မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ

RFA Burmese
2024.09.16
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ JF-17/FC-1 တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်။
.

မြန်မာ့အရေး လေ့လာစောင့်ကြည့်တဲ့ Justice For Myanmar နဲ့ Info Birmanie အဖွဲ့တွေရဲ့ လေ့လာစုံစမ်းချက်တွေအရ တရုတ်နိုင်ငံပိုင် လေယာဉ် ကုမ္ပဏီ Aviation Industry Corporation of China ခေါ် (AVIC) ဟာ မြန်မာစစ်တပ် အတွက် လေယာဉ်တွေနဲ့ လက်နက် ပစ္စည်းတွေ ရောင်းချပေးနေတာ ဖြစ်ကြောင်း တွေ့ရပြီး၊ ဥရောပနိုင်ငံတွေ ပိုင်ဆိုင်တဲ့ Airbus လေယာဉ် ကုမ္ပဏီဟာ အဲဒီ တရုတ် AVIC ကုမ္ပဏီ မှာ ရင်းနှီးမြှုပ်နှံပြီး မိတ်ဖက်အဖြစ် ပူးပေါင်း အလုပ်လုပ် နေတာလည်း တွေ့ရကြောင်း ဒီနေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

"AVIC ကုမ္ပဏီဟာ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ အရောင်းအဝယ်လုပ်နေတာကို Airbus က မျက်ကွယ်ပြုထားတာ ကြာလှပါပြီ"

#AIRBUSTED လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာစစ်တပ်ကနေ အရပ်သား ပြည်သူတွေကို အလွန်အကျွံ အင်အားသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ရာမှာ အသုံးပြုနေတဲ့ ဖိုက်တာဂျက်လေယာဉ်တွေ၊ တိုက်ပွဲသုံး လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို AVIC ကုမ္ပဏီ ထုတ်လုပ်ရောင်းချပြီး၊ ဒီလေယာဉ်တွေ ပြုပြင် ထိန်းသိမ်းဖို့အတွက်လည်း နည်းပညာ အကူအညီပေးနေတာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။


ဆက်နွှယ်သော သတင်းများ

လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး

သိမ်းထားတဲ့မြို့တွေက ပြည်သူတွေ လေကြောင်းရန် ကြောက်လန့်ဆဲ

လေကြောင်းအန္တရာယ်သတိထားဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ သတိပေး


မြန်မာစစ်တပ်ဟာ မကြာခင်က AVIC ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ FTC 2000G အမျိုးအစား တိုက်ပွဲသုံး လေယာဉ်တွေနဲ့ တာဝေးပစ် ဒုံးကျည်တွေလည်း ထပ်မံပြီး ဝယ်ယူခဲ့ပြီး (Report page 9)၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မြန်မာစစ်တပ်ရဲ့ လေတပ် ၇၅ နှစ်မြောက် အခမ်းအနား မှာ FTC 2000G အမျိုးအစား လေယာဉ် ၆ စီး ကို ထုတ်ပြခဲ့တာ တွေ့ရကြောင်း (Report page 10) နဲ့ မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာ၊ နမ်းခမ်းမြို့ နဲ့ ကယားပြည်နယ်က ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့နေရာမှာ ဒီ FTC 2000G တိုက်လေယာဉ်တွေကို အသုံးပြုခဲ့တာ ဖြစ်တဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

AVIC ဟာ မြန်မာစစ်တပ်အတွက် လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ဖို့ လက်နက်တွေ အဓိက ရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ IIMM တို့ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပြီး၊ AVIC ရဲ့ ဟောင်ကောင် အခြေစိုက် ကုမ္ပဏီ AviChina မှာ Airbus ကနေ မိတ်ဖက် ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံထားတာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

“AVIC ကုမ္ပဏီဟာ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်နဲ့ အရောင်းအဝယ်လုပ်နေတာကို Airbus က မျက်ကွယ်ပြုထားတာ ကြာလှပါပြီ။ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး အကြပ်အတည်း ဖြစ်ပေါ်နေတဲ့အကြောင်း ယုံကြည်လောက်တဲ့ အထောက်အထားတွေ ပေါ်ပေါက်နေတဲ့အချိန်မှာ၊ Airbus ကုမ္ပဏီဟာ သူတို့ရဲ့ မိတ်ဖက် AVIC ကနေ မြန်မာစစ်တပ်အတွက် လက်နက်၊ လေယာဉ်နဲ့ နည်းပညာ ဝန်ဆောင်မှုတွေ ပေးနေတာကို သိထားပြီး ဖြစ်ပါလိမ့်မယ်” လို့ Justice For Myanmar ရဲ့ ပြောခွင့်ရသူ မရတနာမောင်က ပြောပါတယ်။

မြန်မာစစ်တပ်ကနေ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့နေရာမှာ တရုတ် လေယာဉ်ကုမ္ပဏီ AVIC ကနေ ပါဝင်ကူညီနေတာ ထင်ရှားတဲ့အတွက်၊ AviChina ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အခြားကုမ္ပဏီတွေ နုတ်ထွက်သွားကြတဲ့ အကြောင်း၊ Airbus ကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးနေတဲ့အပြင်၊ AVIC လက်အောက်ခံ အခြား ကုမ္ပဏီတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Airbus လေယာဉ် ကုမ္ပဏီကို စပိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ အစိုးရတွေက အချိုးကျ ပိုင်ဆိုင်တာဖြစ်ပြီး၊ ဒီနိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက် ရှုတ်ချပြီး၊ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ရပ်တန့်ဖို့ ကတိပြုထားတဲ့အတွက် အခုလို Airbus ကုမ္ပဏီက မြန်မာစစ်တပ်အတွက် လက်နက်ထောက်ပံ့နေတဲ့ တရုတ် ကုမ္ပဏီနဲ့ ပူးပေါင်းနေတဲ့ လုပ်ရပ်ဟာ၊ ဒီအစိုးရတွေရဲ့ ကတိကဝတ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာ တွေ့ရတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တပ်မတော်(လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက်နေ့တွင် တွေ့ရစဉ်။ (Myanmar Military Photo)
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တပ်မတော်(လေ) ၏ ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက်နေ့တွင် တွေ့ရစဉ်။ (Myanmar Military Photo)


Airbus ကုမ္ပဏီ နဲ့ Airbus ကို ပိုင်ဆိုင်တဲ့ အစိုးရအားလုံးအနေနဲ့ AVIC ကုမ္ပဏီကနေ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတာ ရပ်တန့်အောင် လုပ်ပေးပါ။ ဒီလို မလုပ်နိုင်ရင်လည်း Airbus နဲ့ AVIC တို့ ပူးပေါင်း အလုပ်လုပ်နေတာကို ရပ်တန့်ပေးပါလို့တောင်းဆိုတဲ့အကြောင်း မရတနာမောင်က ပြောပါတယ်။

Info Birmanie အဖွဲ့က ဂျိုဟာနာ က လည်း “Airbus ဟာ သာမန်ကုမ္ပဏီ တစ်ခုမဟုတ်ပါဘူး။ နိုင်ငံအစိုးရတွေ ပိုင်ဆိုင်ပြီး၊ စစ်ရေး ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Airbus ရဲ့ မိတ်ဖက်ကုမ္ပဏီ တစ်ခုက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ပက်သက်နေတာကို ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ အစိုးရတွေက အရေးယူ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ အစိုးရတွေအနေနဲ့ရော၊ ဥရောပ သမဂ္ဂအနေနဲ့ပါ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ထားပြီး၊ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားတဲ့အကြောင်း၊ အခုအချိန်မှာတော့ ဒီပြောဆို ထုတ်ပြန်ချက်တွေအတိုင်း အလုပ်လုပ်ပြဖို့ လိုတဲ့အကြောင်း ဂျိုဟာနာက တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။