ဝန်ကြီးဌာန ၂ ခုရဲ့ ဝန်ကြီးအမည် တင်သွင်း


2016.04.04
mahnwinkhaingthan-apr4.jpg ပြည်ထောင်စုလွှတ်တော်မှာ ဧပြီလ ၄ ရက်နေ့က ဝန်ကြီး ၂ ဦးနဲ့ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် အမည် စာရင်းတွေကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်း အတည်ပြုစဉ်
Photo: RFA

ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ၄ ခုထဲက ပညာရေးဝန်ကြီးဌာန နဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ၂ ဦးအမည်စာရင်း နဲ့ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် အမည် စာရင်းတွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလိုက်ပါတယ်။

သမ္မတ ဦးထင်ကျော် အဆိုပြုထားသူတွေနဲ့ပတ်သက်ပြီး ကန့်ကွက်နိုင်ကြောင်းနဲ့ ကန့်ကွက်မယ့်သူ မရှိရင် မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုမှာ ဖြစ်ကြောင်း လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ အမည်စာရင်းနဲ့ စပ်လျဉ်းပြီးခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းချင်းတို့ကို မနက်ဖြန် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၅ ရက်၊ အင်္ဂါနေ့ နံနက် ၁၀ နာရီမှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ကန့်ကွက်ချက် တစ်စုံတရာမရှိပါက အမည်စာရင်းပါပုဂ္ဂိုလ်များကို ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာမှာဖြစ်ပါတယ်"

ပညာရေးဝန်ကြီးအဖြစ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာမျိုးသိမ်းကြီး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး အဖြစ် စွမ်းအင်ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဖေဇင်ထွန်း တို့ကို ခန့်အပ်ဖို့ အဆိုပြုထားတာဖြစ်ပါတယ်။

ဒေါက်တာမျိုးသိမ်းကြီးဟာ အရင်က အခြေခံပညာဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

အရင်က ဝန်ကြီးဌာန ၄ ခုကို တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမှာ နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီးဌာနတွေသာကျန်ရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် ဦးမော်သန်းတို့ကို ခန့်အပ်လိုကြောင်းလည်း သမ္မတ ဦးထင်ကျော်က အဆိုပြုထားပါတယ်။

ဦးထွန်းထွန်းဦးဟာ အငြိမ်းစားဒုတိယရှေ့နေချုပ်ဖြစ်ပြီး ဦးမော်သန်းဟာ မြန်မာနိုင်ငံ စာရင်းကောင်စီအဖွဲ့ဝင်နဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။