တရုတ်မှာ အလုပ်သွားလုပ်မဲ့ မြန်မာ ငါးထောင်ကျော် မူဆယ်မှာ ပိတ်မိနေ

RFA Burmese
2025.02.03
တရုတ်မှာ အလုပ်သွားလုပ်မဲ့ မြန်မာ ငါးထောင်ကျော် မူဆယ်မှာ ပိတ်မိနေ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီ ကားကြီးဝင်းတစ်နေရာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
Screenshot: Citizen Video

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်သွားလုပ်မဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော်ဟာ တရုတ်ဘက်က တာဝန်ခံ လာမခေါ်သေးတဲ့အတွက် မူဆယ်မြို့မှာ ပိတ်မိနေတာ ငါးလလောက်ရှိပြီလို့ အလုပ်သမားတွေက ပြောပါတယ်။

သူတို့ဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား လူငယ်တွေဖြစ်ပြီး အမျိုးသားတွေများတယ်လို့ ပြောကြပါတယ်။ အားလုံးဟာ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး တရုတ်နိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ အထွေထွေ လုပ်သားလုပ်ဖို့ မူဆယ်ကို ရောက်လာပေမဲ့ အခုအထိ တရုတ်ဘက် ဝင်လို့မရသေးဘဲ ဒုက္ခရောက်နေရတာပါ။

အရင်က ၁၅ ရက်ခန့်သာကြာပေမဲ့ အခုငါးလခန့်ရှိပြီဖြစ်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ တရုတ်ဘက်ကိုသွားဖို့စောင့်နေတဲ့ မူဆယ်မြို့မှာ ရောက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လူက အများကြီးပိတ်မိနေတာဗျ။ ကျွန်တော်တို့ ရှစ်လပိုင်းကတည်းက တရုတ်ပြည်ထဲကို ဝင်ဖို့ကို ဝင်လို့ မရတာ။ ပွဲစားက ကျွန်တော်တို့ကို သွင်းမပေးနိုင်ဘူး။ စက်ရုံက စရိတ်ငြိမ်းဖြစ်တယ်ဆိုပြီး ခေါ်လာတယ်၊ ခေါ်လာပြီးတော့ အခုအဆောင်မှာထားတယ်။ အဆောင်မှာဘယ်လိုထားလဲဆိုတော့ အလွန်ဆုံးနှစ်ပတ်၊ နှစ်ပတ်နေလို့ရှိရင် တရုတ်ကို ဝင်ရမယ်လို့ပြောတယ်။ အခုနှစ်ပတ်ကနေ ငါးလရှိပြီ။ အခုတစ်ရက်ကို သုံးဆယ်နှုန်းနဲ့ တွက်ရင် ကျွန်တော်တို့အကြွေးက (တရုတ်ငွေ) ငါးထောင်နား ကပ်သွားပြီ။ ရွာကနေပြီးတော့လည်း လာလို့ရှိရင် အကြွေးတွေ ယူလာရတယ်လေ။ ရွာကအကြွေးသမားတွေကလည်း မနေတော့ဘူး။ အခုက ပို့ပေးဆိုလည်း ပို့မပေးနိုင်ဘူး၊ ပြန်လွှတ်ပေးဆိုလည်း လွှတ်မပေးဘူး မှတ်ပုံတင် သိမ်းထားတာလည်းမပေးဘူး ”

လက်ရှိ ဂိုဒေါင်တွေလိုအခန်းမှာ နေထိုင်ရသလို တရုတ်ကိုမသွားရဘဲ နေရပ်ပြန်ရမယ်ဆိုရင်လည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ငါးလလည်းကျော်သွားပြီ၊ အကြွေးကလည်း ငါးထောင်ကျော်သွားပြီ။ သူတို့ပြောတာတော့ ပြန်ချင်တယ်ဆိုရင် လျော်ကြေးပေးပြီး ပြန်ရမယ်ဆိုတာပဲ"

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံတွေဟာ လိုအပ်တဲ့ ကုန်ကြမ်းမရတာကြောင့် ယူနန်ပြည်နယ်ထဲကို ပြောင်းရွှေ့သွားကြတာဖြစ်ပြီး အဲဒီစက်ရုံတွေမှာ သွားရောက်အလုပ်လုပ်ဖို့ မြန်မာနိုင်ငံသားတွေ ကြိုးစားနေကြတာပါ။

ယူနန်ပြည်နယ်မှာ မြန်မာအလုပ်သမားတွေ တရားဝင်အလုပ်လုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ နှစ်နိုင်ငံ နားလည်မှုစာချုပ် (MOU) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိမ်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနယ်စပ် ဖြတ်သန်းခွင့် (TBP) လက်မှတ်နဲ့ တရုတ်ဘက်မှာ အလုပ်သွားလုပ်သူ များပြားလာတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

စောင့်နေရင်းနဲ့ အကြွေးတင်နေတဲ့အတွက် ပြန်မယ်ဆိုရင်လည်း လျော်ကြေးတောင်းနေတယ်လို့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“ငါးလလည်းကျော်သွားပြီ၊ အကြွေးကလည်း ငါးထောင်ကျော်သွားပြီ။ သူတို့ပြောတာတော့ ပြန်ချင်တယ်ဆိုရင် လျော်ကြေးပေးပြီး ပြန်ရမယ်ဆိုတာပဲ။ အခုတော်တော်များများက မိန်းကလေးနဲ့ ယောက်ျားလေးဆိုရင် အဆောင် တော်တော်များများမှာ မိန်းကလေးကနည်းပြီး ယောက်ျားလေးက အများကြီးရှိတယ်”

စောင့်ရတာကြာလာတာကြောင့် တချို့လူငယ်တွေ ကြုံရာကျပန်းအလုပ်တွေ လုပ်လာကြသလို အမျိုးသမီးတွေလည်း KTV လို အလုပ်တွေမှာပါ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

တရုတ်နယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိုမိုဖမ်းဆီးခံရ

တရုတ်နိုင်ငံက မြန်မာအလုပ်သမားနှစ်ရာကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ

မူဆယ်နယ်စပ်ကဝင်တဲ့ မြန်မာနိုင်ငံသားတွေကို တရုတ် ကန့်သတ်


တကယ်လို့ တရုတ်နိုင်ငံဘက် သွားခွင့်ရရင်တောင် မူဆယ်မှာနေချိန် နေထိုင်၊ စားသောက်စရိတ်အကြွေးနဲ့ ပွဲစားခ တရုတ်ငွေ ခုနစ်ထောင်လောက်ကို အကြွးပြန်ဆပ်ရဖို့ရှိနေတယ်လို့လည်း ပိတ်မိနေသူတွေက ပြောပါတယ်။

လက်ရှိ တစ်ရုတ်ငွေတစ်ယွမ်ကို မြန်မာကျပ်ငွေ ခြောက်ရာဝန်းကျင်ရှိနေတာကြောင့် ကျပ်ငွေ သိန်းလေးဆယ်ကျော် အကြွေးဆပ်ရမဲ့သဘော ဖြစ်နေတာပါ။

လက်ရှိ မူဆယ်မြို့က သိန်းသန်းချီကားဝင်းထဲမှာ တရုတ်နိုင်ငံဘက် အလုပ်သွားလုပ်ဖို့စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ထောင်ချီရှိနေတယ်လို့ အမည်မဖော်လိုသူ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပိတ်မိနေတဲ့သူတွေက တော်တော်များများက ဒီ မူဆယ် သိန်းသန်းချီကားဝင်းမှာပေါ့။ ဒီမူဆယ် သိန်းသန်းချီ ကားဝင်းက တိုက်တန်းတွေမှာ တချို့တစ်ခန်းဆိုရင် လူဆယ်ယောက်၊ ၁၅ ယောက် အဲလိုအိပ်ကြတာ။ တချို့ဆိုလည်း ကြုံရာအလုပ် ဝင်လုပ်နေရပြီ မူဆယ်မှာ။ သူတို့လာတာက လနဲ့ချီလာပြီဆိုတော့ နေ့တိုင်း စားတာနဲ့သောက်တာနဲ့ အကုန်ထွက်ငွေတွေချည်းပဲပေါ့နော် အဲလိုဖြစ်နေကြတာ”

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ညနေအထိ အကြောင်းပြန်စာမရသေးပါဘူး။

ကိုဗစ်ကပ်ရောဂါ စဖြစ်ချိန်ကတည်းက တရုတ်ဘက်ကို နယ်စပ်ပေါက်ကနေတစ်ဆင့် လူအဝင်အထွက်ကို ပိတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အရင်က မူဆယ်မြို့ကိုရောက်ပြီး အစိမ်းရောင်ကတ်နဲ့ တရုတ်ဘက်ဝင်သွားရင် အဆင်ပြေပေမဲ့ အခုနောက်ပိုင်း စနစ်ပြောင်းသွားတာကြောင့် ခက်ခဲသွားတာလို့ နယ်စပ်အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပိတ်မိတယ်ဆိုတာ ဒီလိုဗျ။ စနစ်ပြောင်းသွားတာပေါ့ အရင်တုန်းက မူဆယ်ကိုရောက်တယ် တစ်ခါသုံးကတ် လုပ်ပြီးလို့ရှိရင် တရုတ်ပြည်ထဲကိုသွားမယ် တရုတ်ပြည်စက်ရုံရောက်ပြီး အလုပ်လုပ်မယ်။ အခုနောက်ပိုင်းက အဲလိုမဟုတ်တော့ဘူး။ အလုပ်လာလုပ်မယ်ဆိုလို့ရှိရင် သူက တစ်ခါသုံးကတ်လုပ်ပြီးလည်း ဝင်လို့မရဘူး ။ တရုတ်ပြည်စက်ရုံကနေ အလုပ်လုပ်ဖို့အတွက် လက်ခံထားပါတယ်ဆိုတဲ့ ခွင့်ပြချက်လိုတယ်။ ခွင့်ပြုချက်ရှိမှ ဒီဘက်ကလည်း တစ်ခါသုံးကတ်ကျမှ ဝင်လို့ရတယ်။ စက်ရုံခေါ်စာလိုမျိုး မရှိဘူးဆိုလို့ရှိရင် ဝင်လို့မရဘူး”

မူဆယ်မြို့မှာ လူပေါင်းတစ်သောင်းကျော် တရုတ်ဘက်ကို ဝင်ရောက်အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေခဲ့ရာကနေ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တချို့ဝင်ခွင့်ရခဲ့တာကြောင့် အခုငါးထောင်ကျော် ကျန်နေတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်မားနှစ်ရာကျော် အလုပ်သမားအခွင့်အရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့စဉ်။ (Photo: New Light Federation of Labor Unions Myanmar - NLF Myanmar)
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်မားနှစ်ရာကျော် အလုပ်သမားအခွင့်အရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့စဉ်။ (Photo: New Light Federation of Labor Unions Myanmar - NLF Myanmar)

တရုတ်နိုင်ငံမှာလည်း သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်နေရပြီး နားချိန်လည်းမရကြဘူးလို့ ယူနန်ပြည်နယ်ထဲက အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမှာကနေ မနက်ရှစ်နာရီကနေပြီးတော့ ညရှစ်နာရီအထိ အလုပ်ဆင်းရတယ်။ ညရှစ်နာရီမှာ မှန်းထားသလောက် မပြည့်လို့ရှိရင် အချိန်ပိုထပ်ဆင်းပေးရတယ်။ အဲဒါလည်း အလာကားဆင်းပေးရတယ်ဗျ။ ကျွမ်းကျင်တဲ့သူတွေတောင် မရနိုင်တဲ့အနေအထားကိုတောင်းတာဗျာ အရေအတွက် အဲလိုတောင်းတာ။ တစ်နေ့ကို အထည် ၄၅၀ အနေအထားလောက်ပဲရနိုင်တဲ့ အနေအထားကို သူက ငါးရာ၊ ခြောက်ရာ တောင်းတယ်ဗျာ အဲလိုမျိုးဖြစ်နေတယ်”

လုပ်အားခအနေနဲ့လည်း တရုတ်ကိုမသွားခင် လစာ တရုတ်ယွမ် ၁၈၀၀၊ ၂၀၀၀ ရမယ်လို့ပြောဆိုခဲ့ပေမဲ့ အခုက အများဆုံး တရုတ်ငွေ ၁၅၀၀ ဝန်းကျင်သာရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ရွေးချယ်ခွင့်မရှိလို့သာ တရုတ်ဘက် အလုပ်သွားလုပ်နေကြရတာဖြစ်ပြီး အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (NLF_Myanmar) တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိရနေတဲ့လုပ်ခလစာက မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက်က နေထိုင်မှုနဲ့ စားသောက်မှုအတွက်က လုပ်ခလစာနဲ့လုံးဝ မျှတမှုမရှိဘူး။ နောက်တစ်ချက်ကတော့ စစ်မှုထမ်းဥပဒေကြောင့်ပေါ့နော် လက်ရှိဆိုရင် စစ်မှုထမ်းဥပဒေ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတယ်။ ဒီစစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံက လူငယ်တွေ၊ အလုပ်သမားတွေက စစ်မှုထမ်းဖို့အတွက် မဖြစ်နိုင်ဘူးပေါ့နော် ဒါကြောင့် အခြားနိုင်ငံကိုပဲ ရွှေ့ပြောင်းအလုပ်သမားလုပ်ဖို့သွားကြတာ”

တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာရော တရုတ်ပြည်တွင်းမှာပါ မြန်မာအလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာလို့ ဆိုပါတယ်။

ပိတ်ရက်တွေမှာ အပြင်ထွက်ခွင့်မပေးတဲ့အပြင် အလုပ်ဖိအားတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ မှာပဲ မြန်မာအလုပ်သမား အမျိုးသမီးသုံးဦး တိုက်ပေါ်ကခုန်ချခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ယူနန်ပြည်နယ်မှာ အလုပ်သမားအခွင့်အရေးပေးဖို့ မြန်မာအလုပ်သမားနှစ်ရာကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီအလုပ်သမားတွေ အလုပ်ထုတ်ခံရပြီး မြန်မာနိုင်ငံဘက်ကို ပြန်အပို့ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက် နှစ်နိုင်ငံအာဏာပိုင်တွေ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာအလုပ်သမား သိန်းနဲ့ချီ ရှိနေနိုင်တယ်လို့ အလုပ်သမားတွေနဲ့ ကူညီနေသူ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။