ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု

RFA Burmese
2024.09.09
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာကလေးငယ် မသင်းသီရိစံအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အသက် ၉ နှစ် အရွယ် မသင်းသီရိစံရဲ့ မိဘနှစ်ပါးဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် ထောင်ထဲမှာ တစ်လနီးပါးစီ နေခဲ့ရပါတယ်။

မိသားစုရှေ့ရေးနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အသက်အန္တရာယ်ကြားက ထိုင်းနိုင်ငံဘက်ကို ၂၀၂၂ ခုနှစ်မှာ သူတို့ ထွက်ပြေးလာခဲ့တာပါ။ အခုတော့ မသင်းသီရိစံဟာ ထိုင်းအစိုးရ စာသင်ကျောင်းမှာ ဒုတိယတန်း တက်နေပါပြီ။

"သူက မြန်မာလူမျိူးလည်းဖြစ်လို့ သူ့ကိုနှိမ်မှာ အရမ်းကြောက်တော့ ရောက်တဲ့နေရာမှာ ကြိုးစားတယ်"

ထိုင်းနိုင်ငံကို စရောက်ချိန်မှာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆရာမတွေရဲ့ နှိမ်တာခံရလို့ မပျော်ခဲ့ဘူးလို့ မသင်းသီရိစံက ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ သူတို့က နှိမ်တယ်။ မြန်မာနဲ့ ထိုင်းနဲ့ကို ခွဲခြားတယ်။ မြန်မာတွေကို တော်တော်အထင်သေးတယ်။ သမီးက အဲတုန်းက ထိုင်းစကားမသိသေးတော့ မသိဘူး။ ဒါပေမဲ့ အခုတော့သိပြီ။ သူတို့ ထိုင်းတွေလိုပြောပြီး မြန်မာတွေကို နှိမ်ကြတာ”


ဆက်နွှယ်သော သတင်းများ

ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း

CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း

မြန်မာရွှေ့ပြောင်းကလေးတွေ အားထားနေရတဲ့ မဟာချိုင်က ပညာရေးစင်တာ

ထိုင်းက မြန်မာစာသင်ကျောင်း ခြောက်ကျောင်း အပိတ်ခံရ


အဲဒီမှာ သူမပျော်တဲ့အတွက် ထိုင်းရောက် မြန်မာတွေကို အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံသားဖြစ်ပြီး မြန်မာစကားတတ်တဲ့ ဆရာတစ်ယောက်ဆီမှာ နှစ်လတာ ထိုင်းစာသင်ခဲ့ပြီး နောက်ထပ်ကျောင်း အသစ်မှာ တက်ခဲ့တာပါ။

“သမီး ကိုယ့်ဘာသာကိုယ် အားထုတ်ပြီးတော့ မေမေတို့ မကူညီရအောင် သမီးဘာသာ သမီးကြိုးစားပြီး လုပ်တယ်။ သမီးစိတ်ထဲမှာ ငါ ရကို ရနေရမယ်။ မရရင် မဖြစ်ဘူး။ ရရင်ဘယ်နိုင်ငံတွေဖြစ်ဖြစ် အင်္ဂလိပ် သုံးတာများတယ်။ အဲဒါကြောင့်မို့ သမီး လုပ်တာပါရှင့်”

သူမဟာ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာ ဘာသာစကား၊ အင်္ဂလိပ် ဘာသာနဲ့ ထိုင်း ဘာသာစကားတွေကို တတ်ကျွမ်းပြီး၊ ပေသီးတွက်သင်္ချာလည်း ကျွမ်းကျင်တဲ့အတွက် ထူးချွန်ဆုတွေ ရရှိထားပါတယ်။

မသင်းသီရိစံရဲ့ မိခင် မရတနာကတော့ သမီးဖြစ်သူရဲ့ အရွယ်နဲ့မလိုက်တဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ ဂုဏ်ယူရတယ်လို့ ပြောပါတယ်။

“သူဒီနိုင်ငံမှာ ရောက်နေတဲ့ အတွက်ကြောင့်မို့ သူက မြန်မာလူမျိူးလည်းဖြစ်လို့ သူ့ကိုနှိမ်မှာ အရမ်းကြောက်တော့ ရောက်တဲ့နေရာမှာ ကြိုးစားတယ်။ သူ့အတွက်ကလည်း စာလုပ်ရတာကို ခဲယဥ်းတဲ့အထဲမှာ မပါတဲ့ကလေးဆိုတော့ သူ့အတွက် စာလုပ်ရတာခဲယဥ်းတယ်လို့ ကျွန်မကို တစ်ခါမှမပြောဖူးဘူး”

မသင်းသီရိစံဟာ တစ်နေ့မုန့်ဖိုး ထိုင်းဘတ်ငွေ ၁၅ ဘတ်ထဲက ငါးဘတ်ကို စုပါတယ်။ ထိုင်းအစိုးရကျောင်းမှာတက်ရင်း သူဝါသနာပါတဲ့ ကလေးကစားစရာ ဂျယ်လီလေးတွေ၊ လက်ပတ်လေးတွေနဲ့ အရုပ်ကလေးတွေလည်း လုပ်ရောင်းပါတယ်။ သမီးဖြစ်သူကို ပိုက်ဆံစုနည်း၊ သုံးစွဲနည်းလည်း သင်ပေးဖြစ်တယ်လို့ မရတနာက ပြောပါတယ်။

“မေမေဘာလုပ်လဲ သမီးနားထောင်ရမယ်။ လူဆိုးလူမိုက်ကြီးလည်း မဖြစ်ရအောင် သမီးအလုပ်လုပ်ပြီးရင် ပိုက်ဆံတွေ အမေတို့ကိုပေးမယ်။ တကယ်လို့ ၅၀၀ ရရင် မေမေတို့ကို တစ်ဝက်ပေးပြီး၊ သမီး တစ်ဝက်ယူမယ်။ စုထားပြီးတော့ နောက်ထပ် ၁၀၀၀ လောက်ပြည့်မှ ဟိုဟာတွေ ဒီဟာတွေဝယ်ပြီး အမေ့ကို လက်ဆောင်ပေးမယ်”

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြောင်းရွှေ့နေထိုင်လာတဲ့ မသင်းသီရိစံဟာ အဘွား၊ မိဘ နှစ်ပါး၊ အသက် သုံးနှစ်အရွယ် မောင်လေးဖြစ်သူတို့နဲ့ နေထိုင်ပါတယ်။ ကလေးသဘာဝအရ ဖုန်းကြည့်ချိန်ကိုလည်း မိခင်ဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ပဲကြည့်ပြီး အားလပ်ချိန်မှာ မောင်လေးဖြစ်သူကိုလည်း ထိန်းကျောင်းရပါတယ်။

မသင်းသီရိစံဟာ အသက် ၉ နှစ်သာရှိသေးပေမဲ့ မိဘတွေကို အားပေးတဲ့အပြင်၊ မိဘစိတ်ဆင်းရဲအောင်လည်း မလုပ်ဖူးတဲ့အတွက် မရတနာတို့ မိသားစုအတွက် ထီးလေးလို သမီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မသမီးလေးက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ ကျွန်မ ဒီလိုခက်ခဲနေတဲ့ အချိန်မှာတောင် ဘေးကနေ ကျွန်မကို အားပေးတယ်။ ကျွန်မအတွက်က ထီးလေးရော၊ အားလေးရော ဖြစ်ပါတယ်။ ကျွန်မသမီးလေးကလေ။ သူရဲ့ လမ်းကြောင်းလေးလည်း ဒီထက်ပိုပြီး ကောင်းစေချင်တာပေါ့နော်။ သူအနေနဲ့ကလည်း မိဘတွေအပေါ် အခုအချိန်အထိ စိတ်ဆင်းရဲအောင် မလုပ်ဖူးဘူးပေါ့နော်။ မိဘကို စိတ်ဆင်းရဲမှာစိုးလို့ မိဘမျက်နှာကို အမြဲကြည့်ပြီးတော့နေတဲ့ ကလေးလေးပေါ့။ အဲတော့ ကျွန်မအတွက် အားလေးလိုရော၊ ထီးလေးလိုရော တကယ့်လုံခြုံတဲ့ ကလေးလေးပါပဲ”

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာကလေးငယ် မသင်းသီရိစံအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာကလေးငယ် မသင်းသီရိစံအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

နိုင်ငံရေး ပဋိပက္ခတွေကြားထဲက ရုန်းထွက်ပြီး တခြားနိုင်ငံမှာ စစ်ဘေးရှောင်ရင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာတွေအနေနဲ့လည်း ကိုယ့်ကလေး မျက်နှာမငယ်ဖို့ ပညာရေးနဲ့ပက်သက်ပြီး တတ်နိုင်သလောက်ပံ့ပိုး ပေးကြဖို့လည်း မရတနာက တိုက်တွန်းပါတယ်။

“ကိုယ်စားမယ့်၊ သောက်မယ့်စားရိတ်၊ ကိုယ်ဖြုန်းမယ့်အပို စားရိတ်ကိုလျှော့ပြီးတော့ ကလေးရဲ့ ပညာရေးလေးကို အားပေးစေချင်ပါတယ်။ ကိုယ်ရှာတဲ့ဝင်ငွေကို ချင့်ချိန်ပြီးတော့မှ ပညာရေးအတွက်ပိုပြီး သုံးစေချင်တယ် ပေါ့နော်။ အဲလိုမျိုးသုံးလာနိုင်ရင်တော့ ကိုယ့်ကလေးကလည်း သူများနိုင်ငံမှာ သူများလူမျိုးကြားထဲမှာ ပိုပြီးအရောင်ထွက်မယ်လို့တော့ ကျွန်မ ထင်ပါတယ်"

မသင်းသီရိစံကို မြန်မာပြည်နဲ့ မြန်မာစစ်တပ်အကြောင်းမေးကြည့်တဲ့အခါ မြန်မာပြည်သူတွေ စစ်ဘေးရှောင် ဘဝကလွတ်ဖို့ ဆုတောင်းနေတယ်လို့ သူက ပြောပါတယ်။

“သူတို့ ကလေးလေးဖြစ်လည်း ရှောင်နေရတယ်။ ကလေးတွေကိုလည်း သူတို့ ဦးစားမပေးဘူး၊ ဗိုက်ကြီးသည်တွေလည်း ဦးစားမပေးဘူးဆိုတော့ သမီး သနားတယ်ရှင့်။ စာမသင်ဘဲနဲ့ တတ်တဲ့သူတွေ သိပ်မရှိဘူး။ ပြီးရင်လည်း စာသင်ဖို့လည်း အဖေ၊ အမေတွေက ပိုက်ဆံတွေသွင်းဖို့ မရှိကြဘူး။ ပြီးရင် အခက်အခဲလည်း တော်တော်ဖြစ်တယ်ဆိုတော့ သမီးတော်တော် သနားတယ်ရှင့်။ စစ်ဘေးရှောင်ကနေ မြန်မြန်လွတ်ပါစေရှင့်”

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရွှေစာရံဘုရားပွဲက တစ်ဦးတည်းသော စက်လှေသမ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။