စစ်မှုထမ်းဥပဒေကြောင့် ဘဝအခက်ကြုံရတဲ့ လူငယ်များ

RFA Burmese
2024.04.08
စစ်မှုထမ်းဥပဒေကြောင့် ဘဝအခက်ကြုံရတဲ့ လူငယ်များ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ထွက်ခွာလာတဲ့ လူငယ်တစ်ဦးကို တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့  စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ရတဲ့နည်းနဲ့ နိုင်ငံပြင်ပကို ထွက်ခွာနေကြပြီး သူတို့တွေဟာ တိုင်းတပါးမှာ ရရာအလုပ်တွေ လုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရပါတယ်။ အဲဒီအထဲမှာ လုံခြုံရေးအရ အမည်လွှဲထားတဲ့ အသက် ၂၃ နှစ်အရွယ် အဝေးသင် တက္ကသိုလ်ကျောင်းသား Rowan (ရိုဝမ်) လည်းပါဝင်ပါတယ်။

“အရင်တုန်းကတော့ ကိုယ့်အတတ်ပညာနဲ့ကိုယ်ပေါ့။ ဒီဖက်ပြောင်းလာတော့ အသက်မွေးဝမ်းကျောင်းအတွက် ရွေးလို့မရတော့ဘူး။ ကြုံရာတစ်ခုကို လုပ်ရတယ်။ အဓိကတော့ ကိုယ့်ကိုခေါ်မဲ့အလုပ်ရှိတာကိုပဲ ကျေးဇူးတင်တဲ့အနေနဲ့ ဒီဟာကိုပဲ လုပ်ရတယ်။ ပင်တော့ပင်ပန်းတယ်ဆိုပေမဲ့ စိတ်ချမ်းသာတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ အခက်အခဲဖြစ်နေတာထက်စာရင် ဒီမှာဘာပဲလုပ်ရလုပ်ရ လွတ်လွတ်လပ်လပ်လေးနဲ့ စိတ်ချမ်းချမ်းသာသာလေးနဲ့ နေနိုင်တယ်ဆိုတော့ အဆင်ပြေပါတယ်။ အဆင်ပြေအောင်တော့ လုပ်နေရတယ်။

“ငါဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားနေရတယ်။ အိပ်မပျော်နိုင်ဘူး။ ကျွန်တော့်မိသားစုတွေလည်း သူတို့လည်း အိပ်တောင်မပျော်ဘူး။” တတိယနှစ်ကျောင်းသား ကိုဇင်ကိုဇဏ်, လုံခြုံရေးအရ အမည်လွှဲထားသူ

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တဲ့နောက်ပိုင်း ရိုဝမ်လဲ ထိုင်းနယ်စပ်ကို တိမ်းရှောင်လာခဲ့တာပါ။ နယ်စပ်ရောက်တော့ သူ့ရဲ့ဘ၀ရပ်တည်နိုင်ရေးအတွက် နာနတ်သီးခွဲတဲ့ လုပ်ငန်းမှာ ရိုဝမ် ဝင်လုပ်နေရပါတယ်။

“နာနတ်သီးခွဲရတာ တစ်ကီလိုကို ခုနှစ်ဘတ်ပေးတယ်။ ခွဲနိုင်ရင် ခွဲနိုင်သလောက်ရတယ်။ တစ်နေ့မှာ ကီလိုငါးဆယ်ခွဲနိုင်ရင်လည်း ငါးဆယ်နဲ့တွက်ပြီးတော့ပေးတယ်။ တစ်ရက်ကို ကျွန်တော်အများကြီးတော့ မခွဲနိုင်ဘူး။ ကျွန်တော်အရမ်းကြီးလည်း မလုပ်နိုင်ဘူး။ နာနတ်သီးကကျတော့ နည်းနည်းပင်ပန်းတယ်လေ။ ပင်ပန်းတော့ ကိုယ်တတ်နိုင်သလောက်ပေ့ါနော်။ ငါးဆယ်ရလည်း ငါးဆယ်၊ တစ်ရာရလည်း တစ်ရာ အဲလောက်ပဲ ခွဲနိုင်တယ်။ ဒါပေမဲ့ စားဖို့နေဖို့နည်းနည်းအဆင်ပြေတယ်ဆိုရင်တော့ ရပါပြီ။ အများကြီးစုမိအောင် ခွဲမယ်ဆိုပြီးတော့ မတွက်ထားဘူး။

စစ်မှုထမ်း ဥပဒေကြောင့် သူ့ရဲ့ အနာဂတ် ရည်မှန်းချက်တွေ ပျောက်ဆုံးသွားတယ်လို့ ပြောလာတဲ့သူကတော့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ အသက် ၂၂ နှစ်အရွယ် တတိယနှစ်ကျောင်းသား ကိုဇင်ကိုဇဏ်ပါ။

“ဒီဟာကြီးသာ မဖြစ်ခဲ့ရင် ကျောင်းပြီး အလုပ်လုပ်နေရတော့မှာ။ အခုကတော့ ဘာအလုပ်မှလည်း လုပ်မရဘူး။ ဒီအတိုင်းနေနေရတယ်။ ကျောင်းပြီးရင် သက်ဆိုင်တဲ့နယ်ပယ်မှာ အလုပ်ဝင်မယ်ဆိုပြီးရှိတယ်။ အခုဒါတွေဖြစ်သွားတော့ ဘာမှမလုပ်ဖြစ်တော့ဘူး။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ နိုင်ငံခြားပဲ သွားရမလား။ ဂျပန်ပဲ သွားရမလား။ ကိုရီးယားပဲ သွားရမလား အဲလိုဖြစ်သွားတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ကြေညာလိုက်တဲ့နောက်မှာ ပြည်တွင်းကလူငယ်တွေနဲ့ သူတို့မိသားစုတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေများစွာ ကြုံခဲ့ကြရတယ်လို့ သူက ဆိုပါတယ်။ ဒီဥပဒေကြာင့် သူ့မိသားစုတွေလည်း စိတ်ဖိစီးမှုအတော်ခံစားခဲ့ရတယ်လို့ ကိုဇင်ကိုဇဏ်က ပြောပါတယ်။

“စိတ်ကတော့ ညစ်သွားတယ်။ တပ်ထဲဝင်ရင် သေရင်သေ၊ မသေရင် ခြေလက်အင်္ဂါဆုံးရှုံးမှာဆိုတော့လေ။ တစ်ပတ်လောက် အိပ်မပျော်ဘူး။ စဉ်းစားနေတာလေ။ ငါဘာတွေ ဆက်လုပ်ရမလဲ။ ငါဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားနေရတယ်။ အိပ်မပျော်နိုင်ဘူး။ ကျွန်တော့်မိသားစုတွေလည်း သူတို့လည်း အိပ်တောင်မပျော်ဘူး။

စစ်မှုမထမ်းလိုတာကြောင့်သာ  ပြည်ပကို ထွက်လာခဲ့ပေမဲ့လည်း သူ့အနာဂတ်ရည်မှန်းချက်တွေ ပျောက်ဆုံးနေတယ်လို့ ကိုဇင်ကိုဇဏ်က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ကို တက်ရောက်နေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo : Myanmar Military)
ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) ကို တက်ရောက်နေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo : Myanmar Military)

ဘာသာစကား မကျွမ်းကျင်မှု၊ အလုပ်အကိုင်ရရှိမှု နည်းပါးခြင်းတွေကြောင့် ဘဝရေရှည်ရပ်တည်နိုင်ဖို့အတွက် သူစိတ်ပူနေရပါတယ်။

“သူတို့တပ်ထဲဝင်ရင်ဝင် မဝင်ရင်ပြေးရမှာပေါ့။ အဲဒါကြောင့် ပြေးရင်းနဲ့ဒီဖက်ရောက်လာတာ။ အဓိကတော့ ငွေရေးကြေးရေးပေ့ါ။ နေနိုင်ပါ့မလား။ တတ်နိုင်ပါ့မလား။ အဲလိုမျိုးတွေ စဉ်းစားရတယ်။ ပြီးတော့ ဘာသာစကားပေါ့။ အဓိက ထိုင်းလိုပြောရမှာဆိုတော့ ထိုင်းက တစ်ခါမှလည်း မလုပ်ဖူးဘူးတာ့လေ။ ဘာသာစကားတို့ ငွေရေးကြေးရေးတို့ တော်တော်စဉ်းစားရတယ်။ လောလောဆယ်တော့ ဘာသာစကားသင်မယ်။ အဲဒီအတောအတွင်းမှာ အိမ်ကထောက်ပံ့ပေးမယ်။ တတ်သွားရင်တော့ အလုပ်ရှာ အလုပ်လုပ်မယ်။

စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို စစ်ပွဲတွေကြားပါဝင်ဖို့ တွန်းအားပေးနေသလို ဖြစ်တာကြောင့် လူငယ်တွေဟာ နိုင်ငံပြင်ပကို မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ထိုင်းနယ်စပ်ကိုလည်း တရားဝင်ရော၊ တရားမဝင်ပါ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေ တစ်နေ့ထက်တစ်နေ့တိုးလာနေပြီး သူတို့တွေဟာ ဒေသအသစ်မှာ အခက်အခဲတွေရင်ဆိုင်ရင်း ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုးစား ရုန်းကန်နေရပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။