အာဆီယံမှာ မြန်မာကိုယ်စားပြု နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုပဲ အမေရိကန်ခွင့်ပြု

RFA Burmese
2024.07.23
အာဆီယံမှာ မြန်မာကိုယ်စားပြု နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုပဲ အမေရိကန်ခွင့်ပြု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးညီလာခံအစည်းအဝေးမှာတွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား တွေ့ရစဉ်။
AFP

လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအတွင်း မြန်မာကိုယ်စားပြုနေရာအတွက် နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုပဲ တက်ခွင့်ပေးဖို့ သဘောတူထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်အဆင့်ကိုပဲ တက်ခွင့်ပြုမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ဇူလိုင်လ ၂၂ ရက် မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက်ဖို့ရှိနေပြီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ထပ်တိုးမကျူးလွန်နိုင်အောင် အမေရိကန်ပြည်ထောင်စုကနေ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု တော်တော်များများ လုပ်ထားပြီဖြစ်သလို ထပ်တိုးလုပ်ဆောင်ဖို့လည်းရှိတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်း ပြည်ပမှာရှိ စစ်တပ်ကိုဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကို အရင်ကထက်ပို အချိန်ပေးဆက်ဆံတာတွေ ရှိနေသလို ရှေ့ဆက်လည်း ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်လည်း ပါဝင်ဖို့ရှိပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ၂ဝ၂၁ ခုနှစ်ကုန်ပိုင်းကစပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်း လာအိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကိုတော့ စစ်ကောင်စီနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့ပြီး အခုတစ်ကြိမ် ဘယ်သူတက်မလဲ မသိရသေးပါဘူး။

တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့ပေါင်း ၃ဝဝ ကျော်ကတော့ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။