CDM အမျိုးသမီးတွေကို အသက်မွေးမှုပညာတွေ သင်ပေးနေတဲ့ ပိတောက်ဖူးအဖွဲ့
2024.11.20
ပြည်သူ့ဘက်ကို ရပ်တည်လာတဲ့ နယ်ပယ်အသီးသီးက CDM အမျိုးသမီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးနေပြီး ဘဝရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ ကြိုးစားနေတာကတော့ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာက ပိတောက်ဖူးအဖွဲ့ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ဆရာမတွေကိုယ်တိုင်ကလည်း CDM အမျိုးသမီးတွေပါ။ ပိတောက်ဖူးကို ၂၀၂၁ စက်တင်ဘာက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦးရဲ့ ဇနီးဖြစ်သူက ဦးဆောင်နေပါတယ်။
လက်ရှိမှာတော့ Eco printing လို့ခေါ်တဲ့ သစ်ရွက်၊ ပန်းပွင့်စတာတွေကို နဂို အရောင်အတိုင်း ပိတ်စပေါ်စွဲနေအောင် ပြုလုပ်တဲ့သင်တန်း၊ ပန်းထိုးသင်တန်းနဲ့ စီးပွားရေးဆိုင်ရာသင်တန်းတွေ ပြုလုပ်ပေးနေပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် တိုင်းပြည်ကို စွန့်ခွာလာရတဲ့ အမျိုးသမီးတွေကို အိမ်ကနေပဲ ဝင်ငွေရှာလို့ရအောင် ရည်ရွယ်ပြီး အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတွေကို ၂၀၂၄ မှာစပြီး စီစဥ်ပေးဖြစ်တယ်လို့ ပိတောက်ဖူးအဖွဲ့ တည်ထောင်သူ မစုသစ်က ပြောပါတယ်။
"အဓိကက အပြင်ထွက် အလုပ်လုပ်ဖို့ ခက်ခဲတဲ့ အခြေအနေကြောင့် အိမ်တွင်းကနေ နိုင်ငံခြားတွေ တင်ပို့ရောင်းချလို့ရမဲ့ ထုတ်ကုန်တွေပေါ့။ Ecoprinting ကို ဘာကြောင့်ရွေးချယ်တာလဲဆိုတော့ အမျိုးသမီးတွေနဲ့လည်း ကိုက်ညီမယ်လို့ ထင်တယ်။ အရင်းအနှီးကလည်း သစ်ရွက်လေးတွေပဲ လိုက်စုရတာ၊ ပိတ်စတွေ၊ ဆေးစပ်ရတဲ့ပစ္စည်းတွေ၊ ဒါတွေပဲ ကုန်ကျစရာလိုတယ်။ လတ်တလောမှာ ဒီဟာတွေကို လုပ်လို့ရတယ်။ ဒါဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်တွင်းကနေ ဝင်ငွေရရှိဖို့အတွက် ဒါလေး တတ်မြောက်သွားရင်တော့ အဆင်ပြေတယ်ပေါ့။ နောက်ပြီး စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းလည်း တက်ပြီးသွားရင်တော့ သူ့ရဲ့ ကိုယ်ပိုင်ထုတ်ကုန်လေးထုတ်ပြီး ရောင်းလို့ရတယ်။ ဒီလို စိတ်ကူးနဲ့ လုပ်တာပါ။ ခုနောက်ပိုင်း Eco friendly ထုတ်ကုန်တွေလည်း ခေတ်စားလာတော့ နိုင်ငံခြားကို တင်ပို့ရောင်းချရင် စျေးကွက်ရနိုင်မယ်လို့ စဥ်းစားပြီး လုပ်ဖြစ်တာပါ"
သင်တန်းပြီးသွားတဲ့အခါ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် ပိတောက်ဖူးက ဆက်လက်ချိတ်ဆက်ပေးတယ်လို့လည်း သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း
CDM ဝန်ထမ်းလေးဦး တည်ထောင်တဲ့ သဘာဝ ဆေးဆိုးပန်းရိုက်လုပ်ငန်း
မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အားပေးထောက်ခံဖို့ CDM တွေ နိုင်ငံတကာကို တောင်းဆို
သင်တန်းအပတ်စဥ်တစ်ခုကို လူဦးရေ ဆယ်ဦးလက်ခံပြီး လက်ရှိမှာ အပတ်စဥ်လေးခု ပြီးပြီဖြစ်ပါတယ်။ သင်တန်းလာတက်ကြတဲ့ အမျိုးသမီးတွေထဲမှာ တက္ကသိုလ်က ပါမောက္ခ၊ လွှတ်တော်အမတ်၊ တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ ဇနီးတွေ၊ CDM စစ်သားတွေရဲ့ဇနီးတွေ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းအမျိုးသမီးတွေနဲ့ ကုန်သည်တွေလို နယ်ပယ်အသီးသီးကသူတွေပါဝင်ပြီး အသက် ၂၀ ကျော်ကနေ ၅၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။
အာဏာမသိမ်းခင်က ကုန်သည်ပွဲစားလုပ်ကိုင်ခဲ့တဲ့ ဒေါ်နီနီဝင်းကလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ ရှာဖွေနေချိန်မှာ ပိတောက်ဖူးနဲ့ ဆုံဆည်းခဲ့ရတယ်လို့ ပြောပါတယ်။
"ပိတောက်ဖူးကနေ သင်တန်းလေးတွေခေါ်မယ်။ အလုပ်ရဖို့အတွက် အခွင့်အရေးပေးမယ်ပေါ့။ ဒါကြောင့် ပိတောက်ဖူးသင်တန်းကို တက်ဖြစ်တာပါ။ ပံ့ပိုးမှုလည်း များတယ်။ အပ်တိုတစ်ချောင်းတောင် မဝယ်ရဘူး။ အကုန် ထောက်ပံ့ပေးတယ်။ သင်ပြပေးတဲ့ ဆရာမတွေကလည်း အနုစိတ် သင်ပေးတယ်။ ဆယ်ရက်တာသင်ပြီးရင်လည်း အလုပ်က တောက်လျှောက် အော်ဒါကျလာတယ်။ အခုကိုပဲ ထိုးနေတယ်။ သြစီကို ပို့ရမယ်။ ကရင် အလံလေးပေါ့နော်။ ဒါ နာရီထိုးနေတာ"
လက်ရှိ သင်တန်းသူအမျိုးသမီးတွေဟာ အိတ်၊ နာရီ၊ ပဝါ၊ ခေါင်းအုံးစွပ်၊ လိုက်ကာ၊ အိပ်ယာခင်း၊ အင်္ကျီ၊ ပိုက်ဆံအိတ်၊ နားကပ်၊ ဆွဲကြိုး စတာတွေ ထုတ်လုပ်နိုင်ပြီဖြစ်ပြီး အမေရိကား၊ သြစတြေးလျ၊ စင်ကာပူနိုင်ငံတွေကနေ အမှာတွေလက်ခံရနေပြီ ဖြစ်ပါတယ်။
ပိတောက်ဖူးအနေနဲ့ ရရှိလာတဲ့ အကျိုးအမြတ်ကို ကိုယ်တိုင်လုပ်တဲ့သူတွေကိုပဲ လုပ်အားခအနေနဲ့ ပြန်ပေးပြီး ပမာဏအနည်းငယ်ကိုသာ နောက်ထပ်သင်တန်းတွေဖွင့်နိုင်ဖို့ ရည်ရွယ်ပြီး ယူတယ်လို့ မစုသစ်က ပြောပါတယ်။
ဒီလိုသင်တန်းတက်ပြီး အလုပ်တွေ လုပ်ခွင့်ရလာတဲ့အတွက် အရင်လို စိတ်ဓာတ်ကျတာမျိုး မရှိတော့ဘဲ စိတ်တည်ငြိမ်လာတယ်လို့ ဒေါ်နီနီဝင်းက ပြောပါတယ်။
"ကိုယ်တွေရောက်လာတုန်းကဆိုရင် တော်တော်ကြီးကို စိတ်ဓာတ်ကျတယ်။ ဒီမှာဆို အလုပ်အကိုင်လည်း မရှိတော့ စိတ်ဓာတ်တွေယိုယွင်းခဲ့ရတယ်။ ဒါကလည်း ကိုယ့်တစ်ယောက်တည်း မဟုတ်ပါဘူးလေ။ ဒီကိုရောက်လာတဲ့လူတွေ အကုန် ကြုံတွေ့ရတာပါ။ ဒီပန်းထိုးသင်တန်းလေးခေါ်တော့ တက်ဖြစ်လိုက်တယ်။ ဒီထဲမှာ စိတ်နှစ်ပြီး ကိုယ်ထိုးတော့ တခြား အတွေးတွေ မရှိတော့ဘူး။ လှအောင်ဘယ်လိုလုပ်ရမလဲဆိုတာပဲ တွေးတဲ့အတွက် တခြားအတွေးတွေ မတွေးမိတော့ဘူး။ စိတ်တည်ငြိမ်မှုလည်း ရလာတယ်"
ကိုယ်လက်နဲ့ ဖန်တီးထားတဲ့ လက်ရာကို တန်ဖိုးထားဝယ်ယူအားပေးခံရတဲ့အခါ ပီတိဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။
"ဒီချိန်မှာ နေထိုင်စားသောက်ဖို့ ဖြေရှင်းဖို့အတွက် သူတို့ဘဝလေးတွေ ဝင်ငွေလမ်းကြောင်းတစ်ခု ရရှိဖို့အတွက် ပြည်သူက ကူညီပေးကြပါ"
တချို့ဆို အရင်က အရာရှိ၊ အရာခံတွေ ဖြစ်ပေမဲ့ လက်ရှိမှာ စားဝတ်နေရေး ပြေလည်ဖို့ အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်ကိုင်နေကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီလိုအသက်မွေးဝမ်းကျောင်းပညာတွေ တတ်မြောက်ပြီး ဝင်ငွေရှာကြတဲ့အခါ အားပေးစေချင်တယ်လို့ မစုသစ်က ပြောပါတယ်။
"အာဏာသိမ်းတဲ့အချိန်မှာ ပြည်သူလူထုက ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး သူတို့ကို လှုံ့ဆော်ခဲ့ကြတယ်ပေါ့နော်။ ခုသုံးနှစ်ကျော်လာတဲ့အခါ တချို့ စာသင်နေတဲ့ ကထိကကြီးတွေ၊ ဆေးထိုးအပ်ကိုင်တဲ့ လက်၊ မြေဖြူကိုင်တဲ့ လက်လေးတွေက Handmade တွေ ပြုလုပ်နေရပြီပေါ့နော်။ အစ်မတို့လည်း ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး အော်ခဲ့တဲ့ အထဲမှာ ပါတယ်။ ပါတဲ့အခါကျတော့ ဒီလူတွေကို သူတို့ ခုလိုဖြစ်ပြီဆိုတဲ့အချိန်မှာ ပြည်သူလူထုအနေနဲ့ နိုင်ငံတကာက ပြည်သူလူထုတွေရော ဒီလူတွေကို ပြန်အားပေးကြပါ။ အားပေးသင့်တယ်လို့ ထင်တယ်။ ဒီအမျိုးသမီးတွေ ဒီချိန်မှာ နေထိုင်စားသောက်ဖို့ ဖြေရှင်းဖို့အတွက် သူတို့ဘဝလေးတွေ ဝင်ငွေလမ်းကြောင်းတစ်ခု ရရှိဖို့အတွက် ပြည်သူက ကူညီပေးကြပါ"