ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရ
2024.07.23
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံ အများစု အခုဆို ဘုရားကျောင်းမတက်နိုင်၊ ဝတ်မပြုနိုင်ကြတော့ပါဘူး။
ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အအုံအများစုကို ပြန်ပြီး မပြင်နိုင်သေးတာကြောင့် ဒေသခံ ခရစ်ယာန်ဘာသာဝင်တွေဟာ နေအိမ်တွေ၊ လူအများစုဝေးလို့ရတဲ့ နေရာမျိုးတွေမှာ လူစုပြီး ဝတ်ပြုဆုတောင်းကြသလို တချို့ကတော့ အခုချိန်ထိ ဘုရားကျောင်း မတက်နိုင်ကြသေးဘူးလို့ ဒေသခံတွေနဲ့ ဘာသာရေးခေါင်းဆောင် တွေက RFA ကို ပြောပါတယ်။
"စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုင်း ဘာသာရေးအဆောက်အအုံကို ပစ်မတ်ထားတိုက်ခိုက်တာက တိုက်ဆိုင်တဲ့ တိုက်ခိုက်မှုမဟုတ်ဘူးပေါ့လေ"
ပျက်စီးနေတဲ့ ဘုရားကျောင်းတချို့ကို လုံခြုံရေးအရ ပိတ်ထားရတယ်လို့ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာလွန်မှုန့်က ပြောပါတယ်။
"ဟုတ်ကဲ့ လောလောဆယ်တော့ အခြေအနေက ပိုပြီးဆိုးရွားလာတဲ့အတွက် ပျက်စီးတဲ့ဟာတွေ ဘာမှပြုပြင်ခြင်း မရှိပါဘူး။ ဒီတိုင်းပဲ ဆက်နေတုန်းမှာပဲ၊ လုံခြုံရေးအရ တချို့ဟာတွေက ပိတ်ထားရတာရှိတယ်။ သို့သော် နည်းနည်း ပိုပြီးလွတ်လပ်တဲ့နေရာမှာတော့ ပုံမှန် ဘုရားကျောင်းတက်ကြတယ်။ ဒါပေမဲ့ ဘုရားကျောင်း မတက်နိုင်တဲ့သူလည်း ပိုများနေတယ်"
ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေကို ပိတ်ထားရတာရှိသလို တချို့ကတော့ ပြန်လည်ပြုပြင်လို့ မပြီးသေးတာကြောင့်လည်း ဒေသခံတွေ ဘုရားကျောင်းတက်ဖို့ ခက်ခဲနေတာပါ။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စာရင်းတွေအရ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ဧပြီလအထိ စစ်ကောင်စီ တိုက်ခိုက်မှု တွေကြောင့် ပျက်စီးသွားတဲ့အထဲမှာ ဘာသာရေးအဆောက်အအုံ ၁၁၆ လုံး ပါဝင်ပါတယ်။ စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ၀င်ရောက်တပ်စွဲပြီး ဖျက်ဆီးတာတွေကြောင့် အခုလိုပျက်စီးခဲ့တာလို့ CHRO က ဆိုပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ထဲမှာ ထန်တလန်မြို့နယ်က ပျက်စီးမှု အများဆုံးဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ တွန်းဇံမြို့နယ်တွေက အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။
မေလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ တွန်းဇံမြို့နယ် လုံတပ် ကျေးရွာက RC ဘုရားကျောင်းနဲ့ ဖိုင်တူရွာက ဇိုနှစ်ခြင်းအသင်းတော် (ZBA) ခရစ်ယာန်ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါ တယ်။ အခုချိန်ထိ ဒီဘုရားကျောင်းတွေကို ပြန်လည်ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။
တွန်းဇံမြို့နယ် ဇိုနှစ်ခြင်းခရစ်ယာန်အဖွဲ့ တာဝန်ရှိသူတစ်ဦးက"ဗုံးကျည်ဆန်တွေထိပြီးတော့မှ လက်နက်ကြီး ထိတာပေါ့လေ။ အခုတော့ လုံးဝကို အထဲမှာတောင် ဝင်လို့မရဘူး။ အဲလိုအခြေအနေဖြစ်တာ ဘုရားကျောင်း ပျက်စီးတဲ့ထဲမှာဆိုရင် အဲဒီဖိုင်တူကတော့ အဆိုးဆုံးပဲ" လို့ ပြောပါတယ်။
ဖိုင်တူကျေးရွာက ဒေသခံတွေ အခုထိ ဘုရားကျောင်း မတက်နိုင်ကြသေးဘူးလို့ ဖိုင်တူ၊ ဇိုနှစ်ခြင်းအသင်း တော်က သိက္ခာတော်ရဆရာ လျန်ဟောက်ခုပ်က ပြောပါတယ်။
"လက်ထောက်ပါစတာအိမ်မှာပဲ ဝတ်ပြုအစည်းဝေးလုပ်နေတယ်။ ဒါပေမဲ့ အသင်းသူ၊ အသင်းသားတွေက ကြိုးပမ်းပြီးတော့ အသစ်လို့ပြောရမလား၊ ပြုပြင်တာ အသစ်ပြန်ဆောက်တာတော့ ပြီးကာနီးပြီ။ အဲလို ဗုံးကြဲခံရတာတော့ ဝမ်းနည်းရတာပေါ့နော်"
ဖိုင်တူရွာ ဇိုနှစ်ခြင်းဘုရားကျောင်းကို မေလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားတဲ့အပြင် ဘုရားဝတ်ပြုကိုးကွယ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေလည်း အားလုံးပျက်စီးခဲ့ပါတယ်။
ဖလမ်းမြို့နယ်တွင်း ရွာတချို့က ဒေသခံတွေလည်း စစ်ဘေးကြောင့် တောင်ယာတွေထဲ ရွှေ့ပြောင်းနေထိုင်နေ ရပြီး အဲဒီမှာပဲ ဝတ်ပြုဆုတောင်းတဲ့နေရာတွေ အဆင်ပြေသလို ပြင်ဆင်ပြီး ဓမ္မဆရာတွေနဲ့ ဝတ်ပြုနေရပါတယ်။
ချင်းလူမျိုးတွေ အထွတ်အမြတ်ထား ဆုတောင်းကိုးကွယ်တဲ့ ဘုရားကျောင်းတွေ ပစ်မှတ်ထား ဖျက်ဆီးခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က ခရစ်ယာန်ဘာသာကို ခနဲ့တယ်၊ ခရစ်ယာန်ဘာသာကို စော်ကားတယ်၊ ခံလည်း ခံပြင်းတယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီဖိနှိပ်မှုအောက်က ချင်းလူမျိုးအားလုံးက လွတ်ကို လွတ်ရမယ်။ လွတ်အောင်လည်း ကျွန်တော်တို့ ကြိုးစားရမယ်လို့ ကျွန်တော် ပြောချင်ပါတယ်"
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ပျက်စီး
မတူပီ မြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံတွေ ဗုံးကြဲခံရ
ရှမ်းပြည်နယ်တောင်ပိုင်းက နှစ်လကျော်တိုက်ပွဲအတွင်း အရပ်သား ၅၅ ဦး သေဆုံး
စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရာကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
"စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုင်း ဘာသာရေးအဆောက်အအုံကို ပစ်မတ်ထားတိုက်ခိုက်တာက တိုက်ဆိုင်တဲ့ တိုက်ခိုက်မှုမဟုတ်ဘူးပေါ့လေ။ ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေးအဆောက်အအုံတွေ နိုင်ငံတကာဥပဒေတွေမှာ တားမြစ်တဲ့ မတိုက်ခိုက်သင့်တဲ့ အထွတ်အမြတ်ထားတဲ့နေရာကို ဆက်လက်တိုက်ခိုက်နေတယ်။ ဒီဟာတွေက စစ်ကောင်စီအနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေကို ဆက်ပြီးတော့ ကျူးလွန်နေတယ်လို့ မှတ်ချက်ပေးချင်ပါတယ်ဗျ"
မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူး စိုးရိမ်ရ တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ်တွင်း ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းမတက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ထားပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
၂ဝ၂ဝ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းတွေအရ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာရေး အဆောက်အအုံပေါင်း သုံးထောင်နီးပါး (၂၉၃၀) ရှိပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ ပြည်နယ်လူဦးရေရဲ့ တစ်၀က်လောက်က စစ်ဘေးတိမ်းရှောင်နေရပြီး ဘုရားကျောင်းတက် ဝတ်ပြုဆုတောင်းဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။