စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ပျက်စီး

RFA Burmese
2024.05.26
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ပျက်စီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: The Chin Journal

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်း ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မေလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးကျရောက်တာကြောင့် ဘုရားကျောင်းတွေအပါအဝင် ဘာသာရေးအဆောက်အအုံ ၁၁၆ ခု၊ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အအုံ ၂၆ ခုနဲ့ စာသင်ကျောင်း ၄၉ ခုတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ CHRO ရဲ့ စာရင်းအရ သိရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ထဲမှာ ထန်တလန်မြို့နယ်က အများဆုံးဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ တွန်းဇံမြို့နယ်တွေက အဆောက်အအုံတွေပါဝင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း တွန်းဇံမြို့နယ် ဖိုင်တူရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇိုနှစ်ခြင်းအသင်းတော် (ZBA) ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ခြောက်သောင်းကျော်ဟာလည်း အိန္ဒိယနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။