ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေတဲ့ CDM ခွဲစိတ်ဆရာဝန်

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024.08.16
ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေတဲ့ CDM ခွဲစိတ်ဆရာဝန် ကယားပြည်နယ်၏ ပထမဆုံး ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေသူ ဒေါက်တာမျိုးခန့်ကိုကိုအား တွေ့ရစဉ်။
Facebook / Myo Khant Ko Ko

မကွေးတိုင်း ဆေးတက္ကသိုလ်က ဆေးပညာဘွဲ့ရပြီးနောက် တာဝန်ကျရာ အစိုးရဆေးရုံတွေမှာ လူနာတွေကိုကုသပေးရင်း အဆင့်မြင့်ဆေးပညာတွေသင်ယူဖို့ ကြိုးစားနေသူကတော့ ဒေါက်တာမျိုးခန့်ကိုကိုပါ။ ဝါသနာပါရာ ဆေးပညာနဲ့ ဘဝကိုအသက်မွေးဝမ်းကျောင်းရင်း သူတတ်ထားတဲ့ဆေးပညာတွေကို တတ်နိုင်တဲ့အားနဲ့ ပညာမျှဝေနိုင်ဖို့က သူ့ရည်မှန်းချက်တစ်ခုပါ။

၂၀၂၁ ခုနှစ် လွိုင်ကော်ဆေးရုံမှာ တာဝန်ကျလို့ပြောင်းလာချိန်မှာပဲ စစ်အာဏာသိမ်းတာနဲ့ တွေ့ကြုံပြီး အာဏာသိမ်းပြီး ကိုးရက်အကြာမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ လူထုသပိတ်လှုပ်ရှားမှုမှာ သူပါဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကပါဝင်ရင်း အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုတွေမှာ ဒဏ်ရာရသူတွေကို ဆေးကုသဖို့ တာဝန်ယူခဲ့ပါတယ်။

“သပိတ်လုပ်နေရင်းနဲ့ စစ်တပ်က အကြမ်းဖက်မှုတွေလုပ်လာတဲ့အခါမှာ သပိတ်လုပ်တဲ့သူတွေ ဒဏ်ရာရရှိခဲ့ကြတယ်။ ဒဏ်ရာရရှိခဲ့တဲ့သူတွေကို CDM လုပ်ခဲ့တဲ့ ဆရာဝန်တွေ သူနာပြုတွေအားလုံး တိုင်ပင်ပြီးတော့မှ ဆေးရုံတစ်ခုလုပ်ခဲ့တယ်။ တော်တော်အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့ကို ဒုတိယလွိုင်ကော်ဆေးရုံကြီးလို့တောင် နာမည်တပ်ခဲ့တယ်။ လွိုင်ကော်ဆေးရုံက CDM လုပ်ခဲ့တဲ့အချိန်မှာ လုံးဝရပ်ဆိုင်းသွားပြီးတော့ ကျွန်တော်တို့ CDM တွေ အင်အားစုတွေလုပ်တဲ့နေရာကိုပဲ ပြည်သူတွေရော ဒဏ်ရာရတဲ့သူတွေရောပေါ့ အချိန်တော်တော်ကြာတဲ့အထိ ကိုးလလောက်ထိ ကုပေးနိုင်ခဲ့တယ်”

စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်လာချိန်မှာပဲ သူတို့လို CDM ဝန်ထမ်းတွေလည်း တောတောင်တွေထဲ ခိုလှုံထွက်ပြေးရပါတော့တယ်။ လက်နက်ကြီးသံနဲ့ လေယာဉ်သံတွေကြားထဲ ပုန်းခိုနေချိန်မှာပဲ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေအတွက် သူတတ်ထားတဲ့ ဆေးကုသမှုနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ ဆေးဝါးမလုံလောက်တဲ့ကြားက သူ့လို ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ တောတွင်းဆေးရုံလေးတစ်ခု စတင်လာခဲ့ပါတော့တယ်။

“တိုက်ပွဲက အရှိန်အဟုန်အမြင့်ဆုံးအနေအထားကိုရောက်လာတဲ့အခါကျတော့ ဒီထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအကုန်လုံးက ကျွန်တော်တို့ရှိတဲ့ ဆေးရုံကိုလာတယ်။ အဲဒီအခါမှာ နှစ်လလောက်ကြာတဲ့အခါမှာ စကစဘက်က သတင်းရပြီးတော့ ကျွန်တော်တို့ဆေးရုံကို လေယာဉ်နဲ့ဗုံးကြဲတယ်ပေါ့နော်။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရော ဒဏ်ရာရရဲဘော်လူနာတွေရော ထိခိုက်မှုမရှိဘဲနဲ့ နောက်တစ်နေရာကို ရွှေ့လိုက်ရတယ်ပေါ့နော်”

စစ်ဘေးဒုက္ခသည်လူနာတွေကို သူတို့နိုင်တဲ့အားနဲ့ ဝိုင်းဝန်း ကြိုးပမ်းကုသပေးရတာပါ။ တစ်နေ့ထက်တစ်နေ့ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ တောတွင်းတစ်နေရာမှာ အသက်ဝင်လာတဲ့ လုကာဆေးရုံလေးဟာ တိုက်ပွဲမှာထိခိုက်ရသူ ဒဏ်ရာရသူတွေအတွက် နေ့စဉ်ပျားပန်းခတ်လှုပ်ရှားနေရတာပါ။ ဒေါက်တာမျိုးခန့်ကိုကိုတစ်ယောက် သူတတ်ထားတဲ့ ခွဲစိတ်ပညာနဲ့ သေတွင်းထဲကနေ ကယ်တင်ပေးနိုင်ခဲ့သူတွေရှိခဲ့ပါတယ်။

“ခေါင်းအစ ခြေအဆုံးပေါ့နော်။ ဦးနှောက်နဲ့ပတ်သက်တဲ့အရာတွေပေါ့။ အဲဒါတွေလည်း ခွဲစိတ်ရတယ်ပေါ့။ ဦးနှောက်ထဲကို ကျည်ဆန်ဝင်သွားတဲ့အရာတွေ လက်နက်ကြီးအစဝင်သွားတဲ့အရာတွေ ဦးနှောက်တစ်ခုလုံး ခေါင်းခွံကြီးတစ်ခုလုံး ပွင့်ပြီး ဦးနှောက်တွေထွက်လာတဲ့အရာတွေလည်း ခွဲစိတ်ရတယ်။ အဲဒီခွဲစိတ်မှုတွေမှာလည်းပဲ ကျွန်တော်တို့ဆိုရင် ခြောက်ယောက်လောက်ပြန်ဆွဲခေါ်ထားနိုင်တယ်ပေါ့။ ကျန်တဲ့အသက်မကယ်လိုက်နိုင်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေကိုမခွဲရင် လုံးဝသေချာတယ် သေမယ့်သူမျိုးတွေ။ အဲဒီခြောက်ယောက်လောက်ပြန်ကယ်တင်နိုင်ခဲ့တယ်”

အဘက်ဘက်က ခက်ခဲနေတဲ့ကြားက သူတို့ကြိုးပမ်းလှုပ်ရှားမှုတွေကြောင့် လုကာဆေးရုံလေးမှာ ခေတ်မီဆေးပစ္စည်းတွေနဲ့ ကုသပေးနိုင်နေပါပြီ။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် လူနာတွေကို ကုသပေးနိုင်ဖို့နဲ့ ဆက်လက်ရှင်သန်ရေးအတွက် ကြိုးပမ်းနေရဆဲပါ။

“အဓိကကတော့ ပိုက်ဆံရှာရတာခက်တယ်။ အလှူငွေနဲ့ရပ်တည်နေရတာကိုး။ ဒါပေမဲ့လည်း ကိုယ့်ရဲ့စေတနာမှန်ကန်မှုကြောင့်မို့လို့ ဖြည်းဖြည်းချင်းနဲ့ရလာပြီးတော့ အခုထိတော့ သွားနေနိုင်သေးတယ်ပေါ့လေ။ တစ်ခါတလေကျတော့လည်း ဆေးနဲ့ပတ်သက်ပြီး ဆေးအကြွေးတွေလည်း အများကြီးရှိတယ်”

ပညာကိုတန်ဖိုးထားသူတစ်ယောက်အနေနဲ့ အခုလို တောတွင်းထဲမှာ ဆေးရုံကို အသက်သွင်းနေသလို ဆေးပညာရှင်တွေကို ပညာဖြန့်ဝေသူတစ်ယောက်ဖြစ်ချင်တဲ့သူ့ရဲ့ အိပ်မက်ကို ကြိုးပမ်းနေပါတယ်။ နိုင်ငံတကာက နောက်ဆုံးပေါ် ဆေးပညာရပ်တွေကိုလည်း အွန်လိုင်းကနေ ဆက်လက်သင်ယူနေပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းပြီးနောက် အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်များ

နိုင်ငံ့အရေး ကျရာနေရာကပါဝင်ပေးနေတဲ့ ပြည်ပရောက် မြန်မာလူငယ်များ

စစ်မှုထမ်းဥပဒေကြောင့် ဘဝအခက်ကြုံရတဲ့ လူငယ်များ


တစ်ချိန်မှာ ဆေးပညာရှင်တွေပေါ်ထွန်းလာပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်အတွက် ဆေးကောလိပ်ဖြစ်မြောက်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်း‌နေကြပါတယ်။ ကရင်နီပြည်နယ်ရဲ့ ပထမဆုံး ဆေးကောလိပ်အတွက် ကျောင်းအုပ်အဖြစ် ဒေါက်တာမျိုးခန့်ကိုကိုတစ်ယောက် တာဝန်ယူထားပါတယ်။ ကရင်နီပြည်နယ်က ဒေသခံကျောင်းသားတွေကို လူတွေ့ စာတွေ့ စစ်ဆေးပြီး ဆေးကောလိပ်တက်ရောက်နိုင်မယ့် စာမေးပွဲအောင်မြင်သူ အယောက် ၄၀ ရှိခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားတွေကိုယ်တိုင် ဆေးပညာနဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။

“ဆရာဝန်တွေ ဆေးကျောင်းသားတွေ ဆေးကျောင်းသူအများစုသည် တခြားပြည်နယ်နဲ့တိုင်းကလာတာ။ ဒီလူတွေက တော်လှန်ရေးပြီးလို့ ပြန်သွားရင် ဒီမှာ ဟာလာဟင်းလင်းကြီးကျန်ခဲ့မှာ။ ရှင်းရှင်းပြောရရင် တော်လှန်ရေးကလည်း ကြာအုံးမယ်။ ပြီးသွားရင် ဒီလုပ်နေတဲ့သူတွေကလည်း အရမ်းနည်းတဲ့အခါ အရမ်းပင်ပန်းလာကြပြီ။ ဖက်ဒရယ်ဆိုတဲ့ရည်ရွယ်ချက်ရယ်။ ကလေးတွေပညာသင်ကြားခွင့်အခွင့်အလမ်းရရှိအောင်ရယ် လူ့စွမ်းအားအရင်းအမြစ်တွေ ရရှိအောင် ဆရာဝန်ဆိုတဲ့ လူ့စွမ်းအားအရင်းအမြစ်ထွက်ပေါ်လာအောင် ရည်ရွယ်ချက်သုံးခုနဲ့ စပြီးတော့ ဖြစ်အောင်ကြိုးစားခဲ့ကြတယ်”

တော်လှန်ရေးခရီးကြမ်းမှာ ဒေါက်တာမျိုးခန့်ကိုကိုတစ်ယောက် ဆေးပညာရှင်အနေနဲ့ ကျရာနေရာကနေ ဆက်လက်ပါဝင်နေပါတယ်။

“အခုထိလည်း စိတ်မပျက်သေးဘူး။ နောက်ထပ်လည်းပဲ တော်လှန်ရေးကို ဘယ်လောက်ကြာကြာ သွားဖို့အတွက်ကို ကျွန်တော်ကတော့ စိတ်အားလည်း ထက်သန်နေတုန်းပဲ။ နိုင်မယ်လို့လည်း ယုံကြည်တယ်။ နိုင်လည်း နိုင်ရမယ်ပေါ့နော်”

တော်လှန်ရေးအောင်မြင်ပြီးနောက် တတ်ထားတဲ့ဆေးပညာနဲ့ပဲ သူ့အနာဂတ်နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။