ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က တစ်နပ်စာ ထပ်တိုးချဲ့ဖို့စီစဉ်

RFA Burmese
2024.07.22
ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က တစ်နပ်စာ ထပ်တိုးချဲ့ဖို့စီစဉ် ထမင်းတစ်နပ် ၁၅ ဘတ်နှင့် ပို့ဆောင်ရောင်းချပေးရန် စီစဉ်နေသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Photo: RFA


စစ်ကောင်စီကို တော်လှန်တဲ့အထဲမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေကြတဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က မနှစ်က ဩဂုတ်က စတင်ပြီး ရောင်းချပေးခဲ့တာ အခုဆို တစ်နှစ်နီးပါးရှိပါပြီ။

လက်ရှိပေါက်ဈေးနဲ့ဆို ထမင်းတစ်နပ်ကို မြန်မာကျပ်ငွေ တစ်ထောင့်ရှစ်ရာလောက်နဲ့ ညီမျှတဲ့ ဒီအစီအစဉ်အတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံရောက် ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့သူတွေက ရန်ပုံငွေ မတည်ပေးတာပါ။

စစ်ကောင်စီကို တော်လှန်ရင်း ပြည်တွင်းမှာဆက်နေလို့မရတော့လို့ မဲဆောက်မြို့မှာ လာရောက်ရှောင်တိမ်းသူတွေအဖို့ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲများစွာကြုံရပါတယ်။

ထမင်းတစ်နပ် ၁၅ ဘတ်နှင့် ပို့ဆောင်ရောင်းချပေးရန် ချက်ပြုတ်နေသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။
ထမင်းတစ်နပ် ၁၅ ဘတ်နှင့် ပို့ဆောင်ရောင်းချပေးရန် ချက်ပြုတ်နေသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။

ဒါကြောင့် နွေဦးတော်လှန်ရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေးတဲ့အနေနဲ့ ထမင်းတစ်နပ်ကို ၁၅ ဘတ်နှုန်းနဲ့ အရှုံးခံရောင်းချပေးနေပေမဲ့ တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ အဖွဲ့ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

"ကျွန်တော်တို့ ရည်ရွက်ချက်တွေ ပေါက်မြောက်အောင်မြင်ပါတယ်၊ ထပ်တိုးပြီးတော့ အခု တစ်နှစ် မကြာခင်မှာပြည့်တော့မယ်ပေါ့နော်။ ကျွန်တော်တို့က ဘာစဉ်းစားလဲဆိုတော့ တို့ကံစမ်းမဲလေး လုပ်ကြရအောင်ပေါ့နော်၊ ကံစမ်းမဲကရတဲ့ အကျိုးအမြတ်လေးနဲ့ ဒီဘက်မှာ ကျွန်တော်တို့လုပ်ချင်တဲ့ ရည်ရွယ်ချက်လေးပေါ့နော်၊ ထပ်ချဲ့ချင်တာပေါ့၊ ထပ်ချဲ့ချင်တဲ့အခါကျတော့ အခုဟာက တစ်ပတ်မှာ သုံးရက် သုံးနပ်၊ တစ်ပတ်မှာ လေးရက် လေးနပ်ပေါ့ဗျာ၊ အဲဒီအတွက်လည်း ရည်ရွယ်ပြီး ဆောင်ရွက် တာပေါ့နော်၊ ဆက်လက်ပြီးတော့လည်း တိုးချဲ့ဖို့ရှိတဲ့အခါကျတော့ အလှူရှင် တွေအနေနဲ့ ပံ့ပိုးပါဝင်ပူးပေါင်းကူညီမယ့်သူတွေကို ကျွန်တော်တို့ Welcome လုပ်ပါတယ်၊ ကျွန်တော်တို့ကတော့ ထမင်းတစ်နပ် ၁၅ ဘတ်အနေနဲ့ တစ်ပတ်လုံးလုံး တစ်ပတ် ခုနှစ်ရက် ခုနှစ်နပ် မဟုတ်ဘဲနဲ့ တစ်ပတ်ကို တစ်ပတ်လုံး ၁၄ နပ်ပေါ့ဗျာ၊ အဲဒီအထိကို ကျွန်တော်တို့က ရည်ရွယ်ချက်တွေရှိပါတယ်"

စေတနာ့ဝန်ထမ်းအဖြစ် CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဈေးဝယ်၊ ချက်ပြုတ်၊ ထမင်းဘူးထည့်၊ အိမ်တိုင်ရာရောက် ထမင်းဗူးလိုက်လံပို့ဆောင်ပေးကြပါတယ်။

အခုလိုကူညီခွင့်ရလို့လည်း ကြည်နူးရတယ်လို့ ရဲ CDM တစ်ဦးဖြစ်တဲ့ ကိုသိန်းက ဆိုပါတယ်။

"ကျွန်တော်တို့ ဒီဘက်ရောက်နေတဲ့ CDM တွေနဲ့ တော်လှန်ရေးဘက်က အင်အားစုတွေလည်း အကုန်လုံးကတော့ ဘာပဲပြောပြော ဒီဘက်မှာ အလုပ်အကိုင်ရှားပါးတာနဲ့ ခက်ခဲနေကြတော့ ဒီ ၁၅ ဘတ်ဆို တဲ့ ကျွန်တော်တို့ ထမင်းနဲ့ ဟင်းနဲ့ စားလို့ရတယ်ဆိုရင် ပြည်သူတွေကို ဘာပဲပြောပြော ဒီဘက်ရောက်နေတဲ့သူတွေကို ကူညီရာရောက်တယ်ဆိုပြီး၊ ကျွန်တော်လည်း ကိုယ်ကိုယ်တိုင်လည်း CDM ဖြစ်သလို သူတို့အတွက်လည်း ရသလောက်ဝန်းရံပေးတာပေါ့၊ အဆင်မပြေတဲ့သူတွေကို ကျွန်တော်တို့ ကိုယ်တိုင် မကူညီနိုင်လည်း ဒီလိုမျိုး ကျွန်တော်တို့ကြားထဲကနေ လိုက်ပြီးတော့ Volunteer လုပ်တယ်၊ ပံ့ပိုးပေးတယ်၊ ကူညီပေးတာနဲ့ သူတို့ဆီက သူတို့စားလို့သောက်လို့ အဆင်ပြေတယ်ဆိုရင် သူတို့အခက်အခဲလေး ခဏလောက်ပြေလည်သွားတယ်ဆိုရင် ကျွန်တော်တို့ ကြည်နူးရတယ်ပေါ့နော်’’


ဆက်နွှယ်သောသတင်းများ

မဲဆောက်မြို့က CDM ဝန်ထမ်းတွေ အခက်အခဲကြုံနေ

ခက်ခဲသူတို့အတွက် စာနာတတ်သော ဆိုင်လေး

မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ


CDM တက္ကသိုလ်ကျောင်းသူ မမီရှဲကတော့ အလုပ်များသူတွေအတွက် အဆင်ပြေတယ်လို့ပြောပါတယ်။

"ဒီထမင်းတစ်နပ် ၁၅ ဘတ်ဟာဆိုရင်၊ သမီးတို့လို အလုပ်များတဲ့သူတွေ၊ ပြီးတော့ ထမင်းချက်ဖို့ မ အားတဲ့သူတွေအတွက်ဆိုရင် တော်တော်လေးကို အဆင်ပြေတယ်၊ ပြီးတော့ သူကကျတော့ လူမျိုးမရွေး ဘာသာမရွေး စားလို့ရတယ်ပေါ့နော်၊ Hala Food ပေါ့နော်၊ ပြောရမယ်ဆိုရင်တော့၊ အဲလိုမျိုးစား လို့အဆင်ပြေတယ်ပေါ့နော်၊ ပြီးလို့ရှိရင် ဘတ်ဂျက်လည်းကိုက်တယ်ပေါ့၊ ဘာဖြစ်လို့လည်းဆို သူက တစ်ဗူးမှ ၁၅ ဘတ်ပဲဗျာ၊ ပြီးတော့ Deli လည်း Free၊ အဲလိုမျိုးဆိုတော့ တော်တော်လေးကိုကိုက်ညီ ပြီးတော့ အချိန်ကုန်လည်းသက်သာတယ်၊ ဗိုက်လည်းပြည့်တယ်ပေါ့နော် တော်တော်လေးစားလို့ ကောင်းပါတယ်’’

ဒါကြောင့်လည်း ဒီအစီအစဉ် တစ်ပတ်လုံးလုံး လုပ်ပေးစေလိုတယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပြောပါတယ်။

"မဲဆောက်မြို့မှာ ဒီလို ၁၅ ဘတ်တန်ထမင်းတွေရောင်းပေးတာ ကျွန်တော်တို့အတွက် ပိုအဆင်ပြေတယ်။ ဝင်ငွေနည်းတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုဟာလေးတွေက တစ်ဗူးနဲ့ ဗိုက်ပြည့်စေတယ်ပေါ့။ အခုဆိုရင် တစ်ပတ်မှာ သုံးရက်ပဲ ရောင်းပေးနေတာဖြစ်တဲ့အတွက် တစ်ပတ်ကို ငါးရက်ဖြစ်ဖြစ် တစ်ပတ်လုံးဖြစ်ဖြစ် ရောင်းပေးရင် ပိုအဆင်ပြေတာပေါ့’’

အစီအစဉ်စတင်ချိန်က တစ်ရက်ကို ထမင်းဘူး ၂၀၀ လောက်ရောင်းချရာက အခုဆိုရင် ၃၀၀ ကျော်ရှိတယ်လို့ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။