လူငယ်ထူးချွန်ဆုချီးမြှင့်ခံရတဲ့ ရိုဟင်ဂျာ အမျိုးသမီး

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2025.01.13

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်အစိုးရက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူငယ်အမျိုးသမီးဆုရှင်တွေထဲမှာ မြန်မာနိုင်ငံဖွား ရိုဟင်ဂျာအမျိုးသမီးငယ် နူးရ် အဇီဇာ (Noor Azizah) လည်း ပါဝင်ပါတယ်။ သူဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်ဘဝမှာတင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ရိုဟင်ဂျာအမျိုးသမီးကွန်ရက် Rohingya Maìyafuìnor Collaborative Network ကို ပူးတွဲတည်ထောင်သူနဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရိုဟင်ဂျာအရေးလှုပ်ရှားမှုတွေနဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက မေးမြန်းတင်ပြထားပါတယ်။
________________


RFA: မနူးရ် အဇီဇာက ကလေးဘဝထဲက မလေးရှားဒုက္ခသည်စခန်းကနေ ဩစတြေးလျကိုရောက်လာခဲ့တယ်။ အခုဩစတြေးလျမှာလည်း ရိုဟင်ဂျာအရေး ထဲထဲဝင်ဝင်ဦးဆောင်လှုပ်ရှားနေတာ တွေ့ရတယ်။ ရိုဟင်ဂျာအကျပ်အတည်းကို အာရုံစိုက်လုပ်ဆောင်ဖို့ ဘယ်လိုအကြောင်းအရာတွေက တွန်းအားဖြစ်စေခဲ့တာပါလဲ။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအကြမ်းဖက်မှု လှိုင်းလုံးတွေဖြစ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကာလတွေမှာ ကျွန်မကိုမွေးခဲ့တာ။ အကြမ်းဖက်မှုတွေဖြစ်တော့ တစ်မိသားစုလုံး ရခိုင်ပြည်နယ်ကနေထွက်ပြေးလာခဲ့တယ်၊ မလေးရှားက Sabah လို့ ခေါ်တဲ့ အလွန်သေးတဲ့ ကျွန်းလေးတစ်ကျွန်းကို ကျွန်မတို့ရောက်သွားတယ်။ ကျွန်မဘဝရဲ့ ပထမ ရှစ်နှစ်ခွဲလောက်က အဲဒီမှာ ကလေးဒုက္ခသည်အဖြစ်နေခဲ့ရတယ်။ ကျွန်မတို့ ဒုက္ခသည်စခန်းမှာ မနေရပါဘူး။ နေရာအမျိုးမျိုးမှာ လှည့်ပတ်ပုန်းအောင်းနေ နေခဲ့ရတာ၊ စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေမှာ၊ တောတောင်တွေထဲမှာ ပုန်းအောင်းနေခဲ့ရတယ်။ မလေးရှားမှာ ကျွန်မတို့ဘဝတွေက မတည်ငြိမ်ဘူး။ ကျွန်မတို့က နိုင်ငံမဲ့ဖြစ်နေတာကြောင့် ဥပဒေရဲ့ အကာအကွယ်မရှိဘူး။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာတော့ ကျွန်မတို့မိသားစု ဩစတြေးလျမှာ ခိုလှုံခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ လွတ်လပ်ပြီဆိုတာ သိပေမဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအားလုံး လွတ်မြောက်မှ ကျွန်မတို့လွတ်လပ်သွားပြီလို့ ပြောလို့ရမယ်။ ရိုဟင်ဂျာ ၂ ဒသမ ၈ သန်းခန့်ဟာ တကွဲတပြားစီနဲ့ အများစုက အာရှနိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်ရှာဖွေနေကြတယ်။ အဲဒီထဲက ၁ ရာခိုင်နှုန်းလောက်ပဲ လွတ်လပ်ခွင့်ရနေပြီး ကျန်တဲ့ ၉၉ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားက ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်း၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အာရှနိုင်ငံတွေမှာ ပုန်းအောင်းနေထိုင်ကြပြီး အလွန်ဆိုးရွားတဲ့အခြေအနေတွေမှာ အကာအကွယ်ကင်းမဲ့စွာ နေကြရတယ်၊ ဒီလူတွေ လွတ်မြောက်သွားတဲ့အထိ ဆက်ပြီးပြောဖို့ တာဝန်ရှိတယ်လို့ မြင်တယ်။

RFA: လက်ရှိရိုဟင်ဂျာတွေရဲ့ အခြေအနေတွေအပေါ် ဘယ်လိုမြင်လဲ၊ သူတို့ရဲ့အနာဂတ်ကိုရော ဘယ်လိုသုံးသပ်နိုင်မလဲ။

ပြီးခဲ့တဲ့နှစ်က မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒီနီးရှားကို သွားခဲ့တယ်။ အင်ဒိုနီးရှားမှာဆိုရင် ရိုဟင်ဂျာတွေဟာ အစိုးရ နဲ့ UNHCR က စီမံပေးထားတဲ့ ဒုက္ခသည်စခန်းအနီးမှာနေထိုင်ကြတယ်၊ အဲဒီ ဒုက္ခသည်စခန်းမှာ ကလေး ၈၁ ယောက်ရှိပြီး အဲဒီကလေးတွေ ပညာသင်ကြားခွင့်မရကြဘူး။ အင်ဒိုနီးရှားမှာ လှေတွေနဲ့ရောက်လာတဲ့အခါ လူကုန်ကူးတဲ့ အဖွဲ့တွေရှိတယ်။ လှေပေါ်က အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရတယ်။ လူကုန်ကူးတွေရဲ့ မတရားပြုကျင့်မှုခံခဲ့ရပြီး ကိုယ်ဝန်ရလာတဲ့ ရိုဟင်ဂျာအမျိုးသမီး ငါးဦး ရှိခဲ့တယ်။ မနှစ်က ဘင်္ဂလားဒေ့ရှ်ကိုရောက်ခဲ့တယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် ရေကြီး မြေပြိုပြီး ကလေးငယ်တွေ သေဆုံးခဲ့တယ်၊ ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀၀ ကျော် အိုးအိမ်တွေ တဲ‌တွေ ဆုံးရှုံးခဲ့ဖူးတယ်၊ မလေးရှားကိုလည်း ဒီနှစ် အဖွဲ့လိုက်သွားခဲ့တယ်။ အမျိုးသမီးတွေကပြောကြတယ် အဲဒီမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခကြေးငွေ မတရားပေးရတယ်၊ အမျိုးသမီးတစ်ယောက်ဆိုရင် ကလေးမီးဖွားဖို့ အတွက် ရင်းဂစ် ငါးထောင် စပေါ်ငွေ တောင်းတယ်၊ အဲဒီအမျိုးသမီးက မပေးနိုင်ဘူး၊ မပေးနိုင်လို့ ပစ်ထားလို့ အဲဒီကိုယ်ဝန်နဲ့ အမျိုးသမီး ဆေးခန်းရှေ့မှာပဲ သေသွားတယ်။ ဒါက ရိုဟင်ဂျာအမျိုးသမီးတွေ ကြုံနေရတဲ့ အဖြစ်အပျက်ထဲက တစ်ခုပါပဲ။

RFA: ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံနေရတယ်။ အခုဖြစ်နေတဲ့ အကျပ်အတည်းရဲ့ မူလရင်းမြစ်က ဘာကြောင့်လို့ ထင်ပါလဲ။ ဘာကြောင့် ဒီလောက်ကြာကြာဆက်ဖြစ်နေတာလဲ။

အကျပ်အတည်းက ၈၂ နှစ်ကြာပြီ။ ကျွန်မတို့ကို မွေးရပ်မြေကနေ ပြင်းပြင်းထန်ထန် အကြမ်းဖက် မောင်းထုတ်ခံခဲ့ရတယ်။ လယ်မြေတွေ သိမ်းပြီး ရွာတွေ မီးရှို့ခံရတာတွေ ရှိခဲ့ဖူးတယ်။ မုဒိမ်းမှုကို နည်းပရိယာယ်အဖြစ် အသုံးပြုပြီး နှိပ်စက်တယ်။ နိုင်ငံသားဖြစ်ခွင့်ကို ဖယ်ရှားခဲ့တယ်။ မူလဇစ်မြစ်ကတော့ စစ်အာဏာရှင်တွေက သူတို့ရဲ့ စီးပွားရေးမက်လုံးတွေကြောင့် ရိုဟင်ဂျာတွေကို လုံးလုံးလျားလျား ဖယ်ရှားပစ်ချင်နေတာပါပဲ။ ၂၀၁၇ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၇၀၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ရိုဟင်ဂျာ ၂၄,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။ တစ်ခါ သာမန်လူထုနဲ့ တိုင်းရင်းသားလူမျိုးတွေဆီကနေ ထောက်ခံမှုရဖို့အတွက် ရိုဟင်ဂျာတွေကို အမုန်းစကားတွေ အချိန်အတော်ကြာကြာအသုံးချခဲ့တယ်။ ရိုဟင်ဂျာတွေကို ပြင်ပက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဘင်္ဂါလီတွေမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားအချို့မှာဆိုရင် ကျမတို့ကို တိရစ္ဆာန်တွေ၊ ကပ်ပါးပင်တွေ ၊ ဆူးတွေ အဖြစ် ဖော်ပြကြသည်။ ငါတို့က မည်းလွန်းတယ်လို့ ပြောတာ။ အဲဒီမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပြီး အဲဒါက နိုင်ငံမှာ သာမန်လိုဖြစ်သွားတယ်။ ရိုဟင်ဂျာ မုန်းတီးရေးအဖွဲ့တွေလည်း တွေ့ဖူးတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုဟာ အတော်လေးအောင်မြင်ခဲ့တယ်။ ၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်မကိုပြောကြတယ်။ ရိုဟင်ဂျာတွေအရေး ထုတ်ဖော်မပြောတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောပါတယ်။

RFA: ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ရိုဟင်ဂျာ တစ်သန်းကျော် ခိုလှုံနေကြတယ်။ သူတို့ရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေက ဘာတွေလဲ။

ရိုဟင်ဂျာကလေးတွေ ပညာအရမ်းနည်းပါးတယ်။ စခန်းမှာ ကလေးနဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ စခန်းမှာ မွေးပြီး အနှစ် ၂၀ လောက် စခန်းမှာနေခဲ့ကြတဲ့ ကလေးတွေလည်း ရှိတယ်၊ စခန်းမှာ အကြမ်းဖက်မှုတွေ တိုးလာတာ တွေ့ခဲ့ရတယ်။ အမျိုးသမီးနဲ့ ကလေးတွေဟာ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ နဲ့ အခွင့်အလမ်းနည်းပါးမှုတွေကြောင့် အလွန်အမင်း အသက်အန္တရာယ်ရှိတဲ့ မလေးရှားတို့ အင်ဒိုနီးရှားတို့ကို သွားဖို့ တွန်းအားဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာဆိုရင် အဲဒီလို ခရီးထွက်ရင်း ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော်ရှိတယ်

RFA: ရိုဟင်ဂျာဒုက္ခသည်တွေက နေရပ်ကို ဘေးကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်ချင်တယ်လို့ ပြောလေ့ရှိတယ်၊ သူတို့ပြန်လာဖို့ မြန်မာပြည်မှာ ဘာတွေလိုအပ်မယ်ထင်ပါလဲ။

လုံခြုံတဲ့ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ကျွန်မတို့လိုအပ်ပါတယ်။ အခုလောလောဆယ်မှာတော့ ရခိုင်မှာ တပ်မတော်နှစ်ရပ် အချင်းချင်းတိုက်ခိုက်နေတာတွေ့ရတယ်။ AA ကလည်း ကျွန်မတို့ ပြည်သူတွေအပေါ် မုဒိမ်းကျင့် သတ်ဖြတ်တာတွေလုပ်နေတယ်ဆိုတဲ့ သက်သေတွေ ရရှိထားတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတောင် သူတို့ရဲ့ခင်ပွန်းတချို့ ပြန်ပေးဆွဲ ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတွေဆီက သက်သေခံချက်အများအပြားရထားတယ်။ လှေနဲ့ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၈၂ ဦး၊ ခြောက်ဦးရဲ့ အသက်သာကယ်နိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ နိုင်ငံသားဖြစ်ခွင့်နဲ့ နေရပ်ပြန်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမှန်ကိုထုတ်ဖော်ပြောဆိုတဲ့ လုပ်ငန်းစဉ်တွေ လိုပါတယ်။

RFA: ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်ရိုက်ပြောခွင့်ရမယ်ဆိုရင် ဘာများပြောချင်ပါလဲ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ ဒီ့ထက်ပိုပြီးတော့ လိုအပ်ပါတယ်။ လူထုထောက်ခံမှုလည်း လိုအပ်တယ်။ ရိုဟင်ဂျာတွေက အကြောင်းမဲ့ ထွက်ပြေးတာ မဟုတ်ဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြန်မာပြည်ကနေ ထွက်ပြေးရတာပါ။ ဒါကြောင့် တိုင်းပြည်မှာ ဒီလိုဖြစ်ဖို့အတွက် ခွင့်ပြုထားတဲ့ အစိုးရတွေကို တွန်းလှန်ဖို့ လိုအပ်တယ်။ အာရှနိုင်ငံတွေက စစ်အာဏာရှင်နဲ့ အခြားတပ်ဖွဲ့တွေကို သူတို့ လက်နက်တွေရဖို့ နဲ့ ဘဏ်ငွေလွှဲမှုတွေ ခွင့်ပြုထားတယ်။ အဲဒီတော့ အစိုးရအနေနဲ့လည်း တာဝန်ခံဖို့ လိုတယ်။ ဒီလူမျိုးတုံးသတ်ဖြတ်မှုမှာ အခြားကျူးလွန်သူများလည်း ရှိနေတယ်။ ကျွန်မတို့ တခြားအရာတွေထက် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု အထူးလိုအပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။