မြောက်ဦး အခြေစိုက် ရဲတပ်ရင်းဌာနချုပ်ကို AA အဖွဲ့က အင်အားသုံး တိုက်ခိုက်


2019.04.10
mrauku-police station-31-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ၂၀၁၉၊ မတ်လက တွေ့ရစဉ်
Photo: RFA

ရက္ခိုင့်တပ်မတော် AA က အင်အား ၄၀၀ လောက်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အခြေစိုက်ရဲတပ်ရင်း ဌာနချုပ်ကို ဒီကနေ့ မနက်ပိုင်းက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။

မနေ့က ည ၁၀ နာရီ ၅ မိနစ်လောက်မှာ AA အဖွဲ့က အဲဒီရဲတပ်ရင်းရဲ့ အိမ်ထောင်သည်လိုင်းဖက်ကနေ အရင်ဆုံး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၃ နာရီလောက်မှာ ထပ်မံပြီး အလုံးအရင်း နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အိမ်ထောင်သည်လိုင်းခန်းကို စီးမိသွားပြီး ရဲတပ်ရင်းဌာနချုပ်ထဲထိ ဝင်လာနိုင်ခဲ့လို့ တပ်မတော်စစ်ကူ အချိန်မီပြန်လည်တိုက်ခိုက်နိုင်ခဲ့လို့ မနက် ၅ နာရီခွဲလောက်မှာ ပြန်လည်ဆုတ်သွားတယ်လို့ ပြောပါတယ်။

အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့တာမို့ ပြန်လည်ဖြိုခွင်းနိုင်ဖို့အတွက် တပ်မတော်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့လည်း ပစ်ခတ်နိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ အဲဒီရဲတပ်ရင်းထဲမှာ လက်နက်ကြီးအမြှောက်တပ်ဖွဲ့စခန်း ချထားတာဖြစ်ပြီး စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ရတာလို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့က စွပ်စွဲသလို လက်နက်ကြီး အမြှောက်တပ်ဖွဲ့စခန်း ချထားတာ မရှိကြောင်း ပြောပါတယ်။

မနေ့ည ၁၀ နာရီကျော်လောက်ထဲက ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ မြောက်ဦးမြို့မှာရှိတဲ့ ရဲတပ်ရင်း ဌာနချုပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောကြပါတယ်။

ညက တိုက်ပွဲအတွင်း အစိုးရဘက်က ကျဆုံးသူ အယောက် ၂၀ ကျော်လောက်ရှိနိုင်ကြောင်းနဲ့ AA ဘက်ကတော့ ကျဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာ ရတာလောက်သာရှိကြောင်း ခိုင်သုခက ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အစိုးရဘက်က ကျဆုံးသူ ၁၀ ဦးအောက်သာရှိပြီး AA ဘက်ကလည်း ထိုခိုက်ကျဆုံးတာတွေရှိကြောင်းနဲ့ စာရင်း အတိအကျကို နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ရှိကြောင်း ပြောပါတယ်။

ညကတိုက်ပွဲဖြစ်ပွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။

"အရင်တုန်းက ရဲတပ်ရင်းပေါ့ ည ၁၀ နာရီ ၅ မိနစ်လောက်မှာ အဲဒီရဲတပ်ရင်းဌာနချုပ် နေရာ ၃ နေရာလောက် ကနေ အိမ်ထောင်သည်လိုင်းဖက်ကနေ လာပစ်တယ် ဒီဖက်က ပြန်တိုက်ခိုက်လို့ ရပ်သွားတယ်၊ မနက် ၃ နာရီလောက်မှာ အင်အား အနည်းဆုံး ၄၀၀ လောက် အလုံးအရင်းနဲ့ လာတိုက်တယ်၊ အိမ်ထောင်သည် လိုင်းဖက်ကနေပဲ တိုက်တယ်၊ ကျွန်တော်တို့ဆီကလည်း စစ်ကူတွေ အချိန်မီရောက်သွားတယ်၊ ပြန်လည် တိုက်ခိုက်တဲ့အခါမှာ မနက် ၅ နာရီခွဲလောက်မှာ ပြန်ဆုတ် သွားကြတယ်၊ သူတို့ အလောင်း၊ လက်နက်ရ လိုက်တာရှိသလို ကျွန်တော်တို့ဖက်ကလည်း စစ်သည်တချို့ ကျဆုံးတာရှိတယ် ရဲတပ်ဖွဲ့တချို့ ကျဆုံးတာရှိတယ်၊ အဲဒီပတ်ဝန်းကျင်တော့ လုံခြုံရေးအရ လိုက်လံရှင်းလင်းတာတွေတော့ လုပ်နေတယ်၊ ကျွန်တော်တို့ဆီကတော့ ကျဆုံးတဲ့စာရင်း ဆယ်ဂဏန်းမပြည့်ဘူးလို့ပဲ ပြောချင်တယ်"

ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ နောင်မှ သီးသန့်ထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။ အဲဒီရဲတပ်ရင်း သင်တန်းကျောင်းနေရာကို AA က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရတာနဲ့ပတ်သက်ပြီး AA  ရဲ့ ပြောခွင့်ရသူ ခိုင်သုခ က အခုလိုပြောပါတယ်။

"သူူတို့ကရဲတပ်ရင်းပါလို့ ပြောနေတာက တကယ် ရဲတပ်ရင်းမဟုတ်ဘူး၊ ရဲအရေခြုံပြီးတော့ အမြှောက်တပ်ရင်းက စခန်း ထိုင်ထားတာ၊ ဗမာစစ်တပ်ရဲ့ အဓိကလက်နက်ကြီးစခန်းပဲ၊ အဲဒါကြောင့် ကျွန်တော်တို့ဖက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရတာဖြစ်တယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့က စွပ်စွဲသလို လက်နက်ကြီး အမြှောက်တပ်ဖွဲ့စခန်းချထားတာ မရှိကြောင်း ပြောပါတယ်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာက ဒေသခံလုံခြုံရေးကို ဆောင်ရွက်တာလေ၊ ဒေသခံပြည်သူတွေရယ် ကိုယ့်လက်နက်ကိုင်တပ်ဖွဲ့တွေကို လုံခြုံမှုပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က လုံခြုံရေး တပ်ဖွ့ဲဝင်တွေနဲ့ထားပြီးတော့ အဲဒီမှာ လက်နက်ကြီးတွေထားပြီးတော့ လုပ်ရပါတယ်ဆိုတာက သူ့ရဲ့အကြောင်းပြချက်ပဲ"

အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချောင်းသစ်ရွာက တစ်နှစ်ကျော်အရွယ်ကလေးငယ် သားအမိတို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး အရပ်သားတချို့လည်း ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အရပ်သားတစ်ချို့ သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျည်ဆံထိမှန်ခဲ့တဲ့ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရ တယ်လို့ မြောက်ဦး ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်သိန်းထွန်း က ပြောပါတယ်။

"ညမထွက်ရအမိန့် ထုတ်ထားတယ်၊ အဲဒါကြောင့် မနက်မိုးလင်းမှပဲ ကျွန်တော်တို့သွားယူလိုက်တယ်၊ ကလေးလေးက ၁ နှစ်နဲ့ ၉ လ ကလေးအမေက ၂၅ နှစ် မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာကပါ၊ အမေလုပ်သူက ညာဖက်ရင်ဘတ်မှာ ကလေးက ဘယ်ဖက်ရင်ဘတ်မှာ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံပဲ ပို့လိုက်ပါတယ်၊ ကလေးငယ်ကျတော့ အခု အဆုတ်မှာ သွေးနည်းနည်းယိုနေလို့ စစ်တွေပို့လိုက်ပြီဗျ"

တိုက်ပွဲဖြစ်ပွားရာနေရာဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာဖြစ်တာမို့ ရှေးဟောင်းအမွေ အနှစ်တွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်မိတယ်လို့ မြောက်ဦးယဉ်ကျေးမှုဒေသထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း က ပြောပါတယ်။

"မနက် ၁၂ နာရီကျော်လောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်၊ လေယာဉ်နဲ့လည်း ဗုံးကျဲတယ်၊ ကျွန်မတို့အိမ်ပေါ်တွေကနေ ဖြတ်သွားတာမြင်ရတယ်၊ တစ်ညလုံး ပစ်ကြပါတယ်ရှင့် မနက် ၅ နာရီခွဲလောက်မှာ လေယာဉ်တွေလာတာတော့တွေ့ရတယ်၊ အဲဒီနေရာတွေက ယဉ်ကျေးမှုအမွေအနှစ်တွေ တစ်စုတစ်စည်းတည်း ရှိတဲ့နေရာတွေပါ။ ယဉ်ကျေးမှုဇုန်အတွင်းမှာ ဖြစ်ပါတယ်၊ အခုလိုတိုက်ပွဲဖြစ်တယ် လက်နက်ကြီးရဲ့ ပစ်ခတ်မှု အသံနဲ့တုန်ခါမှုကြောင့် ရှေးဟောင်းအဆောက်အဦးတွေ တော်တော်များများ ထိခိုက်လိမ့်မယ်လို့ သိရပါတယ်၊ အဲဒီမြောက်ဦးယဉ်ကျေးမှုဇုန်ထဲမှာကို ရဲတပ်ရင်းကရှိတာပါ"

ဇန်နဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့အထိ စာရင်းတွေအရ တိုက်ပွဲတွေအတွင်း AA အဖွဲ့ဝင် သေဆုံးသူ ၅၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦး ရှိတယ်လို့ မတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော် အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။