မလေးရှား အဖမ်းအဆီးကြောင့် အိမ်ခြေမဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ ရိုဟင်ဂျာမိသားစု
2025.01.14
ဘင်္ဂလားဒေ့ရှ် အပါအဝင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့သွားရောက်တဲ့ဖြစ်စဥ်တွေက ဒီနေ့အထိ ရှိနေဆဲပါ။ သက်ဆိုင်ရာ နိုင်ငံတွေက သူတို့ကို ပြန်လည် မောင်းထုတ်တာတွေနဲ့ ဖမ်းဆီးထောင်ချတာတွေလည်း အများအပြား ရှိနေပါတယ်။
ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး ဒေါ်ဟားမီဒါဟာ သားသမီး ခြောက်ဦးနဲ့အတူ ခက်ခက်ခဲခဲ ဖြစ်သန်းနေရပါတယ်။
သူ့ရဲ့ခင်ပွန်း ဦးမာမောက်ဇူဘိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံကို စွန့်စားသွားရောက်ပြီးနောက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
“သူတို့မိသားစုဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်”
မိသားစု ရပ်တည်ရေးအတွက် သူတို့ပိုင်ဆိုင်တဲ့ အိမ်နဲ့ ခြံမြေတွေကိုပါ ထုခွဲရောင်းချခဲ့ရတာကြောင့် အခုတော့ သူများအိမ်မှာ ကပ်ခိုပြီး နေထိုင်နေကြရတယ်လို့ ဒေါ်ဟားမီဒါက RFA ကို ပြောပါတယ်။
“ကျွန်မအမျိုးသား သွားပြီးတော့ တစ်နှစ်လောက်အကြာမှာ ဖမ်းဆီးခံရတာ။ အိမ်ရာခြံမြေ ရောင်းပြီးတော့ ကလေးတွေကို ကျွေးမွေးတယ်။ အခုအိမ်ရာခြံမြေ ရောင်းလို့ရတဲ့ငွေ ကုန်သွားပြီးတော့ နောက်ထပ် မရှိတော့ဘူး။ အခုသားအမိ ခုနစ်ယောက် သူများအိမ်မှာ ကပ်နေကြရတယ်”
ခင်ပွန်းဖြစ်သူ ဖမ်းဆီးထောင်ချခံရပြီးနောက် မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ၂၀၂၀ အစောပိုင်းက နောက်ဆုံးတစ်ကြိမ် အဆက်အသွယ်ရခဲ့ပေမဲ့ အခုတော့ အဆက်အသွယ် ပြတ်တောက်သွားတာ လေးနှစ်ခန့် ရှိခဲ့ပြီလို့ ဆိုပါတယ်။
မလေးရှားကို ရောက်ရှိစဥ်က မိသားစုထံ ငွေပို့ပေးခဲ့တာတွေ ရှိခဲ့ပေမဲ့ အကြွေးမကျေခင်မှာပဲ အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။
အခုတော့ သူတို့မိသားစုဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဒေါ်ဟားမီဒါက ဆက်ပြောပါတယ်။
“အခုစားဖို့လည်း အခက်အခဲ စားစရာ ဘာမှမရှိ။ အိမ်ခြံရောင်းစားလို့ ကုန်သွားပြီးတော့ သူများအိမ်မှာ ကပ်နေရတယ်။ ဟိုလူ့ဆီက တောင်း၊ ဒီလူ့ဆီက လိုက်တောင်းတယ်။ တစ်သိုက်၊ နှစ်သိုက်(ဆန်) ရရင် စားတယ်။ မရရင် မစားဘူး။ အဲဒီလိုပဲ ဖြတ်သန်းနေရတယ်။ ငွေကုန်တာ ခြောက်လ ခုနစ်လလောက် ရှိသွားပြီ။ ရှာကျွေးဖို့ သူ မရှိလို့ တောင်းစားနေရတာ”
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် ဒေါ်ဟားမီဒါတို့ မိသားစုအတွက် ပိုပြီး အခက်အခဲဖြစ်ကြရတယ်လို့ သေကံခွဆုံကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးအာမူလာက ပြောပါတယ်။
“အခုနေစရာလည်း မရှိ။ သွားဖို့နေရာလည်း မရှိ။ ပိုက်ဆံလည်းမရှိဘဲ အခု သူများအိမ်မှာ နေတယ်။ ဒီလောက် တိုင်းရေးပြည်ရေး မကောင်းတဲ့ အခြေအနေမှာ သူများတွေဆီက တောင်းလို့လည်း မရ။ သွားလို့လည်း မရဘဲနဲ့ အခုသူတို့ ဒုက္ခခံနေကြရတယ်။ တစ်ထပ်စားရရင် နောက်တစ်ထပ် မစားရ။ အလှူခံလို့ ရရင်စားရတယ် မရရင် မစားကြရဘူး”
ဆက်နွှယ်သော သတင်းများ
မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ရိုဟင်ဂျာနှစ်ရာနီးပါးကို မလေးရှား ဖမ်းဆီးထိန်းသိမ်း
မလေးရှားသွားမဲ့ ရိုဟင်ဂျာ ရှစ်ဆယ်ကျော် ထိုင်းမှာ ဖမ်းဆီးခံရ
ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ UNHCR တိုက်တွန်း
ဒေါ်ဟားမီဒါရဲ့ သမီးကြီး မဟပ်ရှားဆီဒီးကတော့ အခုလို အခက်အခဲနဲ့ ကြုံနေရချိန်မှာ အတောင့်တဆုံးက သူ့ဖခင်ကို အမြန်ဆုံး ပြန်တွေ့နိုင်ဖို့ပဲလို့ RFA ကို ပြောပါတယ်။
“အဖေ့အတွက် စိတ်ပူနေပါတယ်။ အဖေ့သတင်းလည်း မကြားရဘူး။ အဖေ့သတင်း မကြားတာ ကြာပြီ။ အဖေ အဖမ်းခံရတော့ ကျွန်မတို့ကိုလည်း ပြန်မကြည့်နိုင်။ အဖေလည်း ဒုက္ခရောက်။ ကျွန်မတို့လည်း ဒုက္ခရောက်နေတယ်။ အခု ကျွန်မတို့အဖေနဲ့ တွေ့ချင်တယ်”
ဒေါ်ဟားမီဒါတို့ မိသားစုလိုပဲ မလေးရှားနိုင်ငံမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချမှုကြောင့် ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့ မိသားစုတွေ ဘူးသီးတောင်၊ မောင်တောဒေသမှာ နောက်ထပ် အများအပြား ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။