ထိုင်းနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကန့်သတ်မှုတွေ လုပ်ထားတဲ့ ခရိုင်ကနေ ဖြတ်ကျော်ပြီး နယ်စပ်ကို ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၂ ဦးဟာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် လက်မှတ်ရှိပေမယ့် ကိုဗစ်ဥပဒေဖောက်ဖျက်လို့ အရေးယူခံရမယ်လို့ ဒီကနေ့ထုတ် ဘန်ကောက် ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းမြန်မာနယ်စပ် ပရကျွတ်ခီရီကန်ခရိုင်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်မှုနဲ့ တစ်လအရွယ် နဲ့ လေးနှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် မြန်မာ နိုင်ငံသား ၄၂ ဦးကို ထိုင်း အာဏာပိုင်တွေက သြဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင် (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။
ပြစ်ဒဏ်ခံအဖြစ် ဘတ်ငွေ တစ်သောင်းကနေ နှစ်သောင်းအထိ၊ ထောင်ဒဏ်ဆိုရင် တစ်နှစ်အထိ ကျခံရမယ်လို့ ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားတာပါ။ အခုဖမ်းခံရတဲ့ မြန်မာတွေထဲက ၁၂ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ များလာတာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အလုပ်အကိုင် မရှိဘဲ စားဝတ်နေရေး ခက်ခဲလာလို့ နေရပ်ပြန်ကြလို့ အခုလို ပြဿနာတွေ ကြုံရတာလို့ ဦးမင်းဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ ခရိုင် ၂၉ ခုကို အနီ ရင့်ရောင်နယ်မြေ သတ်မှတ်ပြီး ညမထွက်ရ အမိန့်နဲ့ နယ်မြေဖြတ်သန်းခွင့် ပိတ်ပင်ထားပြီး တင်းတင်း ကျပ်ကျပ် လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနဲ့နီးတဲ့ ပရာကျွတ်ခရိုင်လည်း ပါဝင်ပါတယ်။
ဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေဟာ တစ်ဦးကို ဘတ်ငွေ တစ်သောင်း နှစ်ထောင် ပွဲစားခပေးပြီး နယ်စပ် ပြန်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို ခေါ်လာတဲ့ ယာဉ်မောင်းတစ်ဦးကိုလည်း အရေးယူမှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသောင်းကျော် ရှိနေပြီး သေဆုံးသူ ဆယ်ဂဏန်းလောက်ရှိပြီလို့ FED အဖွဲ့ရဲ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နေ့စဉ် ကိုဗစ်ကူးစက်မှု သောင်းဂဏန်းရှိနေပြီး သြဂုတ်လ ၉ ရက်နေ့မှာ သေဆုံးသူ ၁၄၉ ဦး ရှိတယ်လို့ ထိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။