စစ်ကိုင်းတိုင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ညတည်း လူ ဆယ်ဦးခန့်သေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ
2025.02.12

[Update: 4: 25 PM, Feb 13, 2025]
စစ်ကိုင်းတိုင်း မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ်တွေက ရွာတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီ တဲအိမ်တွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၂ နေ့ ညကနေ ၁၃ ရက်နေ့ မနက်အစောပိုင်းအထိ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ဆယ်ဦးခန့် သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မုံရွာမြို့နယ်က ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ဘုဘ၊ ဂျိုးစုရွာတွေနဲ့ ချောင်းဦးမြို့နယ် ငါးလုံးတင်၊ ရှမ်းထူးရွာနဲ့ ကုလားကြီးရွာက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ယာယီတဲအိမ်တွေအပြင် ဆားလင်းကြီးမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ငါးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့သလို မုံရွာမြို့နယ်က ရွာတချို့ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ညဦးပိုင်း ၁၀ နာရီဝန်းကျင်က အလုံး လေးဆယ်ကျော်လောက်ချတယ်။ မနက် ၅ နာရီ ပတ်ချာလည်ကျတော့ နောက်ထပ်တစ်ကြိမ် လာချတယ်။ အဲဒါလည်း အလုံး ငါးဆယ်ကျော်လောက်ပဲဗျ"
မုံရွာမြို့နယ်က ရွာတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ခုနစ်ဦးခန့် သေဆုံးပြီး နှစ်ဆယ်နီးပါး ဒဏ်ရာရသွားတယ်လို့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ညဦးပိုင်း ၁၀ နာရီဝန်းကျင်က အလုံး လေးဆယ်ကျော်လောက်ချတယ်။ မနက် ၅ နာရီ ပတ်ချာလည်ကျတော့ နောက်ထပ်တစ်ကြိမ် လာချတယ်။ အဲဒါလည်း အလုံး ငါးဆယ်ကျော်လောက်ပဲဗျ။ မုံရွာပါမယ်၊ ချောင်းဦးပါမယ်၊ ဆားလင်းကြီးပါမယ်။ မုံရွာနယ်ကတော့ လောလောဆယ် ကျွန်တော်သိရတာ သုံးရွာချတယ်။ ချောင်းဦးဘက်မှာလည်း အထိအခိုက်တွေ ရှိတယ်။ ဆားလင်းက ဝဲကွဲရွာလို့ ပြောတယ်။ အဲဒီမှာလည်း အထိအခိုက် အကျအဆုံး ရှိတယ်လို့ ပြောတယ်ဗျ။ မုံရွာနယ်ကကျတော့ စုစုပေါင်း ခုနစ်ယောက်လောက် တော့ရှိတယ်ဗျ။ အထိအခိုက်ကတော့ နှစ်ဆယ်ကျော်မယ်ဗျ။ မြေပြင်မှာတော့ တိုက်ပွဲဖော်ဆောင်တာ ဘာညာမရှိဘူး။ ဒါပေမဲ့ Y 12 ကတော့ တောက်လျှောက်ဝဲနေတုန်းပဲ"
ဆက်နွှယ်သောသတင်းများ
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခံရမှု အကြိမ် ရှစ်ထောင်ကျော်ရှိလာ
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ခန့် သေဆုံး
တရုတ် ကုမ္ပဏီမိတ်ဖက် Airbus ကို စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
ဒီရက်ပိုင်းအတွင်းမှာ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲက စစ်ကောင်စီ ရဲကင်းစခန်းတချို့ကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ရွာတွေကို စစ်ကောင်စီတပ်က အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာလို့ သူက ပြောပါတယ်။
မုံရွာမြို့နယ်က သေဆုံးသူတွေထဲမှာ ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦးလည်းပါဝင်တယ်လို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ညောင်ဖြူပင်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဘုဘက လက်နက်ကြီးကျတာ ကလေး နှစ်ယောက် သေတယ်ဗျ။ ဝေဟင်ပစ်တာကတော့ အတိအကျကတော့ ညောင်ဖြူပင်က နှစ်ယောက်၊ သစ်စိမ့်ကလည်း တစ်ယောက်လို့ ကြားတယ်ဗျ။ ငါးလုံးတင်ကတော့ တော်တော်များတယ်လို့ အသံကြားတယ်ဗျ။ အခုလည်း လေယာဥ်က တောက်လျှောက် ဝဲနေတုန်းပဲဗျ။ ဒေသခံတွေကတော့ အဆင်ပြေတဲ့ နေရာတွေပေါ့။ ဟိုလျှိုပုန်း၊ ဒီလျှိုပုန်းပေါ့။ လေယာဥ်ဆိုတော့ အိမ်တွေထဲလည်း မနေရဲတော့ အကုန်လုံး လျှိုတွေထဲပုန်းနေရတာ။ မုံရွာနယ်ကိုက ရွာပေါင်း နှစ်ဆယ်လောက် ရှောင်ရတယ်ဗျ။ မုံရွာနယ်ထဲတင်ကိုက"
သေဆုံးသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် မုံရွာမြို့နယ် တောင်ဘက်အခြမ်းမှာရှိတဲ့ ရွာပေါင်း နှစ်ဆယ်ခန့်က ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
အလားတူ မနေ့ညက မုံရွာမြို့နယ်နဲ့ မြို့နယ်ချင်းဆက်ဖြစ်တဲ့ ချောင်းဦးမြို့နယ် ရှမ်းထူးရွာနဲ့ ကုလားကြီးရွာက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ယာယီတဲအိမ်တွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၃ နှစ်အောက်အရွယ် မိန်းကလေးနှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်က ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ရှမ်းထူးရွာကတော့ ဒဏ်ရာရတာ နှစ်ယောက်ရှိတယ်။ ပြီးရင် ကုလားကြီးရွာသစ်ဘက်က ထိခိုက် နှစ်ယောက်နဲ့ အကျအဆုံး နှစ်ယောက်။ အကျအရှုံး နှစ်ယောက်ကတော့ ၁၃ နှစ်နဲ့ ၇ နှစ်လောက်ပေါ့ နှစ်ယောက်။ ဟုတ်တယ် မိန်းကလေးတွေ။ ကလေးတွေရဲ့ အဘိုးနဲ့ ကလေးတွေရဲ့ အဒေါ်တစ်ယောက်ကတော့ မဆုံးသေးဘူး။ စိုးရိမ်ရတဲ့အပိုင်းထဲတော့ ပါတာပေါ့ဗျာ။ မနေ့ညက ဒီဘက်မှာ ငါးခါ ချတာကို ၁၇ လုံး။ လေယာဥ်ကတော့ တောက်လျှောက်ဝဲနေတုန်းပဲ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် အခုလည်း ပြည်သူတွေကို ထုတ်ရသလောက်တော့ အကုန်လုံး ကယ်တော့ ကယ်ထုတ်နေတယ်"
လေကြောင်းရန် စိုးရိမ်ရတာကြောင့် ချောင်းဦးမြို့နယ်က ဒေသခံ နှစ်ထောင်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရ တယ်လို့ သူက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ကုလားကြီးရွာက မိသားစုနှစ်ရာကျော်ဟာ စစ်ဘေးဒုက္ခသည်စခန်းအဖြစ် ထန်းလက်တဲတွေ ဆောက်ပြီး မူလရွာဟောင်းအနီးမှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်အစောပိုင်းမှာ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်က ရွာတချို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သုံးဦး ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းအထိ မုံရွာနဲ့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ကင်းထောက် တာတွေ ရှိနေဆဲပဲလို့လည်းဆိုပါတယ်။
မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ်မြို့နယ်တွေက ရွာတွေမှာ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားသွားလာမှုတွေ သတင်းပေါက်ကြားတာကြောင့် အခုလို လေကြောင်းတိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ် လို့လည်း ကာကွယ်ရေးအဖွဲ့ဝင်တွေက သုံးသပ်ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။
(မှတ်ချက် - ဤသတင်းတွင် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦး၊ မုံရွာမြို့နယ် ညောင်ဖြူပင်ရွာခံတစ်ဦး တို့၏ ပြောဆိုချက်များကို ထပ်မံ ဖြည့်စွက်ထားပါသည်။)