တရုတ်နယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိုမိုဖမ်းဆီးခံရ

RFA Burmese
2024.12.26
တရုတ်နယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိုမိုဖမ်းဆီးခံရ ရွှေလီမြို့အတွင်းရှိ မြန်မာအလုပ်သမားအချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့နယ် နောင်တောင်ဝ်းမြို့အနီးမှာ ၂၀၂၄ ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း တရားမဝင်နယ်စပ် ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား အယောက် သုံးဆယ်နီးပါး (၂၉ ဦး) ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးနဲ့ တရုတ်နိုင်ငံ နောင်တောင်ဝ်းမြို့ နယ်စပ်မျဉ်းကနေ ပွဲစားတွေနဲ့ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့အထိ အဆက်အသွယ် မရသေးဘူးလို့ ပြော ပါတယ်။

“အခုထက်ထိက အဆက်အသွယ်မရဘူး။ ရွှေလီဘက်မှာ ခေါ်သွားတာတဲ့။ သူတို့ဘယ်မှာ ပို့လိုက်ပြီလဲ မသိဘူး။ ပလောင်ကောင်လေးတစ်ယောက်ပါတယ်။ ကျန်တဲ့ဟာက ဗမာတွေပဲ ဧရာဝတီတိုင်းကတဲ့။ ပွဲစားကပြောတာ အာမခံတယ်တဲ့ ရဲလည်းဖမ်းသွားရော ကျွန်မအကောင့်လည်း ဘလော့သွားရော”

ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းက အမျိုးသားလေးဦးနဲ့ အမျိုးသမီး ၁၄ ယောက် စုစုပေါင်း လူ ၁၈ ယောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးခံရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး ရှစ်ယောက် စုစုပေါင်း ၁၁ ယောက် ဖမ်းဆီးခံရပါတယ်။ အားလုံးက တောင်တွင်းကြီးမြို့နယ်ကဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"ခိုးပေါက်ကကျတော့ ဒီနေ့သွားရင် ဒီနေ့ရတယ်။ တချို့လည်း သူတို့ဖမ်းတယ်။ ဖမ်းရင် ထောင်တွေ ဘာတွေချတယ်"

မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းခွင့်အတွက် မူဆယ်ခရိုင်မှာ နေထိုင်သူတွေကို ခြောက်ညအိပ် ခုနစ်ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီ ထုတ်ပေးပါတယ်။

တခြားတိုင်းနဲ့ ပြည်နယ်က လာရောက်တဲ့သူတွေအတွက် ခြောက်ညအိပ် ခုနစ်ရက် သက်တမ်းရှိတဲ့ တစ်ခါသုံး နယ်စပ်ဖြတ်သန်းခွင့်ကတ်ပြားကို မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတာပါ။

ဒီနယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေဟာ နေထိုင်ခွင့် ရက်ကန့်သတ်ထားတဲ့အတွက် တရုတ်နိုင်ငံအတွင်းမှာ အလုပ်လုပ်လို့မရပါဘူး။ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မပါတဲ့သူ၊ ရက်ကျော်ပြီးနေထိုင်တဲ့သူတွေကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး ၂၀၂၄ စက်တင်ဘာလကစလို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်လိုသူတွေကို တရုတ် လုပ်ငန်းရှင်တွေက ထောက်ခံစာတွေနဲ့ ခေါ်ယူပါတယ်။

ကြံခုတ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စက်ရုံနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် တရုတ်လုပ်ငန်းရှင်တွေက မြန်မာလုပ်သားတွေကို ထောက်ခံစာတွေနဲ့ ခေါ်ယူပြီး တရုတ်အာဏာပိုင်တွေကလည်း နားလည်မှုနဲ့ နေထိုင် အလုပ်လုပ်ခွင့် ပေးတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ လုပ်သားတွေကို ပွဲစားတွေကနေတစ်ဆင့် ခေါ် ယူတာကြောင့် မူဆယ်မြို့မှာ အလုပ်သမားခေါ်ယူရေး ဈေးကွက်ခေတ်စားလာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာ - တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်။ (Photo: RFA)
မြန်မာ - တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်။ (Photo: RFA)

အလုပ်သမားတစ်ယောက် ခေါ်ယူစရိတ်က မြန်မာငွေ သိန်းနှစ်ဆယ်နီးပါးနဲ့ ညီမျှတဲ့ တရုတ်ယွမ် နှစ်ထောင်ကနေ သုံးထောင်အထိ ပေါက်ဈေးရှိနေတာပါ။

တရုတ်လုပ်ငန်းရှင်က ပွဲစားတွေကို စရိတ် ကြိုထုတ်ပေးပြီး အလုပ်သမားတွေရတဲ့ လခတွေကနေ လစဉ်ပြန်ဖြတ်ပါတယ်။

ရွှေလီမှာ အလုပ်လုပ်မဲ့ မြန်မာနိုင်ငံသားတွေဟာ အခြေခံလစာ မြန်မာငွေ ရှစ်သိန်းနီးပါးရှိတဲ့ တရုတ်ယွမ် ၁၂၀၀ ရရှိမှာဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်သူတွေက ဒီထက်ပိုရကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာလုပ်သားတစ်ယောက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပေးတဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ရဖို့ လနဲ့ချီ စောင့်ရပြီး တရုတ်လုပ်ငန်းရှင်ရဲ့ ထောက်ခံချက်ရဖို့အတွက် အနည်းဆုံး သုံးလေးလ စောင့်ရပါတယ်။

ပွဲစားတွေဆီက စရိတ်နဲ့ နေထိုင်စရာ ရတဲ့သူတွေအတွက် အလုပ်ခေါ်ချိန်အထိစောင့်ရတာ ပြဿနာမရှိပေမဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ပွဲစားနောက် လိုက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ မူဆယ်မြို့မှာ နေထိုင်ဖို့ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

တရုတ်ဘက်ဝင်ဖို့ မူဆယ်နဲ့ ကျယ်ဂေါင်မှာ မြန်မာနိုင်ငံသားတွေ နေ့စဉ်တန်းစီ

တရုတ်နိုင်ငံထဲ မြန်မာရွှေ့ပြောင်း အလုပ်သမားထောင်ချီ နေ့စဉ်ဝင်ရောက်နေ

တရုတ်နိုင်ငံက မြန်မာအလုပ်သမားနှစ်ရာကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ


ဒါကြောင့် အချိန်ကုန်သက်သာတဲ့ တရားမဝင်လမ်းကြောင်းကနေ ပွဲစားခ မြန်မာငွေ ခြောက်သိန်းကနေ သိန်းနှစ်ဆယ်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ တစ်ထောင်ကနေ သုံး ထောင်အထိပေးပြီး တရားမဝင် လမ်းကြောင်းကဝင်ရောက်တာ ပိုများလာတယ်လို့ ရွှေလီမြို့မှာ အလုပ်ရဖို့ စောင့်ဆိုင်းနေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ယောက်က ပြောပါတယ်။

“တချို့က အမြန်စနစ်နဲ့ပေါ့၊ ခိုးပေါက်ကနေဆိုရင် တရုတ်ငွေ နှစ်ထောင်၊ သုံးထောင်နဲ့ ကြံခုတ်တို့ ဘာတို့ ယာယီခေါ်တာကို ခိုးပေါက်ကနေ သွားတာများတယ်။ ဒီတရားဝင်ကျတော့ တရုတ်ငွေ သုံး၊ လေးထောင်လည်း ပေးရသေးတယ်။ သူဌေးလာခေါ်မှာ သွားရတာဆိုတော့ စောင့်ရသေးတယ် ပြီးမှ ဝင်လို့ရတာပေါ့။ ခိုးပေါက် ကကျတော့ ဒီနေ့သွားရင် ဒီနေ့ရတယ်။ တချို့လည်း သူတို့ဖမ်းတယ် ဖမ်းရင် ထောင်တွေဘာ တွေချတယ်။ လက်ရှိ အထဲမှာ နေတဲ့ အစ်ကို တစ်ယောက်တော့ ထောင်ကျနေတယ်။ ဘယ်သူနဲ့မှ အတွေ့မခံဘူးပြောတယ်”

ခိုးပေါက်တွေကနေ မြန်မာနိုင်ငံသားတွေ အဝင်များလာပြီးနောက်ပိုင်း ရွှေလီမြို့က အလုပ်ရုံတွေ ၊ စက်ရုံတွေနဲ့ နေအိမ်တွေအတွင်းကို တရုတ်ရဲတွေက ပိုမို ဝင်ရောက်စစ်ဆေး ဖမ်းဆီးလာတယ်လို့ ရွှေလီမှာရှိတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။

တစ်ခါသုံး နယ်စပ်ဖြတ်သန်းခွင့်ကတ်နဲ့ ဝင်ရောက်လာသူတွေကို တင်းကျပ်ဖို့ အလုပ်ရှင်က ထုတ်ပေးတဲ့ ထောက်ခံစာတွေကိုပါ ပိုမိုစိစစ်တဲ့အတွက် အရင်လို အလွယ်တကူ ထုတ် မပေးတော့ဘူးလို့ ရွှေလီမြို့မှာ ရှိတဲ့ မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူ တစ်ယောက်က ပြောပါတယ်။

“တရုတ်နိုင်ငံက အခုနောက်ပိုင်း တစ်ပတ်ကတ်နဲ့ဝင်ခွင့်ကို ထိန်းချုပ်လိုက်တယ်။ ထိန်းချုပ်လိုက်တယ်ဆိုတော့ ဝင်ဖို့ အတော်ခက်ခဲသွားပြီး။ အရင်က တစ်ပတ်ကတ်ရရင် ဝင်ချလာလို့ရတယ်။ အခုကျတော့ ဒီဘက်က စက်ရုံ အလုပ်ရုံက ပိုင်ရှင်ကိုယ်တိုင်ဝင်ခွင့်ပေါနော့် ခေါ်စာနဲ့မှရတာ။ အဲဒါလည်း အရင်တုန်းက လွယ်တယ်။ အခုကျ တော့ အဲဒီခေါ်စာက လုံးဝကိုမကျတော့ဘူး။ အဲတော့ ဘာဖြစ်ကြလဲဆိုတော့ ခိုးဝင်ကြတယ်။ နေ့တိုင်းခိုးဝင်၊ နေ့တိုင်း အဖမ်းခံနေရတယ်”

ဖမ်းဆီးခံရသူတွေ များလာတာကြောင့် ရွှေလီမြို့က ထောင်တွေမှာ လူမဆံ့တဲ့အတွက် ရွှေလီနဲ့နီးတဲ့ ရင်ကျန်းမြို့ က ထောင်ကို ရွှေ့ပြောင်းတာတွေလည်း ရှိတယ်လို့ မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ရွှေလီနဲ့ ရင်ကျန်းမှာ မြန်မာ အလုပ်သမားအနည်းဆုံး တစ်ထောင်ကျော် ထိဖမ်းဆီးခံထားရပြီး အမှုအလိုက် ထောင်ဒဏ်သုံးလကနေ တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရသူတွေလည်း ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ရွှေလီမှာ ရှိတဲ့ မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

တရုတ်က ဒီလို တင်းကျပ်ထားတာကြောင့် ခေါ်စာတွေ ရောက်မလာသေးချိန်မှာ မြန်မာလုပ်သား ထောင်နဲ့ချီ မူဆယ်မြို့မှာ သောင်တင်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မူဆယ်မြို့ သိန်းသန်းချီ ကားဝင်းမှာ ပွဲစားတွေက အမျိုးသမီးနဲ့ လူငယ်တွေ အပါအဝင် လူ ငါးရာလောက်ကို ပိတ်လှောင်ထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။

“မူဆယ်မြို့မှာဆိုရင် အဲဒီကားကြီးကွင်းမှာ အမျိုးသမီးနဲ့အတူပေါ့နော် လူလတ်ပိုင်းတွေ ငါးရာကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေကို ကျွန်မတို့ စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ တချို့က ထွက်ပြေး လွတ်မြောက်တယ် တချို့ကတော့ ကျန်နေသေးပါတယ်။ စားဝတ်နေရေးကို ဖြေရှင်းဖို့ ကျပ်တည်းလာတဲ့ သူတွေက အလုပ်ပေးမယ်ဆိုတဲ့သူတွေ နောက်လိုက်လာကြတယ်။ မျှော်မှန်းသလို မဖြစ်လာတော့ တရုတ်ဘက်ကလည်း နယ်စပ်တွေကို ပိတ်ပင်လာတယ် သွားလာလို့မရတော့ ပိတ်ပင်ခံထားရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်”

၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ထားပြီး မူဆယ်မြို့ကတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ လူ ငါးရာနီးပါး ပိတ်လှောင်ခံထားရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်ဘက်က ဖမ်းဆီးနေပေမဲ့ မြန်မာနယ်စပ် မူဆယ်မြို့မှာတော့ ရွှေ့ပြောင်းလုပ်သား ထောင်နဲ့ချီပြီး တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်ဖို့ နေ့စဉ်လိုလို စောင့်ဆိုင်းနေကြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေကတော့ မြန်မာလုပ်သားတွေဟာ တိတိကျကျ မချိတ်ဆက်နိုင်ဘဲ တရုတ်နယ်စပ်ကို မလာကြဖို့ တိုက်တွန်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။