတာပေါ့နော်၊ အဲခါကျတော့ ဖလူးကြီးရဲ့ အပေါ်ဘက်ခြမ်း နေရာတစ်ခုကနေပြီးတော့မှ ရရှိလာတယ်လို့သိရတယ်။ အဲကနေမှ ကျွန်တော်တို့က သူ့ကိုခေါ်ပြီးတော့ ရွှေကုက္ကိုကနေပြီးတော့မှ ထိုင်းဘက်ကို ပြန်ပို့ပေးရတာပေါ့နော်။ အမှန်တကယ်ကတော့ ဒီဖြစ်စဥ်က ရွှေကုက္ကိုနဲ့တော့ ပတ်သက်ခြင်းမရှိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဆီကနေပြီးတော့ ရှာဖွေပြီးတော့ ပြန်အပ်ခဲ့တာပေါ့နော်။
RFA - ဒီတရုတ်သရုပ်ဆောင်ကို ခေါ်ဆောင်သွားခဲ့တဲ့သူတွေကိုရော ဘယ်လိုအရေးယူမှုတွေလုပ်ထားပြီလဲရှင့်။
■ လက်ရှိကတော့ ဒီဟာနဲ့ပါဝင်ပတ်သက်သူတွေကိုတော့ ကျွန်တော်တို့ လောလောဆယ်တော့ ထိန်းသိမ်းထားပါတယ်။ BGF စိုးမိုးနယ်မြေရှိသလို ကျွန်တော်တို့ရဲ့ မိတ်ဖက် DKBA စိုးမိုးတဲ့နယ်မြေတွေမှာလည်း ရှိတယ်လေ၊ သူ့တပ်ဖွဲ့ဆိုလည်း သူတို့ရဲ့စည်းမျည်းစည်းကမ်းနဲ့ သူတို့အရေးယူပေါ့နော်၊ ကျွန်တော်တို့တပ်ဖွဲ့လည်း ကျွန်တော်တို့စည်းမျည်းစည်းကမ်းနဲ့ ကျွန်တော်တို့အရေးယူ အဲလိုအပိုင်းလေးတွေရှိပါတယ်။
RFA - သရုပ်ဆောင်ဝမ်ရှင်းကို BGF စိုးမိုးနယ်မြေထဲမှာ ပြန်တွေ့ခဲ့တာလားရှင့်။
■ တခြားအဖွဲ့တွေ စိုးမိုးတဲ့နယ်မြေကနေတွေ့တာပါ။
RFA - ဆိုတော့ တခြားအဖွဲ့တွေက ဒီကိစ္စအပေါ်မှာ အရေးယူဆောင်ရွက်ထားတဲ့အခြေအနေကို BGF ကို အကြောင်းပြန်လာတဲ့သဘောလားရှင့်။
■ ဟုတ်ကဲ့။ အဲလိုမျိုးအကြောင်းကြားလာတာရှိပါတယ်။
RFA - အခုဆိုရင် ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေးအတွက်ပေါ့နော် တရုတ်အပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံတွေက ပူးပေါင်းပြီးတော့ ဒီ “ဇင်ယော်” လှုပ်ရှားမှုကို ဒီနှစ်ထဲမှာ ထပ်လုပ်ဖို့ရှိတယ်ဆိုပြီးတော့ ထုတ်ပြန်လာတာတွေလည်း ရှိတယ်ဆိုတော့ BGF အနေနဲ့ရော ဒီလိုမျိုးနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ယုံကြည်မှုရှိလား။
■ ရှိပါတယ်။ ကျွန်တော်တို့လည်း ဒီနေ့သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သဘောထားထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတာ မရှိစေရေးဆိုပြီးတော့၊ ဟို အရင်တုန်းကတော့ နယ်စပ်အပေါက်တွေက အများကြီးရှိတယ်လေ၊ အဲလိုမျိုးဝင်ရောက်နိုင်မယ့်အပေါက်တွေကို ကျွန်တော်တို့ဘက်ကလည်း အခုလိုက်လံပိတ်ဆို့ပြီးတော့မှ ထပ်ပြီးတော့ ဝင်ရောက်မလာနိုင်ရေး သက်ဆိုင်ရာ ကျွန်တော်တို့ နိုင်ငံတကာအစိုးရနဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံအသီးသီးက ဆောင်ရွက်မှုနဲ့သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ရှိပါတယ်။
RFA - ဒီမြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ပေါ့နော် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဖို့ဆိုပြီးတော့ NUG တို့ KNU တို့ အပါအဝင် တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ဇန်နဝါရီ ၂၀ ရက်နေ့က စာထုတ်ပြန်တောင်းဆိုလိုက်တာရှိတယ်ပေါ့နော်၊ ဒီအပေါ်မှာရော BGF အနေနဲ့ ဘယ်လိုသဘောထားရှိလဲရှင့်။
■ ဒါကတော့ ပူးပေါင်းသင့် ပူးပေါင်းထိုက်တဲ့ အဖွဲ့တွေနဲ့ဆို ကျွန်တော်တို့ကတော့ ပူးပေါင်းမှာပဲလေ။