CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း

RFA Burmese
2024.08.18
CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ‘’အဝေးရောက် BG တဲကျောင်းလေး’’ တွင် စာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ အဝေးရောက် BG တဲကျောင်းလေးမှာ စစ်ဘေးဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးငယ်တွေ စာသင်နေကြတဲ့ အသံကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း ကြားနေရပါတယ်။

ကရင်၊ မွန်၊ ပဲခူး စတဲ့ဒေသတွေကနေ မဲဆောက်မြို့ဆီကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ရောက်လာကြသလို စစ်ဘေးဒဏ်ကြောင့် ဒုက္ခသည်တွေအဖြစ်နဲ့ ရှောင်တိမ်းရောက်လာကြသူတွေပါ။

ဒီကျောင်းမှာတက်နေတဲ့ ကလေးတွေရဲ့ မိဘတွေဟာ နေ့စဉ်စားဝတ်နေရေးအတွက် အလုပ်လုပ်ပြီး ဖြေရှင်းနေရတဲ့အပြင် အများစုဟာ မြန်မာစာကို ရေးတတ်ဖတ်တတ်တဲ့အဆင့်လောက်သာ ရှိကြပါတယ်။

အဝေးရောက် BG တဲကျောင်းလေးကို တည်ထောင်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးညီညီ ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဒဏ်တွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ကလေးငယ်တွေ စာတတ်ဖို့အတွက် အခက်အခဲကြားကနေ ဒီကျောင်းကိုဖွင့်ရတာလို့ ဦးညီညီက ဆိုပါတယ်။

"ဒီမှာလည်းပဲအားလုံးအသိပဲ ကျောင်းတစ်ကျောင်းလုပ်ဖို့ဆိုတာ တော်တော်မလွယ်ကူပါဘူး၊ ကျွန်တော်တို့စကားလည်းမတတ်ဘူး၊ တရားဝင်လည်းမဟုတ်ဘူး၊ သို့သော်လည်းပဲ ကျွန်တော်တို့က ဒါကို ကျွန်တော်တို့အနေနဲ့ အဝေးရောက် BG တဲကျောင်းလို့ဆိုပေမယ့်လည်း ဆိုင်းဘုတ်မရှိပါဘူး၊ နောက်တစ်ခုက ကျွန်တော်ဒီကျောင်းကအတန်းကျောင်းမဟုတ်ပါဘူး၊ ဒါပေမဲ့ အတန်းကျောင်း မဟုတ်ပေမယ့် အတန်းကျောင်းတက်တဲ့ကလေးတွေ အကုန်လုံးကတော့ အတန်းကျောင်းတက်ကြပါတယ်၊ ရှမ်းကျောင်းပေါ့နော် သူတို့တက်ကြပါတယ်၊ ကျွန်တော်အဓိကရည်ရွယ်ချက်ကတော့ ကလေးတွေကို အတန်းတင်ပေးဖို့ထက်စာရင် စာတတ်ဖို့အတွက်ကို ကျွန်တော်အဓိကထားတာပါ၊ ဒါကြောင့်မို့ ဒီတဲကျောင်းလေးမှာ ဘာသာလေးခုပေါ့နော်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဆိုပြီးတော့ ကျွန်တော် အဲဒီ လေးမျိုးကို သင်ပါတယ်"

ဦးညီညီတို့ဇနီးမောင်နှံက စာသင်ကြားပေးရင်း ကျောင်းအတွက် လိုအပ်တာတွေစီစဉ်ရသလို CDM ဆရာ/ဆရာမ ခြောက်ယောက်ကလည်း သူတို့အားလပ်တဲ့အချိန်တွေမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ သင်ကြားပေးနေကြပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ

အထောက်အထားမဲ့ မြန်မာကလေးတိုင်း ကျောင်းတွေမှာလက်ခံဖို့ ထိုင်းအစိုးရညွှန်ကြား

ထိုင်းနယ်စပ်က မြန်မာရွှေ့ပြောင်းကျောင်းတွေ အကူအညီလိုအပ်


ဒီကျောင်းကို ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်လကျော်လောက်ပဲ ရှိသေးပါတယ်။

နှစ်လအတွင်းမှာတင် တက်ရောက်တဲ့ ကျောင်းသားပေါင်း ၆၉ ယောက်ထိရှိနေပြီး အများဆုံးက မူလတန်းအဆင့် ကလေးငယ်တွေဖြစ်ပါတယ်။

ဒီကလေးငယ်တွေရဲ့ဘဝရှေ့ရေး ဝေဝါးသွားတာမျိုးမဖြစ်စေချင်လို့ အခုလို စာသင်ပေးနေတာလို့ CDM ဆရာမ ဒေါ်ခင်လေးသက်က ပြောပါတယ်။

"သူတို့ပညာသင်ဖို့ အခွင့်အလမ်းပိတ်သွားတဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ်တောင် ဒီအသက်ဒီအရွယ်မှာ ဒီလိုမျိုးနိုင်ငံဒုက္ခကြီးနဲ့ကြုံရတဲ့အခါမှာ ကိုယ့်ရဲ့အနာဂတ်တွေက ဝေဝါးသွားတယ်၊ ပျောက်ကွယ်သွားတယ်ပေါ့လေ၊ ဒါဆိုသူတို့မှာငယ်သေးတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ အနာဂတ်တွေ ဝေဝါးသွားတာမျိုး မဖြစ်စေချင်ဘူး၊ ဘာပဲပြောပြောအမှန်တရားကိုရပ်တည်လာတဲ့ ဆရာမ တစ်ယောက်က ငါတို့ဒီလိုဒုက္ခတွေကြားထဲကနေပြီးတော့ ဒီလိုအသိပညာတွေပေးခဲ့ပါလားဆိုတာ လေးတွေ သူတို့သိလာတဲ့အခါကျရင် သူတို့ပိုပြီးတော့ တန်ဖိုးထားတတ်အောင်ပေါ့နော် အဲလိုစိတ်ဓာတ်မျိုးနဲ့ပဲ လာပြီးတော့သင်ကြားပေးတာပါ"

CDM ကျောင်းဆရာ ဦးသက်ပိုင်စိုးကလည်း ကလေးငယ်တွေ ပညာရေးအခက်အခဲဖြစ်နေတာကို ဖြေရှင်းပေးတာလို့ ဆိုပါတယ်။

"အေးအေးချမ်းချမ်းနဲ့ပညာသင်ရမယ့်အချိန်မှာ သူတို့အေးအေးချမ်းချမ်းနဲ့ မနေနိုင်ဘူးပေါ့နော်၊ အဲတော့သူတို့အခြားနိုင်ငံမှာ သူတို့ရွှေ့ပြောင်းပုံစံနဲ့လာပြီးတော့ လာနေရတယ်ပေါ့၊ ဒါကို ဦးညီညီကနေ ဦးဆောင်ပြီး ကျွန်တော်တို့ကလည်းပေါ့နော် ဒါ တစ်တပ်တစ်အားပါဝင်ကူညီပေးတာပေါ့နော်၊ ဒါကိုယ့်ရဲ့ ကိုယ့်လူမျိုးအချင်းချင်းဖြစ်တယ်ပေါ့နော် ကိုယ့်လူမျိုးရော အကုန်လုံးပါပဲပေါ့နော်၊ သူတို့ဆိုရင် အမှန်တကယ် စာသင်ကျောင်းကြီးကြီးတွေမှာ သူတို့အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင် သင်ယူရမယ့်ကျောင်းသားတွေပေါ့နော်၊ ကလေးအရွယ်ပေါ့နော်၊ ဆိုတော့ အဲလိုနေရမယ့်အနေ အထားတစ်ခုမှာ သူတို့က အဲလိုမနေရဘဲနဲ့ ဒီလိုမျိုးပုံစံဖြစ်နေရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ကိုယ်တတ်တဲ့ပညာနဲ့ ကျွန်တော်တို့ ဒါ ဝိုင်းပြီးတော့ သူတို့ကိုပညာသင်ဓာနပြုပေးတာပေါ့နော်"

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ  ‘’အဝေးရောက် BG တဲကျောင်းလေး’’ တွင် စာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တွေ့ရစဉ်။ (Photo : RFA)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ‘’အဝေးရောက် BG တဲကျောင်းလေး’’ တွင် စာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တွေ့ရစဉ်။ (Photo : RFA)

ထိုင်းနိုင်ငံမှာ အထောက်အထားရှိရှိ၊ မရှိရှိ ကလေးတိုင်း အစိုးရကျောင်းတွေမှာ မူလတန်းကနေ ကိုးတန်းအထိ ပညာသင်ခွင့်ရှိတယ်ဆိုတဲ့မူဝါဒကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတည်းက ထိုင်းအစိုးရကနေ အတည်ပြုပြဌာန်းခဲ့ပါတယ်။

မဲဆောက်မြို့က ထိုင်းအစိုးရကျောင်းတွေမှာ ကလေးတိုင်း ကျောင်းတက်ခွင့်ရပါတယ်။ ဒါပေမယ့် မြန်မာစာသင်ကြားရေးပိုင်းမရှိလို့ မြန်မာစာမတတ်တဲ့ ဒီကလေးငယ်တွေအတွက် အဝေးရောက် BG တဲကျောင်းလေးက အားကိုးဖွယ်ဖြစ်ရတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

"ကျွန်မတို့ကလေးတွေ ဒီထက်ပိုပြီးတော့ စာလေးတတ်ကျွမ်းအောင် ဒီထက်ပိုပြီး အင်္ဂလိပ်စာလေးတွေ ဦးညီညီသင်ပေးတဲ့စာလေးတွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်အောင်လို့ ကျွန်မတို့လွှတ်ပေးတာပါ၊ ကျွန်မမြေးတစ်ယောက်ဆိုရင် ဒီမှာ ဦးညီညီက အင်္ဂလိပ်စာတွေ ဘာတွေသင်ပေးတာ ဘာမှနား မလည်တဲ့ကလေးဆို အခုတတ်နေပြီ၊ Sunday တို့ Monday တို့ Saturday တို့ တတ်ကုန်ပြီ"

အဝေးရောက် BG တဲကျောင်းလေးမှာ စနေ၊ တနင်္ဂနွေနေ့တိုင်း ကျောင်းလာတက်ကြတဲ့ ကလေးငယ်တွေအကုန်လုံးဟာ ထိုင်းအစိုးရကျောင်းတွေမှာ တက်ရောက်သင်ကြားနေတာဖြစ်ပြီး သူတို့ကျောင်းအားလပ်တဲ့အချိန်မှာ သူတို့မကျွမ်းကျင်တဲ့ ဘာသာရပ်တွေကို CDM ဆရာ/ဆရာမတွေက သင်ကြားပေးတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။