ရေဘေးသင့် အင်းလေးဒေသခံတွေ ပြန်လည်ထူထောင်ရေးအလှမ်းဝေးနေဆဲ
2025.01.10
ရာဂီမုန်တိုင်းကြောင့် ရေကြီးပြီး အိမ်တွေ၊ စိုက်ပျိုးရေးခြံတွေ နစ်မြုပ်ပျက်စီးခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသခံတွေဟာ ရေကြီးပြီး လေးလရှိလာပေမဲ့ အကူအညီ ထိထိရောက်ရောက် မရတဲ့အတွက် ပြန်လည်ထူထောင်ရေး ခက်ခဲနေပါတယ်။
ဒါကတော့ ရေကြီးတဲ့ဒဏ်ခံလိုက်ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်က အိမ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ပြီးတည်ဆောက်နေကြတာပါ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတိုက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးတဲ့ဒဏ် ခံလိုက်ရတဲ့ဒေသတွေထဲမှာ အင်းလေးလည်း ပါခဲ့ပါတယ်။ အခုတော့ ရေကြီးပြီး လေးလနီးပါးကြာခဲ့ပေမဲ့ ရေဘေးဒုက္ခသည်တွေဟာ ထိရောက်တဲ့အကူအညီတွေမရဘဲ ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။
"ခြံကတော့ အကုန်ကျွန်းမျောတွေတော့ ပြန်မရဘူး။ တချို့ တစ်ဝက်လောက်ပဲ ပြန်ရတယ်။ ခြံတွေတော့ စုပြီးပြီ။ ခြံပြန်လုပ်မယ်ဆိုလည်း အရင်းအနှီးလိုတယ်။ အိမ်ပြင်ဖို့ကလည်း ငွေမရှိဆိုတဲ့အခါ အိမ်လည်းမပြင်ရဘူး။ ခု တော်တော်ဒုက္ခရောက်တယ်။ ကျွန်းမျောနဲ့ နေရတာ အဆင်မပြေဘူး၊ ညဆို အိပ်လို့လည်းမပျော်ဘူး။ ပိုးကောင် (မြွေ) တွေလည်း တက်တယ်၊ အခု ကြည့်ပါလား၊ ရေတွေတက်လို့ ကျွန်းမျောတွေလည်းမြုပ်တယ်"
အသက် ၅၄ နှစ်အရွယ် အင်းလေးသူ ဒေါ်ခင်ဆွေဝင်း ပြောပြတာပါ။ ခရမ်းချဉ်သီးစိုက်တဲ့ ကျွန်းမျောတွေအပြင်၊ မိသားစုအိမ်လေး ရစရာမရှိအောင် ပျက်စီးဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။ သားသမီးတွေလည်း တကွဲတပြားနဲ့ ဘယ်သူ့ကိုမှ မကူနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
အင်းလေးဒေသခံတွေဟာ ရေပေါ်ကျွန်းမျောတွေပေါ်မှာ ခရမ်းချဉ်သီးစိုက်ပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို တင်ပို့ရောင်းချကြတာပါ။ တစ်ဖက်ကလည်း ယက်ကန်းလုပ်ငန်း လုပ်ကြပါတယ်။
ရေကြီးနေတဲ့အချိန်မှာလည်း ကိုယ်ထူကိုယ်ထ ရုန်းကန်ခဲ့ရတယ်လို့ စက်ရက်ကန်းလုပ်ငန်းရှင် ဒေါ်ရီရီသန်းက ပြောပြပါတယ်။
"သုံးရက်အတွင်းမှာကို ရက်ကန်းစင်တွေရယ် လှိုင်းလုံးထဲပါတယ်။ ရွှေ့တော့ရွှေ့တယ် မရွှေ့နိုင်ဘူး။ ကိုယ်အိမ်သူ့အိမ် ရွှေ့နေကြတာပေါ့နော်။ အဲဒါနဲ့ အခက်အခဲအမျိုးမျိုးပေါ့နော်။ ၁၅ ရက်လုံးလုံး ရေထဲကူးပြီး ပစ္စည်းသယ်နေရတာပေါ့နော်။ ပစ္စည်းကလည်း ထားဖို့ (နေရာ) မရှိဘူးဆိုတော့ ပြန်မြုပ်ပါသေးတယ် အကုန်ပေါ့၊ စင်လည်းအကုန် အစအဆုံး မြုပ်သွားပြီး စက်ပစ္စည်းတွေလည်း အကုန်ပျက်စီးသွားတာပေါ့"
ဆက်နွှယ်သောသတင်းများ
အင်းလေးက ရေဘေးသင့်အိမ် တစ်ရာခန့်ကို လူမှုကူညီရေးအသင်းတွေ ပြုပြင်ပေး
ရာဂီမုန်တိုင်းသင့်သူတွေ အရေးပေါ် အကူအညီလိုနေကြောင်း IFRC ပြော
ရာဂီမုန်တိုင်းဒုက္ခသည်တွေ ကိုယ်ထူကိုယ်ထဖြေရှင်းနေရဆဲ
အရင်က အင်းလေးဒေသလူမှုစီးပွားရေးအတွက် UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ထောက်ပံ့တဲ့ချေးငွေဟာ အခြေခံလူတန်းစားတွေအတွက် တစ်ထောင့်တစ်နေရာက အရေးပါခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီထောက်ပံ့ချေးငွေအစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ အလှူရှင်တွေထည့်ဝင်ထားတဲ့ ငွေကျပ် ဘီလီယမ် သုံးဆယ်ကိုသုံးစွဲဖို့ စီစဉ်ထားပြီး၊ ခြောက်လအတွင်း အပြီးဆောင်ရွက်မယ်လို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် မြို့တော်ခန်းမမှာ ပြောထားပါတယ်။
ဒါပေမဲ့လည်း ရေကြီးပြီး လဝက်လောက်အကြာမှာ ပုဂ္ဂလိက အလှူရှင်တွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ အရေးပေါ်အကူအညီတွေကိုပဲ မှီခိုခဲ့ကြရပါတယ်။ ဒေသခံတွေ ရေရှည်ပြန်လည်ထူထောင်ရေးမှာတော့ ထိရောက်တဲ့အကူအညီတွေ လိုအပ်နေတယ်လို့ အိမ်ထောင်စု ၁၈၀ ကျော်ရှိတဲ့ ညောင်ဝန်းရွာက ရေခြံလုပ်ငန်းလုပ်ကိုင်သူ မချောကလျာက ပြောပြပါတယ်။
"ကျွန်မတို့ရွာက အလှူရှင်တွေကနည်းတော့ ကြက်ဥအလုံး ခြောက်ဆယ်လောက်ရတယ်။ ရေသန့်ဆို နှစ်ကတ်ရတယ်။ အဲဒီမှာ ဘယ်လိုပြောရမလဲ ကျွန်မတို့က အလှူရှင်လာလည်း ဝမ်းနည်းတယ်လို့ သူများလည်း လာလှူတဲ့အချိန်မှာ ကျွန်မတို့ကလည်း ဘာမှလည်း မလှုပ်ရှားနိုင်တော့ သူများ လှူတာနဲ့ပဲ စားရတယ် အဲဒီလိုပေါ့။ အလှူရှင်ကိုလည်း အဲဒီအချိန်မှာ မျှော်လင့်နေရတာ ကျွန်မတို့က မထွက်ရှာနိုင်ဘူး၊ ရေခြံလည်းပါသွားတာဆိုတော့"
"ကျွန်မတို့ရွာက အလှူရှင်တွေကနည်းတော့ ကြက်ဥအလုံး ခြောက်ဆယ်လောက်ရတယ်။ ရေသန့်ဆို နှစ်ကတ်ရတယ်"
ရွာပေါင်း ၄၅၀ နီးပါးရှိတဲ့ အင်းလေးဒေသမှာ ရေဘေးဒဏ်ခံလိုက်ရတဲ့ရွာပေါင်း ၁၇၀ ကျော်ရှိပြီး၊ လူဦးရေ နှစ်သိန်းလောက်ကို ထိခိုက်ခဲ့ရပါတယ်။ အခုလိုရေကြီးတာဟာ နှစ် သုံးဆယ်အတွင်းမှာ အဆိုးရွားဆုံးလို့လည်း ဒေသခံတွေက ပြောပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ခုနစ်ဆယ်မှာ လူဦးရေ တစ်သန်းခန့် ရာဂီမုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးရွားတဲ့ ရေကြီးမှုဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် UNOCHA ရဲ့ Myanmar Humanitarian Fund (MHF) မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့က ရေဘေးနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ခွဲဝေသုံးစွဲဖို့ အမေရိကန် ဒေါ်လာလေးသန်းအထိ ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ ၄၃၃ ဦး ရှိခဲ့ပြီး အနည်းဆုံး လူ ၇၉ ဦး ပျောက်ဆုံးခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။