စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ခန့် သေဆုံး

RFA Burmese
2025.02.05
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူကိုးဆယ်ခန့် သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုရွာရှိ စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တစ်လကျော်တွင်း နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၁၂၅ ဦးရှိပြီး အဲဒီအထဲမှာ ၈၉ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကိုလည်း အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ နောင်ချိုမြို့တို့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁၅ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော် ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။