အမှိုက်ကင်းစင်ရေး ကြိုးပမ်းနေတဲ့ မန္တလေးက အခမဲ့ စာသင်ဝိုင်း
2024.11.27
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး အရှေ့ဘက် ကန်ပတ်လမ်းနံဘေးမှာရှိတဲ့ အခမဲ့ စာသင်ဝိုင်းတစ်ခုကို မြင်တွေ့ကြရတာပါ။
ဒီစာသင်ဝိုင်းကို ဆယ်ကျော်သက်အရွယ် မောင်နှမသုံးဦးက ဦးဆောင်ဖွင့်လှစ်ထားတာဖြစ်ပြီး တစ်တန်းကနေ ရှစ်တန်းအထိ ကလေးတွေကို အင်္ဂလိပ်စာ၊ သင်္ချာ၊ ပန်းချီနဲ့ ဂီတ ဘာသာရပ်တွေကို သင်ကြားပေးနေကြတာပါ။
ကျောင်းချိန်နဲ့လွတ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့တွေမှာ စာသင်ကြပြီး ကျန်တဲ့ရက်တချို့မှာတော့ ကန်တော်ကြီး ဘေးပတ်ဝန်းကျင်က အမှိုက်တွေကို ရှင်းလင်းကြပါတယ်။
ဒီစာသင်ဝိုင်းမစတင်ခင်က ကန်တော်သန့်ရှင်း (Kandaw Clean) ဆိုတဲ့အဖွဲ့ကိုဖွဲ့ပြီး အမှိုက်တွေရှင်းလင်းခဲ့ကြတာပါ။ အခုလို စာသင်သားတွေနဲ့အတူ အမှိုက်သန့်ရှင်းရေးလုပ်နေတာကလည်း တစ်နှစ်ပြည့်ခဲ့ပြီလို့ စာသင်ဝိုင်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မသက်မှူးနိုင်က ပြောပါတယ်။
"သန့်ရှင်းရေးလုပ်ဖို့အတွက်ကို အရင်စလုပ်ဖြစ်လိုက်တာ။ ဒီဘက်တစ်ဝိုက်ကို စပြီးတော့ သန့်ရှင်းရေး လုပ်ဖြစ်လိုက်တယ်။ လုပ်ဖြစ်လိုက်တဲ့အချိန်မှာ သန့်ရှင်းပြီးတော့ ဒီတိုင်းထားခဲ့မယ်ဆိုရင် သိပ်တော့ အဆင်မပြေဘူး။ အမှိုက်တွေက ဒီမနက်သန့်ရှင်းတယ်ဆိုရင် နောက်မနက် လာကြည့်လိုက်တယ်ဆိုရင် အမှိုက်တွေက ပြန်ပြီးတော့ ရှိနေတာပေါ့။ အဲဒီတော့ အဆင်မပြေဘူးဆိုပြီး နည်းနည်း စဥ်းစားလိုက်တယ်။ အစ်ကိုနဲ့တိုင်ပင်ပြီးတော့ ဒီနားလေးကို စာသင်ဝိုင်းလေး လုပ်မယ်ဆိုပြီးတော့ စဥ်းစားမိလိုက်တယ်။ အဲဒီတော့ စာသင်ဝိုင်းလေး စပြီးဖြစ်လာတာ။ ၂၅ ရက်နေ့ နိုဝင်ဘာလ"
စာသင်ဝိုင်း စဖွင့်ချိန်က ကျောင်းသား ငါးဦးလောက်သာရှိခဲ့ပေမဲ့ အခုတော့ ကျောင်းသား ခြောက်ဆယ်လောက်အထိ ရှိနေပါပြီ။
စာသင်ဝိုင်းမှာ တက်ရောက်တဲ့ ကလေးအများစုဟာ သာမန်လက်လုပ်လက်စားမိသားစုတွေထဲကဖြစ်ပြီး အဲဒီအထဲက ကလေးတစ်ဦးကတော့ မန္တလေးမြို့မှာ ဖွင့်ထားတဲ့ Canadian International College ရဲ့ ပညာသင်ဆုကို ရရှိတဲ့အထိ အောင်မြင်ထားပါတယ်။
အသက် ၉ နှစ်အရွယ် ကျောင်းသား ဥက္ကာဦးက ဒီစာသင်ဝိုင်းလေးဖွင့်စကတည်းက ပညာသင်ကြားနေသူ ဖြစ်ပါတယ်။
"စာတွေလည်း ရတယ်။ အင်္ဂလိပ်စာတွေဆိုလည်း ကျောင်းမှာ အရင်တုန်းက အမှတ်နည်းတယ်။ အခု အမှတ်တွေက များလာတာ။ ကိုးဆယ်ကျော်တောင်မှ ရတယ်။ အခု ဒီမှာတက်တာတောင်မှ တစ်နှစ်လောက်ရှိပြီ။ သားတို့ကို ကပွဲဆိုလည်း ကပွဲလုပ်ပေးတယ်။ အကုန်လုံး အပြီးအစီး အကုန်လုံးကို၊ အားလုံးကို လုပ်ပေးတယ်။ နောက်ပြီးကျ သားတို့က ဒီနားကို ရှင်းလင်းပေးတယ်။ သန့်ရှင်းမှုလေးရအောင်လို့လည်း လုပ်ပေးတယ်"
ဒီစာသင်ဝိုင်းဟာ မဆောင်းရတီအောင် တို့လို ကျောင်သူလေးတွေအတွက်လည်း ပျော်စရာနေရာတစ်ခု ဖြစ်နေပါတယ်။
"ဒီကျောင်းမှာကျတော့ ဆာရာလို့ခေါ်တယ်။ အင်္ဂလိပ်စကားပြော ပိုပြီးတော့ တတ်ကျွမ်းလာတယ်။ ပိုပြီးတော့ စကားပြောတာ သိလာတယ်။ မီးနင်းတွေလည်း သိလာတယ်။ တစ်ခါတလေကျတော့ အပြင်က ဆရာမတွေက လာပြီးတော့ ကစားပေးတယ်။ ပုံလည်း ဆွဲရတယ်။ ပုံဆွဲ ပန်းချီဆရာမတွေလည်း လာတယ်။ သီချင်းဆိုတဲ့ ဆရာတွေလည်း လာတယ်"
ဒီစာသင်ဝိုင်းမှာ သင်ကြားရေး ဆရာ၊ ဆရာမ ခြောက်ဦး ရှိပါတယ်။ အဲဒီအထဲက မယွန်းရွှေရည်မောင် ကတော့ အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးပါ။
"ပညာသင်ကြားဖို့အတွက် ခက်ခဲနေတဲ့ အဲဒီဘက်တွေကို ကျွန်တော်က အဲဒီလိုမျိုး Volunteer (စေတနာ့ ဝန်ထမ်း) အနေနဲ့ သွားလုပ်ချင်တဲ့အတွေးမျိုး ရှိခဲ့တာပေါ့နော်။ အဲဒါကြောင့် အဲဒီလိုမျိုးရှိခဲ့တယ်။ အဲဒီလိုအတွေးကိုလည်းပေါ့နော်။ ဒီလိုအချိန်မှာ ကျွန်တော်လုပ်နေရတဲ့အတွက် တော်တော်လေးကိုတော့ ပီတိဖြစ်တာပေါ့၊ တစ်ခါတလေကျရင်။ ကလေးတွေကလည်း Volunteer ဆရာမဆိုပြီးတော့ ဟိုလိုကြီးလည်း respect (လေးစားမှု) လည်း ရှိကြတယ်။ ဆရာမ ဆရာမဆိုပြီးတော့ အဲဒီလိုမျိုးလေးဆိုတဲ့အခါကျတော့ သူတို့ကို သင်ရတာ ပျော်လည်း ပျော်တယ်။ ပြီးတဲ့အခါကျတော့ ပီတိလည်း ဖြစ်ရပါတယ်"
ဆက်နွှယ်သောသတင်းများ
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့
ကယားပြည်နယ်ထဲမှာ အမှိုက်လျှော့ချရေး CDM ကျောင်းသားတွေ ကြိုးပမ်း
သစ်တောပြုန်းတီးမှုကို လျှော့ချပေးတဲ့ လောင်စာလုပ်ငန်း
ဒီလမ်းဘေး စာသင်ဝိုင်းကို လာသင်တဲ့ ကလေးတိုင်းအတွက် အခကြေးငွေ မပေးရသလို လိုအပ်တဲ့ စာအုပ်နဲ့ ခဲတံဖိုးကအစ ဦးဆောင်သူတွေက အကုန်ဖြည့်ဆည်းပေးတယ်လို့ ကလေးမိဘတစ်ဦးဖြစ်တဲ့ ဒေါ်တင့်က ပြောပါတယ်။
"အမေကြီးတို့ အပြင်မှာအပ်ဆို မအပ်နိုင်ဘူး။ ဒီလို သူတို့ မောင်နှမ သုံးယောက် ဦးဆောင်ပြီး ဒီလို ကလေးလေးတွေကို သင်ပေးတဲ့အတွက် ကလေးလေးတွေကလည်း တော်တော်ကို စာပေတတ်သွားပြီ။ နားလည်မှုလေးတွေလည်း ရှိလာကြတယ်။ ကျေးဇူးလည်း အများကြီးတင်တယ်။ မြန်မာစာတောင် မသင်ခဲ့ရတော့ မတတ်ခဲ့ရဘူး။ ကိုယ့်ကလေးတွေ ဒီလိုတတ်သွားတဲ့အတွက်ကြောင့် အမေကြီး အရမ်းအရမ်းလည်း ဝမ်းသာမိတယ်"
"အမေကြီးတို့ အပြင်မှာအပ်ဆို မအပ်နိုင်ဘူး။ ဒီလို သူတို့ မောင်နှမ သုံးယောက် ဦးဆောင်ပြီး ဒီလို ကလေးလေးတွေကို သင်ပေးတဲ့အတွက် ကလေးလေးတွေကလည်း တော်တော်ကို စာပေတတ်သွားပြီ"
ကန်တော်ကြီးပတ်ဝန်းကျင်မှာတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကတော့ ရှိနေကြဆဲပါပဲ။ လမ်းဘေး စာသင်ဝိုင်း ဦးဆောင်သူတွေကတော့ သူတို့ရဲ့ ကြိုးပမ်းမှုနဲ့ ကန်တော်ကြီးပတ်ဝန်းကျင်ဟာ တစ်ချိန်ချိန်မှာ အမှိုက်ကင်းစင်တဲ့ နေရာတစ်ခုဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။