ပုဂံဒေသအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးနေ

RFA Burmese
2025.02.14
ပုဂံဒေသအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးနေ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဒေသထဲက ကျောက်ပြင်ကန် ကျေးရွာအနီးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာခံတစ်ထောင်လောက် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်ပြင်ကန်၊ ယာတောကြီးနဲ့ ဂျိုးကန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး နောက် အခုလို လေကြောင်းနဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။

"လေယာဉ်က ပစ်တာတွေရော၊ လာတာတွေရော အကုန်မြင်ရတယ်"

အဲဒီနေရာဟာ ညောင်ဦးမြို့နဲ့ ခုနစ်မိုင်ခန့်ကွာဝေးပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုဇုန် ဧရိယာနဲ့ သုံးမိုင်လောက်ပဲ ကွာဝေးတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်သွားတာလို့ အဲဒီရွာတွေအနီးမှာ နေထိုင်သူ ညောင်ဦး ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်ကြီး။ မနေ့ကတုန်းကလည်း လေယာဉ်နဲ့ပစ်တာ အနောက်ဘက်ပေါ့။ တို့နဲ့ သုံးလေးရွာတော့ ခြားတာပေါ့ကွာ။ လေယာဉ်က ပစ်တာတွေရော၊ လာတာတွေရော အကုန်မြင်ရတယ်။ ရွာတွေပေါ်တော့ မကျဘူးပေါ့။ သူတို့ ဟိုတစ်နေ့ကလည်း တိုက်ပွဲတစ်ခါဖြစ်ပြီးပြီ။ အဲနားပဲ ဖြစ်တဲ့နေရာကိုချတာ"

ကျောက်ပြင်ကန်ရွာက ထိခိုက်ပျက်စီးတဲ့ အခြေအနေနဲ့ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

လေးနှစ်အတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးသူ ခြောက်ထောင်ကျော်ရှိကြောင်း ကုလပြော

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ခန့် သေဆုံး

စစ်ကိုင်းတိုင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ညတည်း လူ ဆယ်ဦးခန့်သေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ


စစ်ကောင်စီတပ်ဟာ အဲဒီရွာအနီး ပတ်ဝန်းကျင်ကို လောလောဆယ် စစ်ကြောင်းထိုးနေပြီး ရွာတွေထဲမှာပါ တပ်စွဲတာကြောင့် ထွက်မပြေးရတဲ့ ရွာတွေက ဒေသခံတွေ အပြင်မထွက်ရဲကြဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ကျောက်ပြင်ကန်ရွာက ပြေးကုန်ပြီလို့ ပြောတယ်။ ညီမတို့ရွာကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရတယ်။ သေနတ်သံတော့ ကြားရတယ်။ ဘယ်သူမှကို အပြင်မထွက်ရဲကြဘူး။ အခုထွက်ပြေးရင် ပိုဆိုးမယ်လို့ ပြောတယ်။ ယောက်ျားလေးတွေ ပိုမထွက်ရဲကြဘူး"

ဒီနေ့မှာလည်း အနောက်အုံရွာနဲ့ ချောင်းရှည်ရွာအနီးမှာ ငါးမျှားနေတဲ့ လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ ရှေးဟောင်းယဉ်ကျေးမှူဇုန်ထဲ မဟုတ်ပေမဲ့ အဲဒီဧရိယာနဲ့ နီးတယ်လို့ ညောင်ဦးမြို့ခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ရှေးဟောင်းဇုန်ဆိုတာက ဘုရားတွေ ရှေးဟောင်းနေရာတွေပဲ၊ ရှိတဲ့နေရာတွေကိုပဲ သတ်မှတ်တာ။ ဘုရားအဟောင်းကြီးတွေ ရှိတဲ့နေရာပဲ သတ်မှတ်တာ။ အဲဒီ ကျောက်ပြင်ကန်တို့ဆိုတာက ရှေးဟောင်းဇုန်နဲ့ မသက်ဆိုင်ဘူး။ ဝေးတယ်လေ ရှေးဟောင်းဇုန်ထဲ မပါဘူး။ ဒါပေမဲ့ နီးတယ်လို့တော့ ပြောရမှာပေါ့"

တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ ရှေးဟောင်းယဉ်ကျေးမှု ဧရိယာထဲ ပါသလားဆိုတာသိရဖို့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ ဌာနခွဲ) ရဲ့ ညွှန်ကြားရေးမှူး ဦညီမွန်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးကြောင့် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုအတွက် တုံ့ပြန်မှုရဖို့ မန္တလေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့အဝင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့အဝင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရှေးဟောင်းဘုရားတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မထိခိုက်အောင် လုပ်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောထားပါတယ်။

ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။

(မှတ်ချက် - ဤသတင်းတွင် နောက်ထပ် ပုဂံဒေသခံ နှစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။