ကိုးကန့် ‌ဝေမိသားစုဂိုဏ်းကို တရုတ် ခုံရုံးတင် စစ်ဆေး

ကိုးကန့် ကျားဖြန့်မိသားစု လေးဂိုဏ်းမှ ဝေမိသားစုကို လူသတ်မှု၊ ငွေကြေးလိမ်လည်မှု၊ အကျပ်ကိုင် ငွေတောင်းခံမှုစသည့် ဒုစရိုက်မှုမျိုးစုံနဲ့ တရုတ်တရားစွဲထား။

မြန်မာနိုင်ငံ ကိုးကန့်ဒေသက မိသားစု လေးဂိုဏ်းထဲက အမှုရင်ဆိုင်ဆဲ မိသားစုဂိုဏ်းထဲက ဝေမိသားစုက ခေါင်းဆောင် ဝေဟွိုင်ရန် ခေါ် ဝေစန်း ဦးဆောင်တဲ့ မိသားစုဂိုဏ်းဝင်တွေရဲ့ အမှုတွေကို တရုတ်တရားရုံးက အခုတစ်ပတ်မှာ စတင်စီရင်နေပြီလို့ တရုတ်အစိုးရသတင်းမီဒီယာတွေက မေလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီအမှုတွေထဲမှာ ခေါင်းဆောင် ကိုးကန့်နယ်ခြားစောင့်တပ် ၁၀၀၆ တပ်ရင်းဥက္ကဋ္ဌဖြစ်ခဲ့ဗိုလ်မှူးကြီး ဝေဟွိုင်ရန် (Wei Huairen) ခေါ် ဝေစန်း၊ ဝေချင်းဟော်(Wei Qingtao)၊ ဝေရောင်း(Wei Rong)၊ ဝေချင်းဆုန်(Wei Qingsong) တို့ဟာ တရုတ်နိုင်ငံသား ၈ ဦးသေဆုံးမှုအပါအဝင် တရုတ်ငွေ ယွမ် သန်း ၅ ထောင်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်လုပ်ကိုမှု၊ ယွမ်ငွေ သန်း ၉ ထောင်ကျော် တရားမဝင်လောင်းကစားလုပ်ကိုင်မှု မှုနဲ့ တရုတ်ငွေ ၁၉ သန်းကျော်ဝင်ငွေရှိခဲ့တဲ့ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ အမှုရင်ဆိုင်ရေဆဲလို့ ၂၀၂၅ အောက်တိုဘာ ၁၅ ရက်က တရုတ်ပြည်သူ့နေစဥ် သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရ မီဒီယာ CCTV က ဖော်ပြချက်အရ ဝေမိသားစုအနေနဲ့ ကိုးကန့်ဒေသမှာ ကိုယ်ပိုင် ရာဇဝတ်ဂိုဏ်း ထူထောင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ ပံ့ပိုး ကူညီမှုကို အသုံးချခဲ့တယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဝေဆန်းက တရုတ်အာဏာပိုင်တွေကို ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ ဝေစန်းဦးဆောင်တဲ့ ဝေမိသားစုအနေနဲ့ ကိုးကန့်ဒေသမှာ အာဏာရလာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်တပ်က ကိုးကန့်ဒေသထိန်းချုပ်ရေး ခေါင်းစဉ်အောက်မှာ လက်နက်အား၊ ငွေအား ထောက်ပံ့ပေးခဲ့တဲ့ နယ်ခြားစော င့်တပ်တွေကို အသုံးပြုပြီး ဒီတရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ခဲ့ကြတဲ့ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအခြေစိုက် မာဖီးယန်းဆန်ဆန် မိသားစုကြီး လေးစုက အကြီးအကဲတွေနဲ့အပေါင်းအပါတွေကို တရုတ်အဆင့်မြင့်တရားရုံးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းတွင်းမှာ အစုလိုက် သေဒဏ်ပေး စီရင်ခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနတွေကို ကြေညာခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်‌ဟောင်း ဦးမြီရှောက်ချန်း(Ming Xuechang)ရဲ့ သားနဲ့မြေး အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂိုဏ်းသား ၁၁ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က သေဒဏ်ပေးကွပ်မျက်လိုက်ပြီဟု တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကိုးကန့် ပယ်မိသားစုက မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးပယ်ဆောက်ချိန် (Bai Suocheng)ရဲ့ သား ပယ်ရင်ဆန်း (Bai Yingcang) ခေါ် ဦးခင်မောင်ဝင်းနဲ့ တခြား ၃ ဦးအပါအဝင် ၁၆ ဦး သေဒဏ်ပေးကွပ်မျက်ခံခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံ‌မြောက်ပိုင်း တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ မိသားစု လေးစုထဲက မြီနဲ့ ပယ်မိသားစုနှစ်ခုနဲ့ပတ်သက်တဲ့ အမှုတွဲအားလုံးကို အဆုံးသတ်စီရင်ပြီး လူ ၁၆ ဦးကို သေဒဏ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တရုတ်အစိုးရ ဗဟိုပြည်သူ့တရားရုံး (SPC)က သတင်းထုတ်ပြန်ခဲ့ပါတယ်။