စစ်အာဏာသိမ်းတာကို ကန့်ကွက်ခဲ့တာကြောင့် မဲဆောက်မြို့ကို ထွက်ပြေးလာရတဲ့ အမျိုးသမီး ကိုးဦးဟာ ကရင့်ရိုးရာဂျပ်ခုတ်သင်တန်းတက်ပြီးနောက် သူတို့ ရက်လုပ်ထားတဲ့ အဝတ်အထည်တွေကို Revo Collection အမည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီထုတ်ကုန်တွေ ပြသရောင်းချပွဲကို နိုဝင်ဘာလ ၃ဝ ရက်နေ့က မဲဆောက်မြို့မှာရှိတဲ့ မြန်မာအများစု စုဝေးရာ MOM (Memories of maesot) အစားအသောက်ရောင်းချတဲ့နေရာမှာ ကျင်းပခဲ့ပါတယ်။
ကရင်ရိုးရာကို ထိန်းသိမ်းတဲ့အနေနဲ့ ဂျပ်ခုတ်ထည်တွေ ထုတ်ပြီး REVO Collection အစုအဖွဲ့အနေနဲ့ ပြသရောင်းချတာဖြစ်ကြောင်း REVO Collection အစုအဖွဲ့ ဦးဆောင်သူ မခင်ဥမ္မာက ပြောပါတယ်။
"မဲဆောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ဒီအမျိုးသမီးတွေပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးရော သူတို့ရဲ့ဘဝ စိတ်လုံခြုံရေးအတွက်အပြင် ဒါက ကျွန်တော်တို့နိုင်ငံက တန်ဖိုးရှိတဲ့ ကရင်ဂျပ်ခုတ်ဖြစ်တယ်။ ကရင်အမျိုးသားတွေရဲ့ဟာကိုလည်း ထိန်းသိမ်းပြီး ကျွန်တော်တို့က လုပ်ခဲ့တာပါ"
တစ်လအကြာ ဂျပ်ခုတ်သင်တန်းတက်ပြီးနောက် အမျိုးသမီး ကိုးဦးဟာ ခြောက်လအတွင်း သူတို့ကိုယ်တိုင် ဂျပ်ခုတ်ရက်လုပ်တာနဲ့ လက်လုပ်ချုပ်လုပ်တာတွေ လုပ်ခဲ့ပါတယ်။
ကရင့်ရိုးရာဂျပ်ခုတ်အတတ်ပညာသင်တန်းကို သဘာဝ ဝါဂွမ်းချည်ကို အသုံးပြုသင်ကြားပြသပေးပြီးနောက်မှာ အခုလို လုပ်နိုင်တာကိုချီးကျူးကြောင်း Revo Collection အစုအဖွဲ့ မှာပါဝင်ပြီး ဂျပ်ခုတ်သင်တန်းသင်ပြခဲ့သူ ကရင်အမျိုးသမီး နော်အယ်ဖောက ပြောပါတယ်။
"ပထမအကြိမ်စပြီးတော့ first time ဆိုတော့လေ သိတယ်မဟုတ်လား။ သင်တန်းသူတွေကနည်းနည်း ခက်ခဲတာပေါ့။ အခက်အခဲက အချိန်လည်းလိုတယ် ကျွန်မတို့အတွက်၊ အခုဆိုရင် အခြေခံပဲရှိသေးတယ်၊ ဒီမှာကို သူတို့ကို သင်ပေးတာကို ကွာလတီကောင်းကောင်းနဲ့ ချည်ဆိုရင်လည်း ကျွန်မတို့ဝါချည် အစစ်ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဆရာတစ်ယောက်အနေနဲ့ကတော့ အားမရဘူး၊ အားမရဘူးဆို ဒီလောက်ထိ လုပ်နိုင်တာကို သူတို့ကိုချီးကျူးတယ်။ ကျေးဇူးတင်တယ်"
ကရင်ရိုးရာဂျပ်ခုတ် လက်မှုပညာကို ရက်လုပ်ရတာဟာ အိမ်မှာနေရင်း အမျိုးသမီးတစ်ယောက်ရဲ့ တစ်ပိုင်တစ်နိုင် ဝင်ငွေရဖို့ သူတို့မိသားစုစားဝတ်နေရေးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေတယ်လို့ သင်တန်းဆရာမ နော်အယ်ဖောက ပြောပါတယ်။

ဒါ့အပြင် ဂျပ်ခုတ်အထည်ပြပွဲကို လာရောက်အားပေးတဲ့ မဲဆောက်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးကလည်း ဒီလို အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးတာဟာ မြန်မာပြည်က ရှောင်တိမ်းလာသူ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေတယ်လို့ ပြောပါတယ်။
"ဒီမှာရောက်နေတဲ့ အမျိုးသမီးတော်တော်များများက အလုပ်က အလုပ်အကိုင်အခွင့်အလမ်းနည်းပါးကြတယ်လေ။ အခုလိုမျိုး ဒီလိုမျိုး ဂျပ်ခုတ်ထည်တွေလုပ်တယ်။ ဒီလိုမျိုး ပြန်ပြပေးတယ်၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုအနေနဲ့ ပေါ်သွားတာပေါ့နော်။ ဒီအလုပ်ရဲ့ နောက်ဆက်တွဲကို အလုပ်ရသွားတဲ့လူတွေလည်း များတာပေါ့။ ပြီးတော့ ဒါကရိုးရာချည်ထည်ဖြစ်တဲ့အတွက် ဝတ်လို့လည်းအဆင်ပြေတယ်ပေါ့နော်။ ဝယ်တဲ့လူတွေအတွက်"
ဆက်နွှယ်သောသတင်းများ
[ CDM အမျိုးသမီးတွေကို အသက်မွေးမှုပညာတွေ သင်ပေးနေတဲ့ ပိတောက်ဖူးအဖွဲ့Opens in new window ]
[ ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်းOpens in new window ]
[ CDM ဝန်ထမ်းလေးဦး တည်ထောင်တဲ့ သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ငန်းOpens in new window ]
ကရင်ရိုးရာဂျပ်ခုတ်အထည်တွေကို ဒီထက်ပိုမိုရက်လုပ်ပြီး ဈေးကွက်ဝင်ရောင်းချနိုင်အောင်နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံအတွင်းက နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ ဈေးရောင်းပွဲတွေမှာ ပါဝင်ရောင်းချဖို့ သွားမယ်လို့ Revo Collection ဂျပ်ခုတ်လုပ်ငန်းဦးဆောင်သူ မခင်ဥမ္မာက ပြောပါတယ်။
ဒီဈေးရောင်းပွဲမှာ ကရင့်ရိုးရာဂျပ်ခုတ်ထုတ်လုပ်တဲ့ ကရင်အကျီ၊ လွယ်အိတ်၊ ပိုက်ဆံအိတ်၊ ခြုံပုဝါနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်ပြသထားပြီး ဒီပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေအပြင် မဲဆောက်ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစုအဖွဲ့တွေက လူတစ်ရာကျော် လာရောက်ဝယ်ယူအားပေးခဲ့ကြပါတယ်။