စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

RFA Burmese
2025.01.24
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်၀တ်ပစ္စည်းများ ထုတ်ပေးနေသည်ကို တွေ့ရစဉ်။
ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ တယ်လီဂရမ်

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် ပိတ်ပင်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီနည်းဥပဒေမှာ ပုဒ်မ - ၅၉ ခုပါဝင်ပြီး ပုဒ်မ - ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားတာပါ။ အလားတူ ပုဒ်မ - ၅၀ မှာလည်း ဆေးစစ်အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ စစ်မှုထမ်း နည်းဥပဒေမှာ တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေပါလာတာကြောင့် စစ်မှုထမ်းအကျုံးဝင်သူတွေ အခက်ကြုံရနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားလို့တော့ရတယ်။ ဒါပေမဲ့ စစ်မှုထမ်းဖို့ စာရင်းသွင်းခံရတဲ့အထဲမှာ ပါနေပြီဆိုရင် စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရဘဲ ဘယ်မှသွားလို့မရတာမျိုး ဖြစ်လာမယ်။ ခရီးသွားဖို့ ကားလက်မှတ်ဝယ်ရင်တောင် စစ်မှုထမ်ရွေးချယ်ရေးအဖွဲ့ရဲ့ ထောက်ခံချက်မပါရင် ခရီးသွားလို့မရဘူး။ လက်မှတ်ရောင်းပေးမှာ မဟုတ်ဘူးဆိုတဲ့အထိ ဖြစ်လာနိုင်တယ်”

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို တစ်ဆင့်ချင်း အကောင်အထည်ဖော်နေတာ တွေ့ရပြီး နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းရမဲ့သူတွေကို ပိုပြီးခေါ်ယူတာမျိုး လုပ်လာတော့မယ်လို့ ဆိုပါတယ်။

ဒီနည်းဥပဒေအရ စစ်မှုထမ်းရမဲ့ အသက်အရွယ်ရောက်သူအနေနဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ချိန် ပျက်ကွက်ရင် သူ့ရဲ့ မိသားစုပါ စုံစမ်းစစ်ဆေးခံရမှာဖြစ်သလို ပျက်ကွက်သူဟာ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

စစ်မှုထမ်းနည်းဥပဒေပုဒ်မ - ၃၁ မှာတော့ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ဟာ အမိန့်စာ ဆင့်ခေါ်ရမဲ့သူတွေနဲ့ ပတ်သက်လို့ ဆန္ဒပြုသူတွေကို ဦးစားပေးရွေးချယ်ရမှာဖြစ်ပေမဲ့ လိုအပ်တဲ့လူအရေအတွက် မပြည့်ရင် မဲနှိုက်ရွေးချယ်တဲ့နည်း လမ်းကိုပါသုံးဖို့ ခွင့်ပြုထားပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို အခြေခံပညာကျောင်းတွေကစလို့ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချနိုင်ဖို့ကိုပါ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာမှာ နည်းဥပဒေကို ဆက်လက် ပြဋ္ဌာန်းလိုက်တာပါ။ စစ်မှုထမ်းသင်တန်းတွေကိုလည်း နည်းဥပဒေမ ပြဋ္ဌာန်းခင်ကတည်းက ပေးနေပြီး အခုဆိုရင် အပတ်စဉ် (၉) အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်ရ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း ၁၁၆၀ မှုနဲ့ ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။