ရှေ့တန်းတိုက်ပွဲဝင်ရင်း လက်တစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးသူ
2024.08.31
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ မြန်မာ့ရိုးရာမုန့်တွေကို ရောင်းချရင်း နာမည်တစ်လုံးရနေသူကတော့ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုဘာဘူ လို့ခေါ်တဲ့ ကိုသီဟ ဖြစ်ပါတယ်။
သူဟာ PDF ရဲဘော်တစ်ယောက်ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်ထဲက ရှေ့တန်းတစ်နေရာမှာ မိုင်းမတော်တဆဖြစ်ခဲ့လို့ ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
မိုင်းထိပြီးတဲ့နောက် မဲဆောက်မြို့ပေါ်မှာ တစ်နှစ်နီးပါး နေထိုင်ရင်း ရေရှည်စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ သူ့တပည့် ရဲဘော် ခြောက်ယောက်တို့နဲ့အတူ အုန်းနို့သာကူပြင်၊ ငချိတ်ပြင်၊ ဒူးရင်းပြင်၊ ဒူးရင်းငချိတ်ပြင်၊ ချိစ်အာလူးဆနွင်းမကင်း၊ ချိစ်ငှက်ပျောဆနွင်းမကင်း၊ မုန်လာဥနီဆနွင်းမကင်း စတဲ့ မုန့်တွေကို အရသာကောင်းကောင်းနဲ့ တီထွင်ကာ လုပ်ရောင်းနေသူပါ။
အဲဒီမုန့်တွေ စတင်လုပ်ရောင်းချိန်ကတည်းက မဲဆောက်မြို့ပေါ်ရှိ မြန်မာအသိုင်းအဝိုင်းတွေရဲ့ အား ပေးမှုတွေကြောင့် နာမည်ရလာခဲ့တယ်လို့ ကိုဘာဘူက ဆိုပါတယ်။
“ဒီလို လုပ်ငန်းလုပ်မယ်ဆိုရင် အရင်းအနှီးအများကြီးလိုမယ် ကျွန်တော်တို့တွေ တစ်ခါတလေကျတော့လည်း ချေးငှားပြီးတော့ လုပ်လိုက် တစ်ခါတလေ အိမ်ကပေးတဲ့ဟာတွေ ကြာလာတော့ မြန်မာငွေစျေးနဲ့ကလည်း လုံးလုံးကြီးအခြေအနေက မဖြစ်တော့၊ ဒီမှာလည်း အတူနေတဲ့ကလေးတွေကလည်း အိမ်က ပြန်တောင်းသုံး အဲလိုမျိုးဖြစ်ရတဲ့အခါမှာ နောက်ပိုင်းကျတော့ စားဝတ်နေရေးအဆင်ပြေအောင် တစ်ခုခုကို ငါတို့စုပြီး လုပ်ကြမယ်၊ ကိုယ်က အစားသမားဆိုတော့ ဒါလေးစမ်းလုပ်ပြီး စားကြည့်တယ်၊ စားကြည့်တော့ အိုကေတယ်”
ရန်ကုန်မြို့ဇာတိဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းတာကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ရင်းကနေ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
“ကျွန်တော်ကတော့ အစောကြီးကတည်းက ဒီလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့အချိန်မှာ ၉၀ ရာခိုင်နှုန်းလောက်က အသက်ရှင်ဖို့ မလွယ်ဘူးပေါ့၊ ကျန်တဲ့ ကံကောင်းထောက်မစွာ ၁၀ ရာခိုင်နှုန်းမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိမယ်၊ တစ်ခုခုပေါ့ အသက်ဘာမှ မဖြစ်ဘဲလည်း အသက်ရှင် ကျန်ရစ်တာလည်းပဲ”
၂၀၂၂ ခုနှစ် ၅ လပိုင်း အချိန်လောက်က ကရင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ မိုင်းမတော်တဆဖြစ်ရင်း ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။ သူ့လိုပဲ တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါတစ်ခုခု ဆုံးရှုံးခဲ့သူတွေ စိတ်ဓာတ်မကျဘဲ ဘဝကိုဆက်လက်ရှင်သန်နိုင်မယ့် နည်းလမ်းတွေ ရှာကြံသင့်တယ်လို့ တိုက်တွန်းပါတယ်။
“စိတ်ဓာတ်ကျနေတဲ့ ရဲဘော်တွေလည်း ကျွန်တော့်ကို ကြည့်ပြီးတော့၊ ကျွန်တော်ဆို ဘာကောင်မှ မဟုတ်ဘူး၊ ဘာမှ မတတ်ဘဲနဲ့ ထလုပ်တာ၊ သူတို့ လုပ်ချင်တဲ့ဟာတွေရှိရင် တိုင်ပင်လို့ရတယ်၊ ဆွေးနွေးလို့ရတယ်၊ ကိုယ်ဘာဝါသနာပါလဲ၊ နောက်ဆုံး ကွန်ပျူတာ ဂရပ်ဖစ်တို့၊ တစ်ချို့ဆိုလည်း ခြေထောက်ပြတ်နေပေမဲ့ လက်တွေဘာတွေ သုံးလို့ရနေသေးတယ်ဆိုရင် ကွန်ပျူတာပိုင်း သုံးလို့ရမလား၊ နောက်ဆုံးကွာ ကျွန်တော့်အသိတွေထဲမှာ ဝှီးချဲပေါ်နေပြီးတော့ ဟင်းချက်ရောင်းနေသူတွေရှိတယ်၊ သူက ဘေးကနေ ပြောနေတယ်၊ ဘာဘာလုပ်ဆိုတာမျိုး၊ အဲလိုမျိုးလူတွေကလည်း ကျွန်တော့်ရဲ့စိတ်ခွန်အားပဲ”
အခုဆိုရင် ကိုဘာဘူရဲ့မုန့်တွေဟာ ထိုင်းနိုင်ငံထဲက ချင်းမိုင်၊ ဘန်ကောက် စတဲ့မြို့တွေအထိ ပို့နိုင်နေပြီဖြစ်သလို နောက်ပိုင်း ထိုင်းလူမျိုးတွေကပါ အရသာကောင်းတယ်ဆိုပြီး အော်ဒါအမှာတွေ ပိုတိုးလို့ရနေပြီလို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း
ပန်းချီဆွဲ တက်တူးထိုးပြီး တော်လှန်ရေးကို ထောက်ပံ့ကူညီနေသူ စောစေးဝါး
ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က တစ်နပ်စာ ထပ်တိုးချဲ့ဖို့စီစဉ်
ကိုဘာဘူကတော့ သူ့ကို နမူနာကြည့်ပြီး စိတ်ဓာတ်ကျနေတဲ့ ရဲဘော်တွေကို စိတ်ခွန်အားတွေရစေချင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော့်လို ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေ ဒီဖက်မှာ အများကြီးပဲရှိတယ်၊ သူတို့ကိုယ်သူတို့ သူတို့ ဘဝကြီးကို ဒုက္ခိတဖြစ်သွားလို့ ငါ့ဘဝကြီး ဆုံးသွားပါပြီ အဲလိုမျိုး တွေးထင်နေကြတယ်ပေါ့၊ အဲလိုလူမျိုးတွေအတွက်ကို စိတ်ဓာတ်ခွန်အားပေါ့ ပေးချင်တယ်၊ ကျွန်တော်ကိုယ်တိုင်က ကာယကံရှင်ဆိုတော့ သူတို့ရဲ့စိတ်ခံစားချက်ကို နားလည်တယ်၊ ညီလေး၊ သူငယ်ချင်း မင်းတို့ဘဝက ဆုံးတာမဟုတ်ဘူး၊ ဒါလုပ်နေတဲ့အချိန်မှာ သူတို့ အဲလိုတစ်ခုခု လုပ်နေရတဲ့အချိန်မှာ ဒီဘက်ကို စိတ်မရောက်တော့ဘဲ အလုပ်ထဲမှာပဲ၊ သူတို့ရဲ့စိတ်က အကုန်လုံးမဟုတ်တောင် ၅၀ ရာခိုင်နှုန်းလောက်က ပြေလျော့သွားမယ်လို့တော့ တွေးမိတယ်”
စစ်အာဏာရှင်ကို တော်လှန်ရင်း လက်တစ်ဖက် ဆုံးရှုံးခံလိုက်ရပေမယ့် မုန့်လုပ်ရင်းကနေရလာတဲ့ အကျိုးအမြတ်တွေထဲက တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေတယ်လို့ ကိုဘာဘူက ဆိုပါတယ်။
တော်လှန်ရေးပြီးဆုံးတော့မယ့် လမ်းစမြင်နေပြီဖြစ်လို့ ကိုဘာဘူရဲ့ ရင်ထဲက စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆိုတဲ့ဆန္ဒတွေ အကောင်အထည်ပေါ်လာပြီမို့ ဝမ်းသာနေသလို တော်လှန်ရေးအမြန်ပြီးဆုံးဖို့အတွက်လည်း လက်ရှိထောက်ပံ့ကူညီမှုတွေကို လုပ်ဆောင်ပေးနေဆဲဖြစ်ပါတယ်။