လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး အလွတ်ဆွေးနွေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.07.24
လာအို၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး အလွတ်ဆွေးနွေး လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) မကျင်းပမှီ လုံခြုံရေးဝန်ထမ်းများ ကင်းလှည့်နေသည်အား ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က တွေ့ရစဉ်။
Reuters

အခုနှစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ညီလာခံရဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေကို ဇူလိုင်၂၄ ရက်က စတင်ခဲ့တဲ့အကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂၅ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံ တရားဝင်ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပြီး လာမယ့် စနေနေ့ ဇူလိုင် ၂၇ ရက်မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ်၊ ရုရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါ တက်ရောက်မယ့် အာဆီယံ Regional Forum အစည်းအဝေးတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံထိပ်သီးညီလာခံတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်သူမရှိခဲ့ပေမဲ့ အခုနှစ် လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံကို တက်ရောက်ဖို့အတွက်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီက စေလွှတ်ထားပါတယ်။

အဲဒီ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ် ဟောင်နဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး ဦးအောင်ကျော်မိုးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ့် ASEAN Regional Forum ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဖွယ်ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဆီယံဟာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုပဲ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် မြန်မာနိုင်ငံက တက်ရောက်သူ မရှိဘဲ ထိုင်ခုံအလွတ်အဖြစ် ထားရှိခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဆီယံဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးအလေးပေးဆွေးနွေးမည်

အာဆီယံမှာ မြန်မာကိုယ်စားပြု နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုပဲ အမေရိကန်ခွင့်ပြု

အာဆီယံအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ် စေလွှတ်


လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအို၊ အရင်နှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ လာမယ့်နှစ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှား သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားဆွေးနွေးတိုင်ပင်တဲ့ အလွတ်သဘော အစည်းအဝေးကိုလည်း ဗီယန်ကျင်းမြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးသုံးဦး အမြင်ချင်း ဖလှယ်ခဲ့ကြတဲ့အကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာအောင် တွန်းအားပေးဖို့ ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ပြောသွားတာဖြစ်ပါတယ်။

အစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ ရထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပေမဲ့ ဘယ်လိုနည်းလမ်း အသစ်တွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ သဘောတူခဲ့သလဲဆိုတာ တိတိကျကျ ပြောဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

အာဆီယံဟာ လက်ရှိ ဥက္ကဋ္ဌ၊ အရင်နှစ်က ဥက္ကဋ္ဌနဲ့ လာမယ့်နှစ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် နိုင်ငံသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံပြဿနာကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးတို့ တွေ့ဆုံစဉ်။ (Photo : Facebook/ ASEAN)
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးတို့ တွေ့ဆုံစဉ်။ (Photo : Facebook/ ASEAN)

အခြားနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူဖြစ်စေမဲ့ လုပ်ရပ်တွေကို ပါဝင်ဆောင်ရွက်မယ်ဆိုရင် ကန့်ကွက်စရာမရှိဘူးလို့ အာဆီယံသုံးနိုင်ငံက သဘောတူခဲ့ကြတယ်လို့ ဒီသုံးနိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှား သံတမန်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ အဓိက ရည်ရွယ်ချက်ဟာ စောနိုင်သမျှ အစောဆုံး ရွေးကောက်ပွဲကျင်းပပြီး၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပြန်လည်တည်ထောင်ပေးဖို့ ဖြစ်ပါတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သီတာအေးက ဗီယန်ကျင်းမြို့ အာဆီယံ ကွန်ဗင်းရှင်းစင်တာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောသွားတဲ့အကြောင်း စင်ကာပူ The Strait Times သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပုံမှန် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဆင့်ကို အခြေအနေကို ပြန်ရောက်ဖို့ မျှော်လင့်နေပြီး မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာနဲ့ ဆုံးဖြတ်မယ်ဆိုရင် မကြာခင်မှာ ပုံမှန်အဆင့်ပြန်ရာက်ဖို့ ဖြစ်သင့်နေပါပြီလို့ ဒေါ်ခင်သီတာအေးက ပြောသွားတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ နားလည်မှုနဲ့ အားပေးကူညီမှုတွေလိုအပ်ပြီး၊ ဝေဖန်ရှုတ်ချ၊ ဖိအားမပေးဖို့ ဒေါ်ခင်သီတာအေးက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။