သံတွဲထောင်က နိုင်ငံရေးအကျဉ်းသားလေးဆယ်ကျော် AA ပြန်လွှတ်
2024.08.08
ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်ကနေ ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၄၁ ဦးကို ဩဂုတ်လ ၆ ရက်နေ့ကစပြီး မိသားစုတွေဆီ ပြန်ပို့ပေးနေတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
AA က သံတွဲထောင်ကို ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းယူပြီးနောက် ထောင်ကျနေတဲ့ အကျဉ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေကို ကယ်ထုတ်ချိန်မှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အကျဉ်းသား ခုနစ်ဦး သေဆုံးသွားပြီး နိုင်ငံရေးအကျဉ်းသား နှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲက ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူတွေနဲ့ ဒဏ်ရာရသူ ၁၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ကျန်ရှိတဲ့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကျဉ်းသားတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို ပြန်လည်စစ်ဆေးပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်သွားမယ်လို့ ရေးသားထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း လားရှိုးအကျဉ်းထောင်ကို ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်နိုင်ခဲ့ပြီး တအာင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို TNLA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လားရှိုး အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေနဲ့ပတ်သက်လို့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။