အာဂျင်တီးနား ဖမ်းဝရမ်းကိစ္စ မစ္စတာကင်တားနားနဲ့ မေးမြန်းချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.02.22

■၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်မှုတွေအတွက် အာဂျင်တီးနား တရားရုံးကနေ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်တဲ့အထဲမှာ စစ်ခေါင်းဆောင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်နေတာဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေ မစ္စတာ သောမတ်ကင်တားနားက ပြောပါတယ်။ ဒီအမှုမှာ ရိုဟင်ဂျာတွေရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ မစ္စတာ ကင်တားနားကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
____

RFA : မင်္ဂလာပါ။ မစ္စတာ ကင်တားနား ခင်ဗျာ။ အခု အာဂျင်တီးနား တရားရုံးကနေ ထုတ်လိုက်တဲ့ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဟောင်း ဦးထင်ကျော်တို့ပါနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ RFA ကနေ ဒီအမှုကို တရားရုံးတင်ခဲ့တဲ့ ရိုဟင်ဂျာအဖွဲ့ကို မေးကြည့်တဲ့အခါမှာ ၂၀၁၉ ခုနှစ်က မူရင်း တိုင်ကြားချက်ထဲမှာ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်ကို ထည့်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ ဒီဆုံးဖြတ်ချက်ကို သူတို့ ပြန်သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ နေရာမှာ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်တွေကို ချန်လှပ်ခဲ့ဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ တကယ် ဖမ်းဝရမ်းထွက်လာတော့ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြလို့ ရမလား။

မစ္စတာ ကင်တားနား : ကျွန်တော့်အနေနဲ့ တရားရုံးမှာ တင်သွင်းခဲ့တဲ့ မြန်မာ ရိုဟင်ဂျာအသင်း ယူကေ (BROUK) ရဲ့ ရပ်တည်ချက်နဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြချင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ BROUK က တင်ခဲ့တဲ့ တိုင်ကြားစာမှာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းနဲ့ ၂၀၁၇ ခုနှစ်က အဖြစ်အပျက်တွေကို ဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေအားလုံးအတွက် တာဝန်ရှိနိုင်တဲ့ သူအားလုံးရဲ့ နာမည်တွေကို ထည့်ထားပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့ အမိန့်ထုတ်ခဲ့တာနဲ့ အမိန့်ကို အကောင်အထည်ဖော်ခဲ့တာအတွက် တာဝန်ရှိတဲ့ စစ်တပ်ကသူတွေ ပါပါတယ်။ နောက်ပြီး တာဝန်ရှိနိုင်တဲ့ အရပ်သားခေါင်းဆောင်တွေနဲ့ အခြားသူအားလုံးကိုလည်း ဒီစာရင်းထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ပထမဆုံးတင်တဲ့ တိုင်ကြားစာမှာ အာဂျင်တီးနား တရားရုံးက ဖြစ်စဉ်တစ်ခုလုံးကို အမှန်အတိုင်းသိဖို့ လိုတဲ့အတွက် အခုလို ထည့်ထားတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကနေ ဒီနေ့အထိ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် အထောက်အထားတွေ ပေးအပ်နေခဲ့ပြီး အာဂျင်တီးနားတရားရုံးနဲ့ ဆက်အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားရာမှာတော့ စစ်တပ်နဲ့ဆိုင်တဲ့သူတွေကိုပဲ ထည့်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်တပ်ရဲ့ ဖိနှိပ်မှုခံနေရတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကလည်း အခုမှ မဟုတ်ဘူး။ အရင်ကတည်းကပါ။ ကျွန်တော် မြန်မာနိုင်ငံကို သုံးကြိမ်သွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတူတဲ့ အခြေအနေ သုံးမျိုးအောက်မှာ တွေ့ဆုံခွင့်ရခဲ့တာပါ။ ကျွန်တော် သူ့အကြောင်း သိပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ အခု ကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာလည်း ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနား တရားရုံးက ဆောင်ရွက်မယ့် ပထမဆုံးအဆင့်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကိုပဲ ပစ်မှတ်ထားတာ ကောင်းလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါပေမဲ့ တရားရုံးဘက်ကတော့ ဒီလို မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းရေးလုပ်ခဲ့စဉ်က ဘယ်လို တုံ့ပြန်ခဲ့သလည်းဆိုတာ မေ့မထားဖို့ ပြောချင်ပါတယ်။ အဲဒီအချိန်က အရပ်သားအစိုးရဟာ စစ်တပ်အပေါ် ထိန်းချုပ်မှု မရှိဘူးဆိုပေမဲ့ တရားဝင် အနေနဲ့ကတော့ အရပ်သားအစိုးရပဲ ဖြစ်နေပါတယ်။ အဲဒီအချိန် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေ ကတည်း ရိုဟင်ဂျာတွေဟာ ဆိုးဝါးပြီး စနစ်တကျ ဖိနှိပ်ကန့်သတ်မှုတွေကို ခံနေခဲ့ရပါတယ်။ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကန့်သတ်ခံထားရတာ အဲဒီအချိန်ကတည်းက ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးမှာ မြန်မာစစ်တပ်နဲ့ စစ်တပ်က လုပ်ခဲ့တဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေကို ဘယ်လို ကာကွယ်ပြောဆိုခဲ့သလဲ ဆိုတာလဲ မမေ့သင့်ပါဘူး။ ဒီလို အကြောင်းပြချက်အားလုံးကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးကနေ ဖမ်းဝရမ်းထုတ်တဲ့ ၂၅ ဦးထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

RFA : ဒီ ဖမ်းဝရမ်းထဲကနေ အရပ်သားခေါင်းဆောင်တွေရဲ့ နာမည်တွေ ဖယ်ရှားပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကနေ တောင်းဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

မစ္စတာ ကင်တားနား : ပွင့်ပွင့်လင်းလင်း ပြောရရင် အခုအချိန်အထိတော့ ဒီဖမ်းဝရမ်းနဲ့ ပတ်သက်လို့ ပြောလာတာ အများစုက အားပေးထောက်ခံကြောင်းပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဆီကရော၊ ဗမာလူမျိုးတွေဆီကပါ အများစုက ဒီလိုပဲပြောကြပါတယ်။ ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ မက်ဆေ့တစ်စောင်မှာဆိုရင် ဒီဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ခဲ့ရင် အာဂျင်တီးနားတရားရုံးရဲ့ ဘက်မလိုက်မှုအပေါ် အမြင်မှားစရာ ဖြစ်လိမ့်မယ်လို့ ပြောထားတာရှိပါတယ်။ ပေးပို့လာတဲ့ မက်ဆေ့ အများစုက ဒီဖမ်းဝရမ်းကို ထောက်ခံကြောင်းပြောတာပဲ ဖြစ်ပါတယ်။ NUG နဲ့ အချို့သူတွေကတော့ ဖမ်းဝရမ်းကို လေ့လာသုံးသပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မထည့်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ရဲ့ ပြင်ပရောက်သွားပါပြီ။ ဒါက တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။ အာဂျင်တီးနားတရားရုံးဟာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံး ဖြစ်တာနဲ့အညီ စွပ်စွဲခံရသူတွေရဲ့ အခြေခံအခွင့်အရေးတွေကိုလည်း လေးစားလိုက်နာပါတယ်။ ဒါကြောင့် ရှေ့နေနဲ့ တိုင်ပင်ပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ အခွင့်အရေးရှိပါတယ်။ စာရင်းထဲက ထုတ်ပေးဖို့ကတော့ ကျွန်တော်တို့ လုပ်ပေးလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တရားရုံးနဲ့ တွေ့ဆုံစဉ်က တောင်းဆိုခဲ့ပါတယ်။ ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ပါနေရင် ရိုဟင်ဂျာတွေပဲ အပြစ်ပုံချ ခံရနိုင်တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးဘက်ကတော့ ဖြစ်စဉ် တစ်ခုလုံးနဲ့ အချက်အလက်တွေရဲ့ သမိုင်းကြောင်းကို ကြည့်ပြီး ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။

RFA : အခုလိုမျိုး စစ်ခေါင်းဆောင်တွေနဲ့ အတူတူ ဖမ်းဝရမ်းထဲမှာ ထည့်ထားတဲ့အတွက် အရပ်သားခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေမှာ အလားတူ တာဝန်ရှိတဲ့သဘော ဖြစ်မနေဘူးလား ခင်ဗျ။

မစ္စတာ ကင်တားနား : တရားရုံးဘက်က လုပ်ငန်းတွေ အခုမှ စတာ ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်တာက ပထမဆုံး အဆင့်ဖြစ်ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီရဲ့ တာဝန်ရှိမှု အမျိုးအစားနဲ့ သဘောသဘာဝကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့် အမြင်မှာတော့ စစ်တပ်ရဲ့ တာဝန်ရှိမှုနဲ့ အရပ်သား အစိုးရရဲ့ တာဝန်ရှိမှုက ကွာခြားတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလုပ်ဖို့ စီစဉ်ပြီး အမိန့်ပေးခဲ့တာရော၊ မြေပြင်မှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တာနဲ့ ရွာတွေ မီးရှို့တာလို လုပ်ရပ်တွေ ကျူးလွန်ခဲ့တာအတွက် တာဝန်ရှိတာ စစ်တပ်ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ တာဝန်ရှိမှုက ကွာခြားပါတယ်။ ဒီလူမျိုးတုံးသတ်ဖြတ်မှုမှာ အရပ်ဘက် အာဏာပိုင်တွေ ဘယ်လောက်အဆင့်အထိ ပါဝင်ပတ်သက်ခဲ့သလဲဆိုတာကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။

RFA : ဒီလို universal jurisdiction သဘောတရားနဲ့ တရားစွဲဆိုတဲ့ အမှုအများစုက တရားခံတွေကို ဖမ်းဆီးနိုင်တာ၊ လွှဲပြောင်းရယူပြီး၊ ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်တဲ့အဆင့်အထိ မရောက်တာ တွေ့ရပါတယ်။ ဒီအမှုအတွက်ရော ဘယ်လောက်အထိ ခရီးရောက်မယ် ထင်ပါသလဲ။

မစ္စတာ ကင်တားနား : ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေနေသရွေ့ ဒီအမှုက သွားလို့ရသမျှ ရှေ့ဆက်သွားနေမှာ ဖြစ်ပါတယ်။ တရားမျှတမှုဆိုတဲ့နေရာမှာ ကြားနာစစ်ဆေးမှုတွေကို အများပြည်သူတွေ ကြည့်ရှုနိုင်တဲ့ public trial အဖြစ် ကြည့်ရှုနိုင်မယ်။ ခံစားရသူတွေဘက်က သူတို့ကြုံခဲ့တာကို လာရောက် ထွက်ဆိုနိုင်မယ်။ ပြီးရင် တရားရုံးကနေ အပြစ်ရှိကြောင်း စီရင်ချက်ချနိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအမှုကြောင့် ရိုဟင်ဂျာတွေဟာ သူတို့ တရားမျှတမှု ရထိုက်တယ်။ ရအောင် ကြိုးစားလို့ ရတယ်ဆိုတဲ့ အသိတရားရစေပါတယ်။ အခုဆို နိုင်ငံတကာ အဆင့် ဖမ်းဝရမ်း ထုတ်နိုင်ခဲ့ပြီး၊ ဒီဝရမ်းက မကြာခင် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ဆီကို ရောက်တော့မှာပါ။ ဒါဆို နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ပါဝင်လာတော့မှာပါ။ နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးလည်း ပါဝင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ ကုလသမဂ္ဂကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံံသတ်ဖြတ်မှုနဲ့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ မှုခင်းတွေအတွက် ရှုတ်ချကြောင်း ကြေညာချက်တွေ နှစ်ပေါင်းများစွာ ထုတ်နေခဲ့ပါတယ်။ အခု ကမ္ဘာ့နိုင်ငံအားလုံး ဒီကြေညာချက်ထဲက ကတိကဝတ်တွေကို အကောင်အထည်ဖော်ရမယ့် အချိန်ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ဘယ်လို တိုးတက်မှု ရှိမလဲ။ ကျူးလွန်သူတွေ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဒီအမှုအတွက် ခုခံချေပဖို့ ပြင်ဆင်နိုင်အောင် စစ်တပ်ကနေ အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ဒီ အာဂျင်တီးနားတရားရုံးက အမှုကို ရင်ဆိုင်နိုင်အောင် သူ့ကို ပြန်လွှတ်ပေးဖို့အတွက်လည်း ကျွန်တော်တို့တောင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။