စစ်မှုထမ်းတပ်သားသစ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံနေရ

RFA Burmese
2025.02.10
စစ်မှုထမ်းတပ်သားသစ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံနေရ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဥ်။
Telegram/ Pyithusitt Photo

အာဏာသိမ်း စစ်ကောင်စီက တပ်အင်အား ဆိုးဆိုးရွားရွား ပြုန်းတီးလာတာကို ကုစားဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီဥပဒေနဲ့ စုဆောင်းခံလိုက်ရတဲ့ တပ်သားသစ်တွေဟာ သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းစစ်မြေပြင်တွေဆီ စေလွှတ်ခံခဲ့ရသလို၊ စစ်ဆင်ရေးတွေအတွင်း အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်း လုယက်တာတွေလုပ်ဖို့ စေခိုင်းခံနေရတယ်လို့ စစ်မှုထမ်းတပ်သားသစ်တွေက RFA ကို ပြောပါတယ်။

"မီးရှို့ဆိုတဲ့အိမ်ကို ရှို့ရတယ်။ ရေနံဆီ၊ ဓာတ်ဆီနဲ့ အဲလိုနဲ့ အိမ်ခေါင်မိုးအထိတက်ပြီး လောင်းရတယ်"

ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ အိမ်ဆိုရင် ထင်း၊ နွားဆိုရင် ဟင်းဖြစ်ရမယ်ဆိုပြီး အမိန့်ပေးထားတယ်လို့ စစ်မှုထမ်းတပ်သား ကိုပြည့်စုံက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိကတော့ ရွာတွေကို ဝင်တယ်၊ ရိက္ခာမပါဘူးဆိုရင် တွေ့တာဆွဲတယ်။ ကျွန်တော်တို့မှာ ရိက္ခာမပါတဲ့အတွက် အဆင်မပြေနိုင်ဘူး။ အဲဒီအတွက် ရိက္ခာလုံလုံလောက်လောက် ယူရမယ်ဆိုလို့ ကျွန်တော်တို့ ဝင်ယူရတယ်ဗျ။ သူတို့က အမိန့်တစ်ခု ထပ်ပေးထားတယ်။ မင်းတို့မှတ်ထား၊ ငါတို့ဆီမှာ နွားဆိုတာ ဟင်း၊ အိမ်ဆိုတာ ထင်းတဲ့၊ အဲလို ပြောတယ်ဗျ“

စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) က ဆင်းခဲ့တဲ့ ကိုပြည့်စုံဟာ ပဲခူးတိုင်း အင်းတကော်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၅ ကို အပို့ခံရပါတယ်။ အဲဒီကနေတစ်ဆင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ မုံရွာမြို့ ကို ထပ်မံအပို့ခံရပြီး မုံရွာမြို့အနီး ကျေးရွာတွေကို  တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ရပါတယ်။

အင်အား ၃၀ ရှိတဲ့ သူတို့ စစ်ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်း ၂၄ ဦးပါတယ်လို့ သူက ပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်မှာတော့ ကိုပြည့်စုံ အပါအဝင် စစ်မှုထမ်းတပ်သား လေးဦးဟာ သေနတ်တွေယူပြီး အဲဒီစစ်ကြောင်းကနေ ထွက်ပြေးခဲ့ပါတယ်။

ကိုပြည့်စုံလိုပဲ စစ်မှုထမ်းတပ်သား နောက်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းဟာလည်း ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ဆင်ရေးတွေ လုပ်ခဲ့ရပါတယ်။

ဘောလခဲအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၉ လက်အောက်ခံ ဗိုလ်မှူး ကြည်ဝင်းဟန် ဦးစီးတဲ့ သူတို့စစ်ကြောင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ သူက RFA ကို ပြောပါတယ်။

“မြင်ကွင်းရှင်းအောင်ဆိုပြီး သစ်ပင်တွေဘာတွေ ခုတ်တယ်၊ အိမ်တွေဘာတွေကို မီးရှို့ခိုင်းတယ်။သူတို့ လုံခြုံအောင်ဆိုပြီးတော့ မိုင်းတွေဘာတွေ ထောင်ခိုင်းတယ်။ တစ်အိမ်ခြား၊ တစ်အိမ်ခြားလောက်မှာ မီးရှို့ထားတာတွေ၊ အုတ်နဲ့ဆောက်ထားတဲ့ အိမ်တွေဆိုရင် နံရံတွေကို အပေါက်ဖောက်ခိုင်းတယ်။ သူတို့ အဲလိုပြောတော့လည်း ကျွန်တော်တို့ လုပ်ရတာပေါ့။ မီးရှို့ဆိုတဲ့အိမ်ကို ရှို့ရတယ်။ ရေနံဆီ၊ ဓာတ်ဆီနဲ့ အဲလိုနဲ့ အိမ်ခေါင်မိုးအထိတက်ပြီး လောင်းရတယ်၊ ကျွန်တော်တို့မှာ”


ဆက်နွှယ်သောသတင်းများ

စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုရှိနေကြောင်း စစ်ကောင်စီ ဝန်ခံ

လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း


ဒီလိုစစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် တပ်သားသစ်တွေ လက်ရဲဇာတ်ရဲရှိလာအောင်လည်း WY စိတ်ကြွဆေးပြား သုံးပြားကို တစ်သောင်းကျပ်နဲ့ စစ်တပ်အရာရှိတွေက ရောင်းပေးတယ်လို့ သူက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့ကို လုံခြုံရေးယူထားတဲ့ သူတို့စစ်ကြောင်းမှာ အင်အား ၃၀၀ ကျော်ရှိပြီး အဲဒီထဲက ၂၅၀ က စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၉ ရက်မှာတော့ ကိုရဲလင်းနဲ့ နောက်ထပ် သုံးဦးဟာ အဲဒီစစ်ကြောင်းကနေ ထွက်ပြေးခဲ့ပါတယ်။

လက်ရှိ ရှေ့တန်းစစ်မြေပြင်တွေ ရောက်နေတဲ့ စစ်ကောင်စီ အင်အားရဲ့ ၇၀ ရာခိုင်နှုန်းလောက်က စစ်မှုထမ်းသင်တန်းဆင်းတွေဖြစ်တယ်လို့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေအတွင်း ပြုန်းတီးသွားတဲ့ တပ်သားဟောင်းတွေနေရာမှာ စစ်မှုထမ်းတပ်သားသစ်တွေ အစားထိုးဝင်ရောက်လာတာလို့ ကရင်နီအစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူးဒယ်နီယာက ပြောပါတယ်။

“ကျွန်တော်တို့ နယ်မှာကတော့ ပြုန်းတီးမှု၊ ကျဆုံးမှုတွေက နဂိုအဟောင်းတွေက တော်တော်များများရှိတယ်။ ပြီးတော့ သူတို့ ပို့လာတဲ့၊ တိုးလာတဲ့အင်အားနဲ့ သူတို့ ပြန်မျှဝေတဲ့အချိန်မှာ အပြောင်းအလဲက သိပ်မရှိဘူး။ ဒါပေမဲ့ ပြောင်းလဲသွားတာတစ်ခုကတော့ လူဟောင်းနဲ့ လူသစ်ပေါ့လေ။ ဥပမာ လူသစ် ၇၀ ရာခိုင်နှုန်းပါရင် လူဟောင်းက ၃၀ ရာခိုင်နှုန်း အဲလိုမျိုးဟာတွေဖြစ်လာတယ်။ ဒါကတော့ အပြောင်းအလဲတစ်ခုပေါ့”

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ချင်းပြည်နယ် ဖလမ်းမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၁ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၄၃ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်တယ်လို့ CNDF တာဝန်ရှိသူ ဆလိုင်းတင်မီထွဋ်က RFA ကို ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီရှေ့တန်းစစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းက စစ်မှုထမ်း တပ်သားသစ်တွေဖြစ်တယ်ဆိုတဲ့အချက်ဟာ မှန်ကန်တယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ ဒီတပ်သားတွေကို ရာဇဝတ်မှုတွေကျူးလွန်ခိုင်းနေတယ်ဆိုတဲ့အချက်ကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ သူက တုံ့ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်နှစ်အတွင်း စစ်မှုထမ်းသင်တန်း (၉) ကြိမ် ခေါ်ယူထားပါတယ်။ တစ်ကြိမ်ကို လူ ၅၀၀၀ စုဆောင်းတယ်လို့ ပြောဆိုထားတာကြောင့် လူ ၄၅၀၀၀ စုဆောင်းထားပြီလို့ မှတ်ယူနိုင်ပါတယ်။

တစ်နှစ်အတွင်း စုဆောင်းခဲ့တဲ့ စစ်အင်အား ၄၅၀၀၀ ဟာ စစ်မှုထမ်းဥပဒေမ ပြဋ္ဌာန်းခင်ကဆိုရင် အနည်းဆုံး သုံးနှစ်ကျော် စုဆောင်းရတယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။

ဒီအင်အားဟာ တိုက်ပွဲတွေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

“စစ်ကောင်စီက အင်အားချည့်နဲ့နေတဲ့အချိန်မှာ၊ အချိန်အတိုင်းအတာတစ်ခုမှာ လူအင်အားအများအပြားကို သူ့ဆီ ရောက်လာတဲ့အတွက် အဲဒီအကျိုးသက်ရောက်မှုကတော့ စစ်ကောင်စီတပ်အတွက် အထောက်အကူ ဖြစ်စေတယ်။နောက်တစ်ခုက တော်လှန်ရေးအင်အားစုတွေက လူ ၇၀ လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို တိုက်ရတာနဲ့ လူ ၂၅၀လောက်ရှိတဲ့ အင်အားကိုတိုက်ရတာနဲ့ တိုက်ပွဲရဲ့ သက်ရောက်မှုက အရမ်းပြောင်းလသွားတယ်။ တော်လှန်ရေးအင်အားစုတွေက ခဲယမ်းလက်နက် ချို့တဲ့ပြီးသားဖြစ်တယ်။ အဲတော့ ဒီစစ်ကြောင်း တစ်ခုကို ရင်ဆိုင်ရတဲ့အခါ ကျည်လက်နက်ခဲယမ်းအပေါ် အများကြီး သက်ရောက်မှုဖြစ်သွားစေတယ်၊ စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်တာဖြစ်တဲ့အတွက် ပြန်လည်ပစ်ခတ်နိုင်စွမ်းကလည်း ပြောင်းလဲသွားတဲ့ သက်ရောက်မှုတွေရှိတယ်”

ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Telegram/ Pyithusitt)
ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဥ်။ (Telegram/ Pyithusitt)

ဒါပေမဲ့ အများစုက အဓမ္မစုဆောင်းခံရတာကြောင့် စစ်ကောင်စီအတွက် အသက်ပေး တိုက်ခိုက်မှာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီဆောင်းပါးအတွက် စစ်မှုထမ်းတပ်သား ၂၀ ထက်မနည်းကို RFA က အင်တာဗျူးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းစုဆောင်းတဲ့အခါ လူမိုက်ဂိုဏ်းတွေနဲ့ပေါင်းပြီး ပြန်ပေးဆွဲတာ၊ လက်နက်အင်အားသုံးပြီး လမ်းကြိုလမ်းကြားတွေပါမချန် ဝင်ရောက်ဖမ်းဆီးတာတွေအထိ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

အဲဒီလို ဆန္ဒမပါဘဲ စစ်မှုထမ်းရတာကြောင့် စစ်သင်တန်းကျောင်းတွေကဆင်းပြီး ရှေ့တန်းကိုလွှတ်တဲ့အခါ ဘက်ပြောင်းခိုလှုံတာတွေရှိနေပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အဓမ္မစစ်သားစုဆောင်းခံရပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း ၁၁၉ ဦး ရှိပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။