ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းရေးနဲ့ အဖြေရှာဖို့ တောင်းဆိုဆန္ဒပြ

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့မြို့နယ် လေးခုမှာ သံဃာတော်နဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေဟာ အချိန် ငါးလကျော်ကြာမြင့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် ထိခိုက်မှုတွေဟာလည်း ပိုများလာနေတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ရခိုင်ဇာတ်ကား ဒါရိုက်တာတစ်ဦးဖြစ်သူ ခိုင်မော်ကွန်းက အစိုးရဟာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာမှုတွေရှိနေတာကို လျစ်လျူရှုထားတယ်လို့ ဝေဖန်ပါတယ်။

“အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပြည်သူလူထုတွေကတော့ မြေစာပင်အဖြစ်နဲ့ ခံနေရတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ်မှာလည်းပဲ သက်ဆိုင်ရာ အစိုးရပိုင်းကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိပါဘူး။ ဒါကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အပြစ်မဲ့ပြည်သူတွေ အသားလွတ် ဖမ်းဆီးနှိပ်စက်ခံနေရတာတွေရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီအသင်းအဖွဲ့တွေက ဒုက္ခသည်စခန်းတွေကို သွားပြီးတော့ ကယ်ဆယ်ထောက်ပံ့ချင်တဲ့ အနေအထားတွေကိုလည်း အစိုးရက တားမြစ်တာတွေရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေဖက်က လုပ်ပိုင်ခွင့်အနေနဲ့ပေါ့လေ ခွင့်ပြုချက်တင်ပြီးတော့ အစိုးရကိုဆန္ဒပြရခြင်း ဖြစ်ပါတယ်”

ဒီစစ်ရေးပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာနိုင်ရေးအတွက် စစ်တွေမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေလ ကိုးရက်နေ့က စာပေးပို့တောင်းဆိုပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူးလို့လည်း ဆိုပါတယ်။

အဲဒီစာထဲမှာ ရခိုင်ဒေသကို အပစ်အခတ်ရပ်စဲပြီး စစ်ရေးနဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းမှာ ဆွေးနွေးပြီး အဖြေရှာဖို့၊ စစ်ဘေးဒုက္ခသည်အရေးအတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့၊ စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေကို လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်ပြုဖို့၊ မြန်မာ့တပ်မတော်က ပစ်ခတ်လို့ သေဆုံးဒဏ်ရာရတာ ဖမ်းဆီးခံရတာ စတဲ့ဖြစ်ရပ်တွေ နောင်မဖြစ်စေဖို့ စတဲ့အချက်တွေကို ပါဝင်ပါတယ်။

ဒီတောင်းဆိုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မေလ ၁၅ ရက်နေ့က ဆရာတော်တွေထံကို အကြောင်းပြန်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ အပစ်အခတ်ရပ်စဲပြီး စားပွဲဝိုင်းမှာအဖြေရှာဖို့ကိစ္စဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်ရမယ့်ကိစ္စဖြစ်သလို စစ်ဘေးဒုက္ခသည်အရေးအတွက် ပြည်နယ်အစိုးရက ဆောင်ရွက်နေတာတွေရှိကြောင်း ရေးသားထားပါတယ်။

ဝန်ကြီးချုပ်ဦးညီပုရဲ့အကြောင်းပြန်စာဟာ နိုင်ငံတော်အစိုးရက အကြောင်းပြန်တာ မဟုတ်တဲ့အတွက် ဒီနေ့ ဆန္ဒပြပွဲကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆန္ဒပြပွဲ ဦးဆောင်သံဃာတော်တစ်ပါးဖြစ်တဲ့ အောင်မြေကုန်း ကျောင်းတိုက် ဆရာတော် ဦးစန္ဒာဝရ က RFA ကို မိန့်ပါတယ်။

“နိုင်ငံတော်က သီးသန့်ပြန်ကြားစာလည်း မဟုတ်ဘူး။ နိုင်ငံတော်အမိန့်အရ ပေးတဲ့စာလည်း မဟုတ်ဘူး။ ဦးညီပုဆီက သက်သက်ပေးတဲ့စာဖြစ်နေတဲ့အတွက် ဆန္ဒဖော်ထုတ်ပွဲကော်မတီကလည်း ဒါကိုအသိအမှတ်မပြုပါဘူး”

နိုင်ငံတော်အကြီးအကဲ ၃ ဦးထံ စာပေးပို့တောင်းဆိုတာနဲ့ပတ်သက်လို့ အဲဒီနိုင်ငံတော် အကြီးအကဲတွေရဲ့ တုံ့ပြန်ချက်ကိုပဲ အဓိကလိုချင်တယ်လို့ ဆရာတော် ဦးစန္ဒာဝရ မိန့်ပါတယ်။

ဆန္ဒပြပွဲမှာ အချက် ကိုးချက်ကို ကြွေးကြော်ဖို့ မြို့နယ်ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက်တင်ခဲ့ရာမှာ အချက် ခြောက်ချက်ကိုသာ လက်ခံပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နှိပ်စက် ဖမ်းဆီးတာတွေကို ရပ်ဆိုင်ရေး၊ သံသယနဲ့မတရားဖမ်းဆီး ခံရသူတွေကို ချက်ချင်းလွှတ်ပေးရေး၊ မတရားသဖြင့် ပစ်ခတ်သတ်ဖြတ်သူတွေကို ဥပဒေအရ အရေးယူပေးရေး စတဲ့အချက် သုံးချက်ကို ခွင့်မပြုခဲ့ဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဒီအချက် သုံးချက်ကို ရဲတပ်ဖွဲ့က ဘာကြောင့်ခွင့်မပြုသလဲ ဆိုတာနဲ့ပတ်သက်လို့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးကို RFA က မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“ကျွန်တော်က ပြောတာပေါ့ ဘာဖြစ်လို့ ဒီအချက် သုံးချက်ကို လက်မခံနိုင်ဘူးလဲဆိုတော့ သူတို့က တပ်မတော်ဘက်ကို နည်းနည်းထိခိုက်မှုရှိတယ်လို့ ပြောတယ်။ ကျွန်တော်က ပြောတယ်။ ကျွန်တော်တို့က တပ်မတော်လို့ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း မဟုတ်ဘူး။ ဒါအပြစ်လုပ်ထားတဲ့သူတွေကို ကျွန်တော်တို့က ရည်ရွယ်တာပါ။ မတရားဖမ်းဆီးသတ်ဖြတ်တာ ဘယ်သူပဲဖြစ်ဖြစ် အဲဒါကိုပဲဆိုချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ကတော့ ဒီဟာက တဖက်သတ်ဆန်ပြီး လက်မခံနိုင်ဘူးဆိုတဲ့အကြောင်းကို ပြောပါတယ်”

ရဲတပ်ဖွဲ့က တပ်မတော်နဲ့ ပတ်သက်နေတယ်ဆိုတဲ့အချက် သုံးချက်ကို ခွင့်မပြုခဲ့တာကြောင့် ဒီနေ့ဆန္ဒပြပွဲကို ကြွေးကြော်သံတွေ မပါဘဲ ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ စစ်တွေဒေသခံ ဦးကျော်သိန်းဇံက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့က အဓိက မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးတွေရပ်ဆိုင်းပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော် (AA) ကို နိုင်ငံရေးစကားဝိုင်းထဲကိုခေါ်ပြီးတော့ ကျွန်တော်တို့ ရခိုင်ဒေသပြည်သူလူထု လိုအပ်နေတာကို ညှိနှိုင်းဆွေးနွေးပြီးတော့ နိုင်ငံရေးအရဆွေးနွေးပြီး ဖြေရှင်းတာက ကျွန်တော်တို့ နိုင်ငံအတွက်ရော ရခိုင်ပြည်သူတွေအတွက် အကုန်လုံးကောင်းပါလိမ့်မယ်”

နိုင်ငံတော်အကြီးအကဲ သုံးဦးထံ စာပေးပို့တောင်းဆိုထားတာ၊ ဒီနေ့ ဆန္ဒပြပွဲပြုလုပ်ပြီး တောင်းဆိုတာတွေအပေါ်မှာ တစ်စုံတစ်ရာတုံ့ပြန်မှုမရဘူးဆိုရင် အစည်းအဝေးတွေထပ်လုပ်ပြီး တောင်ဆိုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို စစ်တွေမြို့အပြင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မောင်တော စတဲ့မြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးက ပြောပါတယ်။

စစ်တွေမြို့က ဆန္ဒပြပွဲကိုတော့ ရသေ့တောင်မြို့နယ်က ဒေသခံတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ဒါ့အပြင် မိုင်း၊ ဗုံးသီး၊ ကျည်ဆံထိမှန်တာကြောင့် သေဆုံးသူ ၃၀ ကျော်ရှိနေသလို ထိခိုက်ဒဏ်ရာရပြီးဆေးရုံ တက်ကုသခဲ့ရသူတွေကတော့ ၇၀ လောက်အထိ ရှိနေပါတယ်။