မြန်မာအား အရေးပေါ်လုံခြုံရေးကိစ္စအဖြစ် ကိုင်တွယ်ဖို့ QUAD ကို တိုက်တွန်း

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ နယ်စပ်မတည်ငြိမ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ် လုပ်ငန်း၊ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပိုမိုကြီးထွားလာနေ။

အိန္ဒိယ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် မြန်မာအရေးကို အရေးပေါ်ကိစ္စအဖြစ် ကိုင်တွယ်ဖို့ QUAD နိုင်ငံတွေကို အရပ်ဖက်အဖွဲ့ ၆၆ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

People Movement Platform Myanmar နဲ့ India for Myanmar ဦးဆောင်ပြီး သွေးစွန်းငွေ လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)၊ Progressive Voice၊ ဗြိတိန်အခြေစိုက် Burma Campaign UK အပါအဝင် အရပ်ဖက်အဖွဲ့အစည်း၊ လူသားချင်းစာနာမှုကွန်ရက်နဲ့ တိုင်းရင်းသားအဖွဲ့ ၆၆ ဖွဲ့က မေလ ၂၃ ရက်နေ့မှာ QUAD အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲဒီ ပေးစာထဲမှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ နယ်စပ်မတည်ငြိမ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ မူးယစ်ဆေးဝါးကွန်ရက်နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ပိုမိုကြီးထွားလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ခန့် အစိုးရကို အတုအယောင်ရွေးကောက်ပွဲတွေက တစ်ဆင့် နိုင်ငံရေးတရားဝင်မှု မပေးဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ QUAD နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ပေးစာကို သွေးစွန်းငွေ လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)၊ Progressive Voice၊ ဗြိတိန်အခြေစိုက် Burma Campaign UK အပါအဝင် အဖွဲ့အစည်း ၆၄ ဖွဲ့က ထောက်ခံလက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအခြေအနေကြောင့် အဖွဲ့ ၇ ဖွဲ့ အမည်ကို မဖော်ပြထားဘူးလို့ ဆိုပါတယ်။

ရန်ကုန်က နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတစ်ခုထက် ကျော်လွန်ပြီး ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ပြဿနာတွေအထိ သက်ရောက်လာနေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုက အိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်လာနေတယ်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေဟာ ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်။ ဒါကြောင့် QUAD နိုင်ငံတွေက မြန်မာအရေးကို မဟာဗျူဟာကျကျ ပိုအလေးထားလာဖို့ လိုအပ်နေပြီဆိုတာကို ဒီအဖွဲ့တွေက ပြောချင်တာပါ”

People Movement Platform Myanmar ဟာ နွေဦးတော်လှန်ရေးအတွင်း ပြည်တွင်း၊ ပြည်ပ သပိတ်အင်အားစုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရောက် မြန်မာအစုအဖွဲ့တွေ စုဖွဲ့ထားတဲ့ လှုပ်ရှားမှုကွန်ရက်တစ်ခုဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။