ရောင်းစားခံ မြန်မာတွေခေါ် ယူနိုင်ရေး အင်ဒိုနီးရှား ဆွေးနွေးပွဲ မှာ တင်ပြမည်

0:00 / 0:00

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံက ငါးဖမ်းရေလုပ်သားတွေကို ဖမ်းဆီးရောင်းစားနေတာတွေကို အကာ အကွယ်ပေး နိုင်ဖို့နဲ့ နိုင်ငံတကာရွှေ့ပြောင်း ရေလုပ်သားတွေကို အကာကွယ်ပေးတဲ့ ဥပဒေပြဌာန်းရေး အတွက် နိုင်ငံပေါင်း၂၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခုလ ၂၈ ရက်နေ့ တွေ့ ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ ထိုင်းငါးဖမ်းသင်္ဘောတွေကတဆင့် ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ရေ လုပ်သားတွေကို တရားဝင်ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် အဲ့ဒီအစည်းအဝေးမှာ တင်ပြသွားမယ်လို့ အဲ့ဒီဆွေးနွေး ပွဲကို တက်ရောက်မယ့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

"မြန်မာနိုင်ငံသားအနေနဲ့ ရေလုပ်သားတစ်ယောက်အနေနဲ့ သူတို့ ဘယ်လိုလုပ်တရားဝင် ခေါ်မလဲဆိုတဲ့ ဟာတွေပါ ကျမတို့ ဆွေးနွေးမှာပေါ့၊ တရားမဝင် ရေလုပ်သားတွေအများကြီးရှိတယ်ဆိုတာ အစ်မတို့ လည်းသိတယ် အစိုးရလည်းသိတယ်၊ သို့သော် သူတို့အတွက်အကာအကွယ်ကို ဘာမှမလုပ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ပြဿနာတွေကကြီးလာတယ်၊ သူတို့အကာအကွယ်တစ်ခုလုပ်ပေးထားမယ်ဆိုရင် ဒီပြဿနာတွေ ဒီလောက်ထိကြီးစရာမလိုဘူး၊ တရားဝင်သွားမယ်၊ တရားဝင်ဟိုကနေပြီးတော့ခေါ်လို့ရှိရင် ဒီပြဿနာမဖြစ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံတော်ကနေပြီးတော့ တရားဝင်ဖြစ်အောင် သူတို့ရဲ့တရား ဝင်ဖြစ်နိုင်တဲ့ ဥပဒေတွေထုတ်ပြန်ပြီးတော့ လုပ်သင့်ပါတယ်"

အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းမှာ ငါးဖမ်းသမား ၅၅ဝ လောက်ဟာ ကျွန်အဖြစ်ရောင်းစားခံရပြီး လုပ်ခလစာ မရဘဲ အင်ဒိုနီးရှားအလုပ်ရှင်တွေကို လုပ်ပေးနေရကြောင်း AP သတင်းဌာနက အခုလ ၉ ရက်နေ့က ဖော်ပြခဲ့ ပါတယ်။ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံသား ရေလုပ်သားအများအပြား ရှိနေတယ်လို့ဆိုပါတယ်။

အဲ့ဒီလို ရောင်းစားခံထားရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ငါးဖမ်းသမားတွေကို အင်ဒိုနီးရှားအစိုးရက ဘင်ဂျီနာကျွန်း ကနေ ရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။

အခုလအတွင်းကျင်းပမယ့် ရေလုပ်ငန်းဆိုင်ရာအစည်းအဝေးမှာ ဖမ်းဆီးခံရေလုပ်သားတွေကို နေရပ်ပြန်ပို့နိုင်ရေး အတွက် ဆွေးနွေးသွားမယ်လို့ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

အဲ့ဒီအစည်းအဝေးကို ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ကိုရီးယားနိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေလည်း တက်ရောက်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ ဒေါ်တိုးနန္ဒာတင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။