စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
2024.09.12
အခုမြင်နေရတဲ့ တစ်လုပ်စာ ကောက်ညှင်းထုပ်ကလေးတွေကို အရင်က ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာပဲ ဝယ်စားလို့ရပါတယ်။
"ကောက်ညှင်းကို ပဲ၊ ငှက်ပျောနဲ့ အုန်းသီးဆိုပြီး သုံးမျိုးထုပ်ပါတယ်"
အခုတော့ ရန်ကုန်မှာ ဝယ်လို့ရနေပါပြီ။ ခေတ်ပြောင်းသွားလို့ မဟုတ်ပါဘူး။ ငပလီမှာ စစ်ဖြစ်နေလို့ ထွက်ပြေးလာတဲ့ အရပ်သားတွေထဲက အသက် ၆၀ အရွယ် ဒေါ်မြမြဝင်းတို့ မိသားစုက စားဝတ်နေရေးအတွက် လုပ်ရောင်းနေတာပါ။
"အခုဟာတော့ ကျွန်မတို့က စစ်ဘေးရှောင်ဘဝနဲ့ လာတဲ့အတွက် ရန်ကုန်ကို ရောက်လာပြီးတဲ့အခါမှာ အလုပ်အကိုင်က မရှိသေးတဲ့အတွက် ဒီ (ကောက်ညှင်းထုပ်) ကို စားသောက်ဆိုင်နဲ့ ချိတ်ပြီးတော့ သူတို့က ကောက်ညှင်းထုပ် လုပ်ငန်းလေးကို လုပ်ပါလား၊ သူတို့ ဖောက်သည်ယူပါ့မယ်ဆိုပြီးတော့ ပြောလာလို့ ဖောက်သည်ပေးနေပါတယ်"
သံတွဲကနေ ရန်ကုန်ကို ထွက်ပြေးလာတဲ့ လမ်းခရီးမှာ ဇူလိုင်လ ၂၆ နေ့က အသက် ၇၆ နှစ်အရွယ်ရှိတဲ့ သူ့မိခင်ဟာ ပင်ပန်းလွန်းတဲ့အတွက် ကွယ်လွန်သွားရပါတယ်။
ဒီကောက်ညှင်းထုပ်လေးတွေကို ဒေါ်မြမြဝင်းတို့က မိသားစုလုပ်ငန်းအနေနဲ့ ဘိုးဘွားလက်ထက်ကတည်းက ငပလီမှာ ထုတ်လုပ်ရောင်းချခဲ့တာပါ။
ဆက်နွှယ်သော သတင်းများ
သံတွဲက မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက်
သံတွဲက စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
သံတွဲထောင်က နိုင်ငံရေးအကျဉ်းသားလေးဆယ်ကျော် AA ပြန်လွှတ်
ဒေါ်မြမြဝင်းတို့ မိသားစုက အခု ရန်ကုန်မှာ ကောက်ညှင်းထုပ်ကို ရခိုင်ရိုးရာအတိုင်း အရသာမပျက် အောင်ထုတ်လုပ်နေပေမဲ့ ကုန်ကြမ်းဝယ်ရတာ ရခိုင်ပြည်မှာထက် စျေးကြီးတယ်လို့ ပြောပြပါတယ်။
အသက် ၈၀ နားနီးနေတဲ့ သူတို့အဖေကအစ မောင်နှမ ငါးယောက်လုံး တာဝန်ကိုယ်စီယူပြီး တစ်နေ့ကို အထုပ်ငါးရာကနေ တစ်ထောင်အထိ ထုပ်ပေးရပါတယ်။
ကောက်ညှင်းထုပ်ကို အရသာသုံးမျိုးလုပ်ထားတဲ့အကြောင်း ဒေါ်မြမြဝင်းရဲ့ ညီမ မမေသင်္ကြန်က ရှင်းပြပါတယ်။
"ကောက်ညှင်းကို ပဲ၊ ငှက်ပျောနဲ့ အုန်းသီးဆိုပြီး သုံးမျိုးထုပ်ပါတယ်။ ခြင်းလေးတွေနဲ့ ရောင်းပါတယ်။ စင်္ကာပူအထိ ပို့ရပါတယ်။ ကျွန်မတို့က၊ လာဝယ်ကြတာ၊ ဧည့်သည်တွေက၊ ပြန်ရင် ငပလီလက်ဆောင်အဖြစ် ရန်ကုန်ကိုလည်း ဝယ်သွားကြပါတယ်"
စစ်မဖြစ်ခင်က ငပလီ၊ မဇင်းလေဆိပ်ကနေ တစ်လုပ်စာအရွယ် ဒီကောက်ညှင်းထုပ်အထုတ် ၂၀ ပါတဲ့ ဝါးခြင်းတောင်းလေးတွေကို အလည်လာတဲ့သူတွေက အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်သွားလေ့ရှိကြတယ်လို့ မမေသင်္ကြန်က ပြောပါတယ်။
ဒီကောက်ညှင်းထုပ်လေးတွေကို ဘယ်အရွက်နဲ့မှ လုပ်တာမကောင်းဘဲ စလူဖက်နဲ့ပဲ ထုတ်ရတာကောင်းတယ်လို့ ဒေါ်မြမြရဲ့အစ်ကို ဦးအောင်ဝင်းစိန်က ပြောပြပါတယ်။
"ဒီကောက်ညှင်းထုပ်ရဲ့ အဓိကအသက်က စလူဖက်ဖြစ်တယ်၊ ဒီစလူဖက်နဲ့ထုပ်မှ အဆင်ပြေတယ်။ ငှက်ပျောရွက်တို့၊ တခြားအရွက်တွေထုပ်ရင် မာကြောပြီးကွဲပြဲကုန်တဲ့အတွက် အဆင်မပြေဘူး။ ဒီစလူဖက်က နူးညံ့တယ်။ သိမ်မွေ့တယ်၊ မွှေးတယ်။ အဲဒါကြောင့်မို့ ဒီအရွက်နဲ့ပဲ ထုပ်ရခြင်းဖြစ်ပါတယ်"
စလူဖက်ကို ဧရာဝတီတိုင်း၊ ပုသိမ်ကနေ မှာယူရပါတယ်။ ဘဝမှာဆက်ပြီး ဘာဖြစ်ချင်လဲဆိုတော့ ဒေါ်မြမြဝင်းက အခုလို ပြောပါတယ်။
"မြန်မြန်စစ်ကြီးပြီး ငြိမ်းပါစေ၊ အေးချမ်းပါစေပဲ ဆုတောင်းနေတာပေါ့။ ဒါပြီးမှ ကျွန်မတို့ကလည်း ကိုယ့်နေရာ ကိုယ့်အိမ်ပြန်လို့ရမှာပေါ့"