မဲဆောက်မှာ ပလုံကောက်နေတဲ့ CDM စစ်သား

RFA Burmese
2024.11.26
မဲဆောက်မှာ ပလုံကောက်နေတဲ့ CDM စစ်သား မဲဆောက်မြို့တွင် ပလုံကောက်နေသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်သား ကိုနိုင်မိုးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စစ်သား ကိုနိုင်မိုးဟာ အလုပ်အကိုင်မရှိလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့က လမ်းဘေးအမှိုက်ပုံးတွေထဲက စွန့်ပစ်ပစ္စည်းတွေကို နေ့စဉ်လိုက်ရှာနေသူဖြစ်ပါတယ်။

သူနဲ့သူ့မိသားစု နေ့စဉ်စားဝတ်နေရေးအတွက် နေပူတာတွေ၊ မိုးရွာတာတွေကိုသတိမထားဘဲ နေ့တိုင်းလုပ်ကိုင်နေရသူပါ။ သူ့အသက်က ၂၅ နှစ်ရှိပြီလို့ပြောပါတယ်။ မွန်ပြည်နယ် ရေးမြို့ဇာတိဖြစ်ပြီး ၁၆ နှစ်သားမှာ စစ်တပ်ထဲရောက်လာတာလို့ ပြောပါတယ်။

"ကျွန်တော့နာမည် နိုင်မိုး၊ ကိုယ်ပိုင်နံပါတ်က တ/၅၅၁၄၉၁ နေတဲ့တပ်ရင်းက ကော့ကရိတ် အမြောက်တပ်ရင်း ၃၁၂၊ ကျွန်တော့်အိမ်မှာ အဆင်မပြေလို့ အိမ်မှာစကားများလို့ အိမ်ပေါ်ကနေဆင်းလာတယ်၊ ဆင်းလာပြီးတော့ ကားတစ်စီးနဲ့တွေ့တယ်၊ အဲဒီကားက စစ်ဗိုလ်ကြီးလားမသိဘူး အရပ်ဝတ်နဲ့ပဲ၊ အဲဒါကျွန်တော်ကမသိဘဲ လိုက်သွားတယ်၊ ဟိုရောက်တော့ သူစစ်ဗိုလ်ကြီးမှန်းသိရတယ်၊ ကျွန်တော့်ကို စစ်သားနဲ့တူတယ်ဆိုပြီးတော့ ခေါ်သွားတယ်၊ စစ်တပ်ထဲဝင်မလားလို့ ကျွန်တော့်ကိုမေးတယ်၊ ကျွန်တော်လည်း အိမ်မှာအခက်အခဲဖြစ်နေတော့ ဝင်မယ်လို့ပြောလိုက်တယ်"


စစ်တပ်ထဲ စုစုပေါင်း ခုနစ်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး အထက်အရာရှိတွေက ဖိနှိပ်ဆက်ဆံတာတွေကို မကျေနပ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ သူငယ်ချင်းဖြစ်သူနဲ့အတူ မဲဆောက်မြို့ကို ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်မှာမနေချင်တော့လို့၊ စစ်တပ်ကနှိပ်စက်တာ မခံနိုင်တော့လို့၊ ကိုယ့်ထက်ကြီးတဲ့သူကလည်း နှိပ်စက်တာခံနေရတယ်၊ ဒါကြောင့်မို့ ကျွန်တော်သူငယ်ချင်းကလည်း သွားချင်တယ်ဆိုလို့ ညှိတယ်၊ ကျွန်တော်တို့ကင်းစောင့်ရင်းနဲ့ သူနဲ့ညှိပြီးတော့ ရေချိုးရင်းနဲ့ ထွက်ပြေးကြတယ်၊ ပြေးတာတောင်မှ သူ့ကိုတွဲခေါ်ရသေးတယ်၊ တွဲခေါ်ရင်းနဲ့ သူတို့အနောက်ကလိုက်ကြသေးတယ်၊ ကား သုံးစီး လေးစီးလောက်ရှိတယ်၊ ကျွန်တော်တို့ တောလမ်းကဖြတ်ပြေးလာခဲ့တယ်၊ ပြေးတာတောင်မှ ကျွန်တော့် သေနတ်ထားခဲ့လိုက်တယ်၊ ရေချိုးတဲ့နေရာမှာ၊ လူပဲလွတ်အောင်ပြေးမယ်ဆိုပြီး ပြေးလာခဲ့လိုက်တယ်"

လူအချင်းချင်းဖိနှိပ်ဆက်ဆံတဲ့ စစ်တပ်အပေါ်စိတ်နာလို့ ခုလိုထွက်ပြေးလာတာဖြစ်ပြီး မဲဆောက်မြို့က မြန်မာနိုင်ငံသား အဖွဲ့အစည်းတွေကလည်း CDM လုပ်ရာမှာ အကူအညီပေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် နောင်တမရဘူးလို့ သူကဆိုပါတယ်။

"အရင်တုန်းကတော့ စစ်တပ်အပေါ်စိတ်မနာဘူး၊ အခုနောက်ပိုင်း ကျွန်တော်ရှေ့တန်းမှာ တာဝန်ထမ်းဆောင်တော့ ကျွန်တော်စိတ်နာသွားတယ်၊ ကျွန်တော့်ဘက်ကလည်းမှန်တယ် ကျွန်တော်လည်း အထိုးခံရတယ်၊ အထိုးခံရတော့ ကျွန်တော်ပြန်ထိုးမယ်ကြံတော့ ဗိုလ်ကြီးအရာရှိတွေက ကျွန်တော့် ဘက်ကိုပဲလာမှာပဲ၊ ကျွန်တော်က အငယ်ဆိုတော့လေ၊ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကိုဆွဲထားတယ်၊ ကျွန်တော့်သူငယ်ချင်းကလည်း သူအိပ်နေတော့ သူ့ကိုအနိုင်ကျင့်တော့ ကျွန်တော်လည်း မခံနိုင်ဘူးပေါ့၊ မခံနိုင်တော့ စစ်တပ်ကိုစိတ်နာပြီးတော့ ကျွန်တော်ထွက်လာခဲ့လိုက်တယ်"


ဆက်နွှယ်သောသတင်းများ

တပ်မတော်သားဟောင်းတစ်ဦးရဲ့ တော်လှန်ရေးခရီး

CDM အမျိုးသမီးတွေကို အသက်မွေးမှုပညာတွေ သင်ပေးနေတဲ့ ပိတောက်ဖူးအဖွဲ့

ဆရာဝန်တစ်ယောက်ရဲ့ တော်လှန်ရေးခရီးကြမ်း


CDM လုပ်ပြီးမကြာခင်မှာပဲ အိမ်ထောင်ကျလို့ မိန်းမဘက်က မိသားစုတွေနဲ့အတူ အိမ်ခန်းငှားပြီးနေထိုင်ကြတယ်လို့ ပြောပါတယ်။ CDM လုပ်ထားလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက ရိက္ခာပုံမှန်ရပေမဲ့ နေ့စဉ်အိမ်သုံးစရိတ် ဖြေရှင်းဖို့ ဝင်ငွေရှာရပါတယ်။ မိန်းမဘက်က မိဘတွေကလည်း ရွှေ့ပြောင်းလုပ်သားတွေအဖြစ် မဲဆောက်မြို့မှာ အခြေချနေထိုင်သူတွေဖြစ်ကြပါတယ်။

သူ့ဆီမှာ အထောက်အထားတစ်စုံတစ်ရာဘာမှမရှိတဲ့အတွက် အလုပ်လည်းရှာလို့ မရဘဲ အခုလို ပလုံကောက်နေရတဲ့ ဘဝရောက်နေတာပါ။

"ကျွန်တော်ကော်ကောက်တာ ပစ္စည်းကောင်းရမှ ၂၅၀ ၊ ၃၀၀ ရတယ်၊ ပစ္စည်းကောင်းမရဘူးဆိုရင် ၁၅၀၊ ၂၀၀ လောက်ပဲရတယ်၊ ရောင်းရင် မဲဆောက်ထဲမှာ သွားရောင်းရတယ်၊ မဲဆောက်ထဲရောင်းပြီးတော့ ပြန်လာပြီးတော့ ပြန်ကောက်လည်းပြန်ကောက်ပေါ့၊ နေ့တိုင်းကောက်တယ်၊ နေမကောင်းတဲ့ရက်ဘဲ နားတယ်၊ ကျန်တဲ့အချိန် နေ့တိုင်းပဲကောက်တယ်၊ ညနေ၊ မိုးချုပ် ကောက်တယ်"

နေ့စဉ်ပလုံကောက်လို့ရတာတွေကို အိတ်တွေနဲ့စုထည့်ထားပြီး များလာတော့မှ မဲဆောက်မြို့ထဲက ဒိုင်မှာသွားရောင်းတယ်လို့ ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တွေ့ရသည့် (CDM) စစ်သား ကိုနိုင်မိုး။ (Photo : ko Naing Moe)
ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် တွေ့ရသည့် (CDM) စစ်သား ကိုနိုင်မိုး။ (Photo : ko Naing Moe)

ကိုယ်ဝန် ရှစ်လရှိပြီဖြစ်တဲ့ မိန်းမအတွက် မီးဖွားစရိတ်၊ မီးဖွားပြီးရင် ကလေးစရိတ်တွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်မိန်းမက ညဘက်ညဘက်ဆိုပြောတယ်ဗျ၊ အစ်ကိုတဲ့ ဒီကော်ကောက်လို့အဆင်မပြေဘူးတဲ့၊ အလုပ်တစ်ခုလောက်ရှာပါတဲ့၊ ကျွန်တော့်မှာလက်မှတ်မရှိဘူးလေ၊ မရှိတော့ဘာအလုပ်ရှာလို့ရှာရ မှန်းမသိဘူး၊ ပြီးတော့သူကပဲ ပြောတာ ဒီလကုန်ပြီး ၂၄ ရက်နေ့ကျရင် သူမွေးတော့မယ်တဲ့ အဲဒီအခါ ကျရင် ပိုက်ဆံဘယ်လိုရှာမလဲတဲ့၊ ဒီလိုပဲ ကြည့်ကျက်ပြီးရှာရမယ်လို့၊ ကျွန်တော့် CDM သွင်းပေးထားတဲ့ ဆရာနဲ့လမ်းမှာတွေ့တော့ တစ်ခါတစ်လေကျရင် မုန့်ဖိုးပေးတယ်ပေါ့နော်၊ အခြေအနေ နေကောင်းလား အဆင်ပြေလားပေါ့ ဘယ်လိုပုံစံဖြစ်နေလဲ၊ ဆရာလည်း ခရီးထွက်ရမယ်တဲ့ နောက်တစ်ခေါက်ကျရင် ဆရာလာခဲ့ပါ့မယ်တဲ့၊ သူလည်းလိုက်ပြီးတော့ အမြဲတန်းကူညီပေးတယ်"

စစ်တပ်ထဲမှာနေခဲ့ချိန်က နေ့စဉ်နေ့တိုင်း အမိန့်ညွှန်ကြားချက်တွေနဲ့ အထက်အရာရှိတွေက မညှာမတာ အနိုင်ကျင့်နှိပ်စက်တဲ့အတွက် တစ်နေ့တော့ လက်စားပြန်ချေမယ်ဆိုတဲ့အထိ စိတ်နာတယ်လို့ သူကပြောပါတယ်။

လက်ရှိဘဝက ရှာဖွေစားသောက်ရတာပင်ပန်းပေမဲ့ စစ်သားဘဝမှာလို လူမဆန်စွာ နှိပ်စက်ဖိနှိပ်ခံရတာတွေမရှိတော့တဲ့အတွက် ဒီလိုဘဝမျိုးနဲ့ပဲ ရှေ့ဆက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကိုနိုင်မိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။