မေယုမြစ်မှာ ရိုဟင်ဂျာတံငါတွေ ငါးဖမ်းခွင့်ပိုရလာသော်လည်း ကျပ်တည်းနေဆဲ

RFA Burmese
2025.02.28
မေယုမြစ်မှာ ရိုဟင်ဂျာတံငါတွေ ငါးဖမ်းခွင့်ပိုရလာသော်လည်း ကျပ်တည်းနေဆဲ ဘူးသီးတောင်မြို့နယ် မေယုမြစ်တွင် ငါးဖမ်းနေကြသည့် ရိုဟင်ဂျာ ငါးဖမ်းလှေများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဘူးသီးတောင်မြို့နယ်မှာ တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ ရိုဟင်ဂျာတွေဟာ အရင်ကထက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေကြပေမဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ငါးဖမ်းကိရိယာတွေ ရှားပြီး ဈေးကြီးနေတာကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

"အခုကျွန်တော်တို့ဒီမှာ အရင်တုန်းကထက် အေးအေးချမ်းချမ်းနဲ့ ငါးရှာရောင်းစားလို့ရတယ်။ အာရက္ခတပ်တော်ရှိတယ်။ အာရက္ခတပ်တော်က ဘာလုပ်လဲဆိုရင် ကျွန်တော်တို့ထောက်ခံချက်ယူရတယ်။ ထောက်ခံချက်ယူပြီးတော့ ကျွန်တော်တို့ကို ကြိုက်တဲ့နေရာမှာ ငါးရှာဖို့ခွင့်ပြုပေးတယ်။ အရင်ဗမာ စစ်ကောင်စီတုန်းက ဘယ်ကိုမှသွားလို့မရ။ ရသေ့တောင်ဘက်တွေကို သွားရင် နယ်ကျော်တယ်လို့ပြောတယ်"

ဘူးသီးတောင်မြို့နယ် မေယုမြစ်အရှေ့ဘက်ခြမ်း ဝရကျွန်းဒိုးတန်းကျေးရွာမှာ တံငါအလုပ်နဲ့ အသက် မွေးဝမ်းကျောင်းပြုနေတဲ့ အသက် ၂၃ နှစ်အရွယ် အူစ်မာန် ပြောပြနေတာပါ။

"ပိုက်ချဖို့အခက်အခဲဖြစ်တာက ကျွန်တော်တို့မှာ ကြိုးတွေရှာမရဘူး။ ပြီးခဲ့တဲ့နှစ်က ငွေတစ်သိန်းရရင် ကြိုးတစ်ပိဿာ ခုနစ်ထောင်လောက်ရှိခဲ့တယ်။ အခုကြိုးတစ်ပိဿာ ခုနစ်သောင်း၊ ရှစ်သောင်းပေးဝယ်ရတယ်"

စစ်ကောင်စီလက်ထက်မှာ တခြားမြို့နယ်ကို သွားလာငါးဖမ်းခွင့်ကို ကန့်သတ်ပိတ်ပင်ခံခဲ့ရပြီး အခု အေအေ ထိန်းချုပ်ထားတဲ့အချိန်မှာ လွတ်လပ်စွာသွားလာခွင့်ရကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျန်နေသေးတဲ့အခက်အခဲကတော့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းတဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် ငါးဖမ်းကိရိယာတွေ ဈေးကြီးပေးဝယ်ရတာနဲ့ ပစ္စည်းရှားပါးနေတာတွေလို့ ဆိုပါတယ်။

"ပိုက်ချဖို့အခက်အခဲဖြစ်တာက ကျွန်တော်တို့မှာ ကြိုးတွေရှာမရဘူး။ ပြီးခဲ့တဲ့နှစ်က ငွေတစ်သိန်းရရင် ကြိုးတစ်ပိဿာ ခုနစ်ထောင်လောက်ရှိခဲ့တယ်။ အခုကြိုးတစ်ပိဿာ ခုနစ်သောင်း၊ ရှစ်သောင်းပေးဝယ်ရတယ်။ အဲလောက်ပေးဝယ်ရရင်တောင် ရှာမရဘူး။ အဲလိုနဲ့ ပိုက်သမားတွေအခက်အခဲ ဖြစ်ကြတယ်"


ဆက်နွှယ်သောသတင်းများ

ဘူးသီးတောင် မေယုမြစ်ဘေးက ဘဝကိုကြံ့ကြံ့ခံနေကြသူများ

မလေးရှား အဖမ်းအဆီးကြောင့် အိမ်ခြေမဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ ရိုဟင်ဂျာမိသားစု

ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံနေရတဲ့ ဘူးသီးတောင်က စစ်ဒဏ်သင့် ရိုဟင်ဂျာများ


ငါးဖမ်းကိရိယာတွေစျေးကြီးပြီး ပြန်ရတဲ့ဝင်ငွေနည်းတာကြောင့် မိသားစုစားဝတ်နေရေးအတွက် သိပ်အဆင်မပြေဘူးလို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့နှစ်က လေးငါးရက် ပိုက်ချရင် တစ်သိန်း၊ နှစ်သိန်းလောက် ရခဲ့တယ်။ ဒီနှစ် တစ်သိန်းနှစ်သောင်း ဝန်းကျင်လောက်ပဲရတယ်။ ငါးကလည်း အရနည်းတယ်။ ငါးရောင်းလို့ရတာက တသိုက်မှ ရှစ်ထောင်။ ပြီးခဲ့တဲ့နှစ်က တသိုက်ကို တစ်သောင်းလောက်နဲ့ ရောင်းရတယ်။ ဆိုတော့ တစ်ခါ ငါးဖမ်းထွက်ရင် ဆန်တစ်အိတ် မဝယ်နိုင်ဘူး။ နောက်ထပ် လှေငှားခတောင် မပေးနိုင်တဲ့အခက်အခဲ"

သူပြောတဲ့ ငါးတသိုက်ဆိုတာ ငါး လေးဆယ်သား ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် မေယုမြစ်တွင် ငါးဖမ်းနေကြသည့် ရိုဟင်ဂျာ ငါးဖမ်းလှေများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဘူးသီးတောင်မြို့နယ် မေယုမြစ်တွင် ငါးဖမ်းနေကြသည့် ရိုဟင်ဂျာ ငါးဖမ်းလှေများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သူတို့ ငါးဖမ်းတဲ့အလုပ်ကတော့ ဒီရေတက်တဲ့အချိန်မှာ လှေငယ်တွေနဲ့ မေယူမြစ်ကြောတစ်လျှောက်မှာ ဒုံးပိုက် (ခေါ်) ရေပေါ်ပိုက်ချကြတာပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ဒီရေတက်တဲ့အခါ ပိုက်ချကြတာဖြစ်ပြီး တစ်ခါငါးဖမ်းထွက်ရင် တစ်ပတ်လောက်ကြာတယ်လို့ ဆိုပါတယ်။

ဒီရေကလည်း လဆန်းတစ်ကြိမ် လဆုတ်တစ်ကြိမ်ပဲ ရှိတဲ့အတွက် ငါးဖမ်းတဲ့အလုပ်ကို နေ့တိုင်းလုပ်ရတာမျိုးမဟုတ်ပါဘူး။ အဲဒီအပြင် တခြားအလုပ်အကိုင် ရှားပါးတာကြောင့် မေယူမြစ်ကိုမှီပြီး ငါးဖမ်းတဲ့သူတွေ ပိုမိုများလာတဲ့အတွက် အရင်ကထက် ငါးအရနည်းလာတယ်လို့လည်း ဆိုပါတယ်။

သိန်းတန်ကျေးရွာက အသက် ၄၀ အရွယ် မော်ဂျူအူလာကလည်း ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ ဒီအခြေအနေမှာ ငါးဖမ်းတဲ့အလုပ်နဲ့ ရပ်တည်ရတာခက်ခဲနေတယ်လို့ ပြောပါတယ်။

"ပိုက်ချတယ်။ ပိုက်ချလို့လည်း အလုပ်မဖြစ်။ ဒုက္ခတွေပေါ့။ နောက်တခြားအလုပ်လည်းမရှိ။ ဒီအခြေအနေမှာ မိသားစုဝမ်းရေး မလည်ပတ်နိုင်။ ကုန်ပစ္စည်းတွေကလည်း ဈေးတက်တယ်။ တခြားအလုပ်လည်း လုပ်စရာမရှိ။ ဆိုတော့ ကျွန်တော်တို့ ပိုက်ချတာကလွဲလို့ ဘာလုပ်ရမလဲ"

အူစ်မာန်နဲ့ မော်ဂျူအူလာတို့လို့ ဝရကျွန်းဒိုးတန်းကျေးရွာက တံငါသည်တစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အဒူရော်မာန် လည်း တခြားလူတွေလိုပဲ ဒီအလုပ်နဲ့ မိသားစုဝမ်းရေး မဖူလုံဘူးလို့ ပြောပါတယ်။

"ထမင်းက ဒီကရရင် စားရတယ်။ မရရင် သူများတွေဆီက ချေးငှားပြီးစားရတယ်။ အရင်တုန်းက ပိုက်မှာ ငါးက ကျတယ်။ နည်းနည်းပါးပါး အဆင်ပြေတယ်။ အခု ငါးကျရင်လည်း ငါးက ဈေးမရဘူး။ အရင်က နှစ်သိန်း၊ သုံးသိန်းလောက်ရတယ်။ အခုတစ်သိန်းတောင် မရဘူး။ မိသားစုလည်ပတ်ဖို့ အခက်အခဲဖြစ်တယ်။ ဆိုတော့ ဘယ်လိုလုပ်မလဲ ပိုက်တစ်လက်ရှိတာနဲ့ ရှာစားနေရတာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။