ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေက စပါးတောင်ယာတွေ ကို ကြွက်တွေ ဝင်ရောက် ဖျက်ဆီးနေတာကြောင့် နောက်နှစ်တွေ အစားအစာငတ်မွတ် ခေါင်းပါးမှု (ယူလီခူး) ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရပါတယ်။
ယူလီခူး (Yuli Hku) ဆိုတာ “ကြွက်အန္တရာယ်ကြောင့် အစာရေစာခေါင်းပါးခြင်း တစ်နည်း အားဖြင့် ကြွက်ကပ်ဘေး” လို့ အဓိပ္ပာယ်ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဖြစ်ခဲ့ဖူး သလို အခုပြန်ဖြစ်နေတာပါ။
"တောင်ယာအားလုံးရဲ့ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၇၅ လောက်တော့ အကုန်လုံးရဲ့ စပါးခင်းကို စားပြီးပြီ"
ဆွမ်ပရာဘွမ် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ စာရင်းအရ လက်ရှိ မြစ်ကြီးနား ဆွမ်ပရာဘွမ် လမ်းတစ်လျှောက်နဲ့ အင်ဂျန်းယန်မြို့နယ်ထဲက မလိခမြစ် တစ်လျှောက်မှာရှိတဲ့ အင်ဂျစ် ယန်၊ ဆွတ်ခါး၊ ကရန်ယန်၊ ခဂရန်းယန်၊ ဆူယန်၊ မိုင်ထောင်၊ လိုင်ဝါးယန်၊ ဘွမ်ရွန်း၊ အင်ဘောင်တူ၊ လုံကန်ကာ အပါအဝင် ရွာပေါင်း ၈၀ ကျော်က အိမ်ထောင်စု တစ်ထောင် ကျော်ရဲ့ စပါးခင်းတွေ ပျက်စီးသွားပါပြီ။
ဇူလိုင်လကုန်ပိုင်းကတည်းက စပါးခင်းတွေထဲကို ကြွက်တွေ စဝင်လာပြီး အခုအချိန်အထိ ဖျက်ဆီးနေဆဲ ဖြစ်တယ်လို့ တောင်ယာလုပ်ကိုင်သူ ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကြွက်တွေက ဇူလိုင်လကုန်ပိုင်း စရောက်လာတာ။ ဒီမှာက အကုန်လုံးရဲ့ တောင်ယာ တွေ ပျက်စီးသွားတယ်။ ကျမတို့အမျိုးတွေရဲ့ တောင်ယာတွေလည်း အကုန်စားပစ် လိုက်ပြီ။ ဒီဘက် တောင်ယာတွေလည်း အကုန် စားလိုက်ပြီ။ အခုမြင်နေရတဲ့ နည်းနည်း ပဲကျန်တာ။ အဲဒါကိုပဲ မျှော်လင့်နေတာ။ ကျန်နေတဲ့ ဟာတွေကိုလည်း တစ်ရက်ပြီး တစ်ရက် ပြန်ပြန်ပြီး စားပစ်လိုက်တယ်။ တောင်ယာလာဖို့ စိတ်တောင်မရှိတော့ဘူး”
စပါးပင်က ထွက်လာတဲ့ စပါးစေ့တွေကို အကုန်စားလိုက်တာကြောင့် နောက်နှစ်အတွက် မျိုးစပါး ပျောက်သွားမယ့် အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
၁၉၇၇ ခုနှစ်ကလည်း စားစရာမရှိတော့အောင်အထိ ဒီလိုကြွက်ဘေးကြုံခဲ့ပြီး အစားအစာ ငတ်မွတ်မှု ကချင်အခေါ် ယူလီခူးဖြစ်ခဲ့လို့ ဒေသခံ လေးရာကျော် သေဆုံးခဲ့သလို အိမ် ထောင်စု တစ်ထောင်ဝန်းကျင် မြို့ဘက်ကို ပြောင်းသွားရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
အရင်တစ်ခါကြုံခဲ့တုန်းက ပိန်းဥနဲ့ ငှက်ပျောဖူးတွေအပြင် စားလို့ရတဲ့အရွက်အကုန် ရှာစားပြီး အသက်ဆက်ခဲ့ရ တယ်လို့ ဆွမ်ပရာဘွမ် နှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာ ဒဆန်းတန် (Rev.Dasan Tang) က ပြောပါတယ်။
“အရင်တစ်ခါဖြစ်တဲ့အချိန်က တောကပိန်းဥ တူးစားကြတယ်။ တောမှာပဲ ရှာစား တော့တယ်။ ပိန်းဥတွေ ကုန်လာတော့ ငှက်ပျောဖူး၊ နောက်တော့ တောက စားလို့ရတာ အကုန် ကုန်သွားတယ်။ နောက်ဆုံးတော့ ငှက်ပျောပင်စည်တွေကအစ တူးစားခဲ့ကြတာ။ တွေ့သမျှ သီးနှံတွေ အကုန်စားခဲ့ရတာ။ သေသွားတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ ဘုရားကျောင်းမှာ ကျောက်တိုင်စိုက်ထားတယ်။ အဲမှာရေးထားတယ် ယူလီခူးကြောင့် သေသွားတဲ့ စာရင်းဆိုပြီး”
လက်ရှိ ကြွက်ဘေးအန္တရာယ်ကြုံနေတဲ့ ရွာတွေဟာ လယ်ယာအစား တောင်ယာကိုပဲ အဓိကမှီခိုနေရတာပါ။
ဒါကြောင့် အခုလို တောင်ယာတွေ ပျက်စီးကုန်လို့ ငတ်မွတ်လာမှာကို စိုးရိမ်နေတယ်လို့ ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လယ်ယာလုပ်တဲ့သူတွေ မရှိဘူး။ အခုလို တောင်ယာပဲလုပ်ပြီး အသက်ဝမ်းကျောင်း နေရတာ။ တခြားဝင်ငွေလည်း မရှိဘူး။ ဒီတောင်ယာကိုပဲ အဓိက အားစိုက်ပြီးလုပ်တာ။ အခုက စပါးတွေပျက်စီးသွားတော့ ကျနော်တို့ကို အသက်မွေး ဝမ်းကျောင်းပြုမယ့် အလုပ် မရှိတော့ဘူးပေါ့။ အခုလိုမျိုးပဲဖြစ်ရင်တော့ စားဖို့အစာမရှိတော့ဘဲ ငတ်မွတ်လာပြီး အိမ်ထောင်တောင် ကွဲသွားနိုင်တယ်”
တချို့ တောင်ယာတွေကတော့ အခုမှ ကြွက်တွေ ဝင်ဖျက်ဆီးနေဆဲ ဖြစ်တာကြောင့် အမြန်တားဆီးပေးဖို့ လိုနေတယ်လို့လည်း ဆိုပါတယ်။
အရင်တစ်ခါကြုံတုန်းက သခွားသီးတွေ၊ ကျောက်ဖရုံသီးတွေကို ကြွက်တွေ မစားတာ ကြောင့် အဲဒါတွေကိုပဲ ဒေသခံတွေ စားခဲ့ရသလို ဆက်နေလို့မရတဲ့ ဒေသခံအချို့လည်း မြစ်ကြီးနားဘက်ကို လမ်းလျှောက်ပြီး ထွက်ပြေး ခဲ့ရတယ်လို့ အရင်ဖြစ်ချိန် ကြုံခဲ့ရသူတွေ က ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန်ရွာက ဘာသာရေးဆရာ မုန်ဂေါန်ကလည်း ဒေသခံတွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီလို့ RFA ကို ပြောပါတယ်။

“တောင်ယာအားလုံးရဲ့ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၇၅ လောက်တော့ အကုန်လုံးရဲ့ စပါး ခင်းကို စားပြီးပြီ။ တချို့ တောင်ယာတွေမှာက တောင်ယာတစ်ခုလုံး ဖုန်တောင်ထ အောင် ပျက်စီးလိုက်ပြီ။ ကျနော်တို့က တောင်ပေါ်ဒေသ တောထဲမှာပဲ နေနေတော့ ဒီအခက်အခဲတွေကို ကျနော်တို့ပဲ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးပေါ့။ အပြင်အဖွဲ့အစည်းတွေ NGO တွေ တွေ့မြင်ပြီး အကူအညီပေးလာမှာနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ တွေ့ပြီး နည်းလမ်းရှာ လမ်းပြ ကူညီပေးဖို့တော့ ကျနော်တို့ အရမ်းမျှော်လင့်နေတယ်”
ဆွမ်ပရာဘွမ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အခြားအဖွဲ့အစည်းတွေက လက်ရှိကြုံနေရတဲ့ အခြေအနေကို လိုက်လံမေးမြန်းတာ စာရင်းကောက်တာတွေ ရှိပေမယ့် လက်ရှိအချိန်အထိ ကူညီပေးတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကြွက်ဘေးကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေ ပြန်စိုက်နိုင်ဖို့နဲ့ ဒေသခံတွေကို ထောက်ပံ့ဖို့ လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။
လက်ရှိ ကြွက်ကပ်ဘေး ကြုံနေရတဲ့ မြို့နယ်နှစ်ခုဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဆွမ်ပရာဘွမ်မှာ လူဦးရေ ၂၅၄၆ ဦးရှိပြီး အင်ဂျန်ယန်မြို့မှာ ၁၇၃၂ ဦးရှိပါတယ်။
လက်ရှိမှာတော့ ကြွက်တွေဟာ စပါးခင်းတွေအပြင် တောင်ယာစိုက်ထားတဲ့ ဟင်းသီး ဟင်းရွက်တွေပါ အကုန်စားလိုက်တာကြောင့် စားရေးသောက်ရေး ဒီထက် ပိုခက်ခဲလာ မှာကို ဒေသခံတွေ စိုးရိမ်နေကြရပါပြီ။