လေကြောင်းအန္တရာယ်သတိထားဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ သတိပေး

အာဏာသိမ်းစစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့ ဒီနေ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှုံးနေပြီး လေကြောင်းနဲ့ နေ့စဉ်ရက်စက် ဗုံးကြဲတိုက်ခိုက်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ အဲဒီလုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း ပြောထားပါတယ်။

လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေသူရဲတွေအနေနဲ့လည်း စစ်ခေါင်းဆောင်ပေးတဲ့အမိန့်ကို မနာခံဖို့၊ အကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရပ်တွေမှာ မပူးပေါင်းဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့မြို့တွေကို ပြန်လည်ရရှိဖို့ လက်တုံ့ပြန်သွားမယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီလအစောပိုင်းက ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာနေတာပါ။

စက်တင်ဘာလ ၉ ရက် မနေ့ညပိုင်းမှာတင် မောင်တောမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ အကျဉ်းစခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား ၅ဝ ကျော်သေဆုံးသွားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လတ်တလောလေကြောင်းသုံး တိုက်ခိုက်နေတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC) ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ရာကျော် သေဆုံးပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။