မဲဆွယ်ကာလ စနစ်တကျဖြစ်ဖို့ အစိုးရကို UNA တိုက်တွန်း

ကျော်လွင်ဦး
2020.10.12

ရခိုင်ပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ  ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆွယ်ကာလ တရားမဲ့ပြုကျင့်မှုတွေကို ဖော်ထုတ်အရေးယူပေးရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မိတ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့ပေမယ့် အခုချိန်အထိ မဲပေးခွင့်ရရေး မရေမရာ ဖြစ်နေသူတွေကတော့ ရခိုင်၊ ချင်း၊ ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီရှိတဲ့ ဒေသခံတွေပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ စစ်ဘေးတိမ်းရှောင်နေရသူတွေ မဲပေးခွင့်ရအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုစီစဉ်တယ်ဆိုတာ မသိရသေးဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွှန့်က ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာက ပြည်သူတွေက မဲထည့်ရမှာ၊ စစ်ဘေးရှောင်နေရတယ်ပြုနေရတယ်ဆိုရင် စစ်ဘေးရှောင်နေတဲ့သူတွေ မဲထည့်လိုရအောင် ဘယ်လို့စီစဉ်မလည်းဆိုတဲ့ စီစဉ်သံလည်းမကြားရဘူး၊ အဲဒါက လူ့အခွင့်ရေးဆုံးရှုံးတယ်၊ နိုင်ငံသားတစ်ဦး အခွင့်အရေးမဆုံးရှုံးရအောင် ကျနော်တို့က ပြောရခြင်းဖြစ်တယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက တပ်မတော်နဲ့ RCSS တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေလို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၅၀၀ ကျော်ရှိနေတာပါ။

လတ်တလောတိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မှာတော့ ဒုက္ခသည်တွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဒုက္ခသည်တွေဟာ ကြိုတင်မဲ ပေးခဲ့ကြတယ်လို့ ဦးနှစ်ဆန်းဦးက ဆိုပါတယ်။

"ပုံမှန်အားဖြင် သက်ဆိုင်ရာ ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ရင် မြို့ပေါ်ကို ပြေးလာတာများတယ်၊ ကျောက်မဲကရွာတွေမှာဖြစ်ရင် မြို့ပေါ်ကိုရွှေ့လာတယ်၊အလားတူ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမှာ တိုက်ပွဲတွေဖြစ်ရင် မြို့ပေါ်ကို တတ်လာတာများတယ်၊ သူတို့ မဲလက်မှတ်တွေကလည်း မြို့နယ်ရုံးမှာရှိတယ်လေ၊ သူတို့ပြန်မဲမပေးနိုင်ရင် မြို့နယ်ရုံးမှာ ကြိုတင်မဲသွားပေးလို့ရတယ်"

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အအဖွဲ့ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၃ ခုနဲ့ မိတ်ဘက်အအဖွဲ့ ၁၀၀ ကျော်ကလည်း အောက်တိုဘာ ၁၀ ရက်နေ့မှာ နိုင်ငံသားတိုင်း မဲပေးခွင့်ရရေးအတွက် ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

ကြေညာချက်ထဲမှာ ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့် အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အမြဆုံးတွေ့ဆုံဆွေးနွေးဖို့ ပါဝင်သလို တိုင်းရင်းသားဒေသ အသီးသီးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ မဲပေးခွင့်မဆုံးရှုံးအောင် အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်က နှစ်နဲ့ချီနေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သိန်း၂ သောင်းကျော်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်ကူညီနေတဲ့ ဒေသအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။

ဒီဒုက္ခသည်တွေမဲပေးခွင့် ဆုံးရှုံးမှာကိုလည်း UNA နဲ့ မိတ်ဖက်အဖွဲ့တွေက စိုးရိမ်နေပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကတော့ စစ်ဘေးဒုက္ခသည်စခန်းအနီး ယာယီမဲရုံတွေ ဆောက်ပေးနိုင်အောင် အထက်ကို  တင်ပြထားတယ်လို့ ပြောပါတယ်။

“အခုက ၁၇ မြို့နယ်လုံးအတွက် ပြင်ထားတယ်၊ စစ်ဘေးရှောင်တွေအတွက်လည်း ပြင်ထားတယ်၊ အခုဘယ်လို့လုပ်မလဲဆို တကယ်လို့ သူတို့က ရွေးကောက်ပွဲ နီးတဲ့ထိမှ ပြန်ဖို့ရာ အခြေအနေ မပေးတော့ဘူးဆိုရင် မဲရုံက သူတို့အတွက် သူတို့ရွာတွေမှာ စီစဉ်ထားပြီးသားလေ၊ အဲဒီရွာတွေက မဲရုံတွေကို ကျနော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တင်ပြပြီးတော့ သူတို့ စစ်ဘေးရှောင် စခန်းနဲ့ နီးစပ်တဲ့နေရာတွေမှာ မဲပေးလို့ရအောင် စီစဉ်ဆောင်ရွက်ပေးမှာပါပေါ့၊ အဲဒီလိုတော့ ဆောင်ရွက်ထားတယ်”

မြို့နယ်ကျော်လွန်ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့လည်း သူတို့မူလဒေသက ကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်နိုင်ဖို့ ရောက်ရှိရာနေရာမှာ ကြိုတင်မဲပုံစံ တောင်းခံပြီး မဲပေးနိုင်တယ်လို့ ဦးသူရိန်ထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ နယူးမြန်မာဖောင်ဒေးရှင်းက ဒေါ်မြနန္ဒာသင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ရောက်ရာအရပ်မှာ မဲပေးခွင့်ရှိအောင် ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။

“IDPစခန်းတွေမှာ မဲစာရင်းကောက်တယ်လို့တော့ သိရတယ်၊ ဒါပေမဲ့လည်း လက်ရှိ ကိုဗစ်ဖြစ်တော့ ဥပမာ ကိုဗစ်စင်တာအသစ်သော်လည်းကောင်း၊ စခန်းအသစ်လည်းဖြစ်မှာပေ့ါ။ ခုတိုက်ပွဲတွေက တချို့နေရာတွေမှာရှိနေတော့၊ ကော်မရှင်အနေနဲ့ကတော့ ဖြစ်လာတဲ့ နောက်ဆုံးစာရင်းပေါ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ တကယ်လို့ စခန်းတွေ တိုးလာရင်လည်း သူတို့အတွက် ရောက်ရာအရပ်မှာ မဲပေးနိုင်အောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးသင့်တယ်လိ့ု ထင်ပါတယ်”

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ မဲပေးခွင့်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အခုချိန်ထိ ထုတ်ဖော် မပြောဆိုသေးတဲ့အတွက် ဝေဖန်နေကြတာပါ။

UNA နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ထဲမှာ ပါတီကြီးတချို့ကို ဝန်းရံသူတွေက မဲဆွယ်စည်းရုံးရေးကာလမှာ ကပ်ဘေးဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်တွေ၊ အမိန့်တွေ၊ တားမြစ်ချက်တွေကို မလိုက်နာတာကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ထိန်းကျောင်းရမယ့် ကိစ္စရပ်တွေမှာ အားနည်းချက်တွေရှိနေတယ်လို့ UNA အဖွဲ့ဝင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ဝေဖန်ပါတယ်။

“မဲဆွယ်စည်းရုံးရေးနဲ့ပက်သက်တဲ့ တချို့နေရာတွေမှာ အလွန်အကျွံ လုပ်တာတွေ၊ ကိုဗစ်ကာလထဲမှာ လူအင်အားအများကြီးနဲ့ လှည့်လည်တဲ့ကိစ္စတွေ၊ ကော်မရှင်ကနေ ထိန်းကြောင်းရမယ့်ကိစ္စတွေ အများကြီးရှိတယ်ဗျ၊ ကော်မရှင်က အားနည်းချက်တွေရှိတယ်၊ သူမလုပ်နိုင်ဘူး၊ လုပ်ဆောင်ချက်တွေလည်း နည်းတဲ့အခါကျတော့ ကျနော်တို့ဒီမှာ ရွေးကောက်ပွဲကြီးဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားဖို့ တရားမျှတစွာနဲ့ ပြီးဆုံးသွားဖို့ ဆိုတာက အင်မတန်မှလည်းပဲ အားနည်းချက်တွေရှိတာကြောင့် ပြောဆိုရခြင်းဖြစ်ပါတယ်”

UNA ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးပါတီကြီးတချို့ တရားမဲ့ပြုကျင့်တာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သမာသမတ်ကျကျ ဖော်ထုတ်အရေးယူပေးဖို့နဲ့ ကော်မရှင်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်တွေကြောင့် ရွေးကောက်ပွဲရလဒ် မထိခိုက်အောင် အစိုးရက အချိန်မီ ထိန်းကျောင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

SNLD ပါတီ တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွှန့်က ပါတီကြီးတချို့ဟာ ပါတီငယ်တွေအပေါ်မှာ တရားမဲ့ပြုကျင့်တာတွေ ရှိတယ်လို့ ပြောပါတယ်။

"ပါတီကြီးတချို့က ဘာလုပ်လဲဆိုရင် နည်းနည်းအနိုင်ကျင့်တဲ့ သဘောဆန်တယ်၊ ဥပဒေအရဆိုရင် တရားမဲ့ပြုကျင့်တာပေါ့၊ အင်အားနည်းနည်းနည်းတဲ့ပါတီရဲ့ စတေကာတို့ ဘာတို့ဆိုရင် ပါတီကြီးတွေရဲ့ စတေကာကို အုပ်ပြီးကပ်လိုက်တာမျိုးတွေလုပ်တယ်၊ သူများပါတီ ဆိုင်းဘုတ်ရှေ့မှာကစ ပါတီကြီးတွေက အလံထောင်တာတွေ ဘာတွေလုပ်တယ်၊ ဒါကသိက္ခာအရရော၊ ကျင့်ဝတ်အရရော မလုပ်သင့်တဲ့ကိစ္စတွေ လုပ်တယ်ပေါ့ဗျာ၊ အဲလိုမျိုးလုပ်တဲ့အပေါ် UEC က သမာသမတ်ကျကျ လုပ်ဆောင့်သင့်တယ်လို့ တိုက်တွန်းတဲ့သဘောပါ"

ပါတီတွေရဲ့နာမည်ကိုတော့ ထုတ်ဖော်မပြောပါဘူး။

မဲဆွယ်ကာလ စည်းကမ်းချက်တွေကို မလိုက်နာဘဲ မဲဆွယ်စည်းရုံးတာတွေကို အရေးယူပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို နေပြည်တော် သတင်းသမား အွန်လိုင်းဂရုမှာ မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ညနေ ၅ နာရီခွဲအထိ ပြန်မဖြေပါဘူး။

သတင်းဌာနတွေကို ဖုန်းနဲ့ တုံ့ပြန်ဖြေကြားလေ့မရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကော်မရှင်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ RFA က အီးမေးလ်ကတဆင့် မေးခွန်းပေးပို့မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

NLD ပါတီကတော့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မချိုးဖောက်ဘဲ ဝန်းရံပြည်သူတွေကြောင့် လူအင်အားများသွားလေ့ဖြစ်ပေမယ့် ပြည်သူတွေကို တားဆီးပိုင်ခွင့်မရှိဘူးလို့ ပါတီရဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"အဲဒါကတော့ မဟုတ်ဘူးလို့ မြင်ပါတယ်၊ ကျနော်တို့က မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ့်မှာပါဝင်တဲ့ လူအင်အား၊ ယာဉ်အင်အားကို စာရင်းအတိအကျတင်ပြီးတော့ ခွင့်ပြုမိန့်တောင်းခံပါလို့ပြောထားပါတယ်၊ ကျနော်တို့ မူလထွက်တဲ့ အင်အားကတော့ ဥပဒေနဲ့အညီဖြစ်ပါတယ်၊ ပြည်သူများ မိမိတို့ဘာသာ စုဝေးပြီးတော့ လိုက်လာတာကြတော့ ကျနော်တို့ ပါတီအစီစဉ်မဟုတ်သလို့ ကျနော်တို့မှာ ပြည်သူလူထုကို တားမြစ်နိုင်တဲ့ အခွင့်အာဏာလည်း မရှိပါဘူး"

ဆက်လက်ပြီး ပါတီငယ်တွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ချက်တွေအပေါ် NLD ပါတီအနေနဲ့ မတရားပြုကျင့်တာမျိုး ရှိခဲ့ရင် ပါတီဗဟိုထံ တိုင်ကြားနိုင်ကြောင်း၊ သူတို့အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်က ဘယ်အချက်တွေမှာ အားနည်းတယ်ဆိုတာမျိုး ဥပဒေအရထောက်ပြရင် သမ္မတက ထိန်းကြောင်းသွားနိုင်မှာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ထောင်နဲ့ချီ တွေ့နေပေမယ့် နိုင်ငံရေးပါတီတချို့က ဒေသတချို့မှာ လူထောင်နဲ့ချီ ပါဝင်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အင်အားပြ လှည့်လည်နေတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ကပ်ဘေးအန္တရာယ် အသိပေးတားမြစ်ချက်တွေ၊ ညွှန်ကြားချက်တွေကို မလိုက်နာဘူးလို့ ဝေဖန်မှုတွေ ရှိနေသလို ဒီဖြစ်ရပ်တွေမှာ အရေးမယူလို့ဆိုပြီး ရွေးကောက်ပွဲကော်မရှင်အပေါ်မှာလည်း မေးခွန်းထုတ်နေကြတာပါ။  

အောက်တိုဘာ ၁၀ ရက်နေ့ ကြေညာချက်မှာတော့ UNA အဖွဲ့ဝင် ရှမ်း၊ ကချင်၊ ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီတွေ အပါအဝင် ၁၃ ပါတီနဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB၊ ပေါင်းကူး၊ တို့မြေကွန်ရက်၊ Generation Wave စတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၃၄ ဖွဲ့ပါဝင်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။