သံတွဲက မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက်

RFA Burmese
2024.09.06
သံတွဲက မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက် သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းအား သိမ်းပိုက်နိုင်ကြောင်း အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားရှိ စစ်ကောင်စီရဲ့ ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သံတွဲအခြေစိုက် ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်း Central Naval Diving and Salvage Deport (CNDSD) ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေအပြင် အင်အားအလုံးအရင်းနဲ့ ခုခံတိုက်ခိုက်တာကြောင့် တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးနောက် စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ အခုလို့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ရေတပ်စခန်းဖြစ်ပါတယ်။ အဲဒီရေတပ်စခန်းမှာ တခြားနေရာတွေက စစ်ကူအမြောက်အများ အားဖြည့်ထားတဲ့နေရာဖြစ်သလို လတ်တလော စစ်သင်တန်းဆင်းလာကြတဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် စစုပေါင်း အင်အား ၁၂၀၀ ကျော်ရှိတယ်လို့ ရေးသားထားပါတယ်။

AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက စခန်းတွေ လက်လွှတ်ရတဲ့အခါတိုင်း အရပ်သားပြည်သူတွေရှိရာကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး အသေးစိတ်သိရဖို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အာရက္ခတပ်တော် (AA) ကတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့အထိ ချင်းပြည်နယ် ပလက်၀မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ တောင်ပြိုလက်ဝဲ၊ မအီ၊ ကမ်းထောင်းကြီး၊ ကျိန္တလီစတဲ့ မြို့နယ်ခွဲတွေကို သိမ်းပိုက်ထားပါတယ်။

လက်ရှိ မောင်တောမှာလည်း စစ်ကောင်စီတပ်စခန်း တစ်ခုစီသာ ကျန်ရှိပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။